Friday, July 6, 2012

လန်ဒန်ည သင်ခန်းစာ



လန်ဒန်မှာ တည်းသော ဟော်တယ်ကThe Grosvenor Hotel ဖြစ်သည်၊ အလုပ်သွားရ လွယ်ကူအောင်နှင့် classic ဖြစ်သည်ဆို၍ တည်းလိုက်ခြင်းဖြစ်သည်၊ ရှေးကျသော ဟော်တယ်ကို ခေတ်မှီမွန်းမံဒီဇိုင်းတွေ လုပ်ထားသည်၊ ဒီဟော်တယ်မှာ တစ်ချို့ ရုပ်ရှင်၊ တီဗီ ဇာတ်ကားများ လာရိုက်လေ့ရှိသည်ဆိုသည်၊ ဟော်တယ်အပြင်အဆင်က ပြတိုက်တစ်ခုထဲရောက်သွားသလို ခံစားရသည်၊ service နှင့် အခန်းအသုံးအဆောင်တွေကတော့ ပုံမှန်ပင်ဖြစ်သည်။

အပြင်မှာ မိုးတွေရွာနေသည်၊ သဲကြီးမဲကြီးဖြစ်သည်၊ လေတွေကလည်းတိုက်သဖြင့် ဒီနေ့ည ချိန်းထားသူတစ်ချို့က အစီအစဉ်ကို ဖျက်လိုက်ကြသည်၊ မိုးတွေလေတွေကြားမှာပင် ညစာထွက်စားပြီး တည်းခိုရာဟော်တယ်မှာပဲ ပြန်နားဖို့ဆုံးဖြတ်လိုက်သည်၊ မနက်ဖြန် နံနက်စောစော ခရီးထွက်ရဦးမည်၊ Gibson ရဲ့The Shadow ကို ဖတ်နေမိသည်၊ မနေ့ကလည်း Ellery Queen, The Player on Other Side ကို ဖတ်ခဲ့သေးသည်၊ စိတ်လှုပ်ရှားစရာ ဝထ္ထုတွေပဲ ဖတ်နေသဖြင့် ပျင်းလာသလို ရှိလာ၍ တီဗီဇာတ်လမ်းများကို ကြည့်ရန် တစ်ချယ်နယ်ပြီး တစ်ချယ်နယ် ကြည့်နေမိသည်၊ ဟော်တယ်က အလကားကြည့်နိုင်သော ချယ်နယ် ၃၆ ခုရှိသည်၊ အင်္ဂလိပ်၊ ပြင်သစ် အပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဘင်္ဂလီနှင့် အာရပ် ချယ်နယ်များပါရှိသည်၊ လန်ဒန်မှာ ဘင်္ဂလီများတော့ သူတို့ချယ်နယ်တစ်ခုတောင်ရှိသည်၊ ပထမတော့ သတင်းချယ်နယ်ပဲကြည့်ဖို့ လုပ်သေးသည်၊ ခုတလော သတင်းတွေကို မကြည့်ချင်ပါ၊ နောက်တော့ တရုတ်ချယ်နယ်က ဇာတ်ကားကို စိတ်ဝင်စားသွားသည်၊ နောက်ဆုံး ဂျပန် သရဲကားကို ကြည့်ဖို့ရွေးချယ်လိုက်သည်၊ အပြင်မှာ မိုးတွေရွာနေသလို အေးလည်းအေးလှသည်၊ ဟော်တယ်က တိတ်ဆိတ် နေသည်ဟုထင်မိသည်။

'ဘတ် ဘတ်၊ ဘတ် ဘတ်'၊
တံခါးကို တစ်ယောက်ယောက်က လာပုတ်သလို အသံကြားလိုက်မိသည်၊ မသေချာ၍ ဒီအတိုင်းပဲနေပြီး ရုပ်ရှင်ဆက်ကြည့်နေလိုက်သည်၊ စိတ်ထဲက ထင်တာပဲလို့ မှတ်ယူလိုက်သည်၊
'ဒေါက် ဒေါက် ဒေါက်၊ ဒေါက် ဒေါက် ဒေါက်'၊
ဒီတစ်ခါတော့ တံခါးကိုလာခေါက်သံ သေချာသွားသည်၊ ဘယ်သူလဲ ငါ့တံခါးကို လာခေါက်တာ၊
မေးခွန်းတွေကို စ စဉ်းစားမိသည်၊
ငါ့ကို လာသတ်မဲ့လူတွေလား၊ ဓါးပြတိုက်မဲ့လူတွေလား၊
လန်ဒန်မှာ ငါ့ကိုသတ်လောက်တဲ့သူ မရှိ၊ လန်ဒန်က ဓါးပြတွေက ဒီလို တံခါးခေါက်ပြီး တိုက်လေ့ရှိသလား၊
ဟော်တယ်ဝန်ထမ်းဆိုရင်လည်း ဖုန်းဆက်ပြီးမှ လာမှာ သေချာသည်၊ ဒါဆို အပြင်က တံခါးခေါက်နေတာ ဘယ်သူလဲ စိတ်ထဲမှာ မေးမိပြန်သည်၊
'ဒေါက် ဒေါက် ဒေါက်၊ ဒေါက် ဒေါက် ဒေါက်'၊ တံခါးကို ဆက်ခေါက်နေပြန်သည်၊
ယိုဒယားမှာလို တရုတ်မှာလို တံခါးခေါက်ခါ အလိုရှိလားဆိုပြီး အရောင်းအဝယ်လုပ်သူတွေ လန်ဒန်မှာရော ရှိသလား၊
မကြားဖူးပါ၊ ဒီလိုဟော်တယ်ကြီးမှာ မရှိနိုင်၊
အတွေးစုံဝင်လာသည်၊ ရုပ်ရှင်တွေ ဝထ္ထုတွေထဲကလို လိုက်စဉ်းစားနေမိသည်၊
ဟော်တယ်ဝန်ထမ်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ရမလား၊ ဒီလိုဆိုရင် မြန်မာတစ်ယောက် သတ္တိကြောင်သည်လို့ ပြောလေမလား၊
ဘာပဲဖြစ်ဖြစ် တံခါးအပေါက်က ချောင်းကြည့်ရန် ဆုံးဖြတ်လိုက်သည်၊ အပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်သည် ဘာမှမရှိ၊ ကြက်သီးတွေ ထသွားသည်၊ ဘုရား ဘုရား ဆိုပြီးရွတ်လိုက်မိသည်၊
အပြင်ဘက်က ဘာလဲ၊ အပြင်ဘက်က ဘာဖြစ်မလဲ၊ နာနာဘာဝတွေလား၊ အတွေးတွေ ဝင်လာသည်၊
‘ဟလို ဟလို’ ဆိုပြီး ခေါ်သံကြားရသည်၊ အမျိုးသမီး တစ်ယောက်၏အသံ၊ ငါ တံခါးနားရောက်နေမှန်း သူသိနေသည်ထင်သည်၊ ‘ဟလို ဟလို ငါ မင်းအကူအညီကို လိုအပ်နေလို့ ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ’၊ စကားပြောသံကို ကြားလိုက်ရသည်၊ လှည့်စားနေတာလားလို့ စဉ်းစားလိုက်မိသည်၊ နာနာဘာဝဆိုရင် သူအလိုလို အခန်းထဲ ဝင်လာမည် မဟုတ်ပါလား၊ ကော်ရစ်ဒါမှာပဲ နေလို့ရတဲ့ နာနာဘာဝပဲဖြစ်မယ်၊
ဒါပေမဲ့ လက်ကအလိုလို တံခါးလက်ကိုင်ကိုရောက်နေသည်၊  အကူအညီတောင်းနေသည် မကူညီလိုက်ပါက မကောင်းဟုထင်မိသည်၊ “မင်းဘယ်သူလဲ” ဟုမေးလိုက်မိသည်၊ ‘ငါ မင်းရဲ့အခန်းဘေးကပါ အကူအညီလိုနေလို့ပါ’၊ မဖြစ်သေးဖူး ရုပ်ရှင်တွေထဲကလို မဖြစ်အောင် ကြိုတင်ကာကွယ်မှလို့ တွေးရင်း၊ တံခါးကို အကုန်မဖွင့် ချိန်းကြိုးလေးနဲ့ခပ်ထားသေးသည်၊ အပြင်ကနေ သေနပ်နှင့်ပစ် ဓါးနဲ့မထိုးနိုင်အောင် တံခါးတစ်ဘက်တွင် နေရာယူလိုက်သည်၊ ချိန်းကြိုးအကွာအဝေး တစ်မိုက်လောက် တံခါးကိုဖွင့်လိုက်သည်။

ဟင်
တံခါးပေါက်ဝတွင် ဘယ်သူမှ မရှိ၊
ကြက်သီးတွေထလာပြန်သည်၊ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်၊
“အမယ်လေးဗျ” အော်လိုက်မိသည်၊ အိုးဂေါ့ဆိုသည့် အော်သံလည်းထွက်လာသည်၊
ဖြူဖြူကြီး ရုတ်တရက် အခန်းရှေ့ကို ရောက်လာ၍ဖြစ်သည်၊
ဆံပင်ဖားလား မျက်နှာဖြူ အဖွားအိုကြီးတစ်ယောက် ညဝတ်အင်္ကျီ အပြတ်နဲ့ လက်နှစ်ဘက်ကိုလည်း ရှေ့သို့ဆန့်ကာ တုန်တုန်ရီရီဖြစ်နေသည် ကိုတွေ့ရသည်၊
ဒါကို ရုတ်တရက်တွေ့လိုက်ရလျှင် ဘယ်သူမဆို အထိတ်တလန့် မရှိပဲ နေနိုင်မည်မဟုတ်ပါ၊
ဒါကြောင့်မို့လည်း အမယ်လေးဗျလို့ လန့်အော်လိုက်မိခြင်းဖြစ်သည်၊
သူကလည်း ကိုယ်အော်တော့ အိုးဂေါ့ဆိုပြီး ပြန်အော်သည်၊
ပထမဦးဆုံးပြောဖြစ်လိုက်သည်မှာ “မင်းလူတစ်ယောက်လား” ဆိုသည့်မေးခွန်းပင်ဖြစ်သည်၊
‘ဟုတ်တာပေါ့ ငါဟာလူတစ်ယောက်ပါ၊ ဒါဟာ တစ်စုံတစ်ရာပြဿနာပါလား’၊ သူကပြန်ဖြေ ပြန်မေးလာသည်၊
“မရှိပါဘူး၊ မရှိပါဘူး”၊ ပြန်ဖြေလိုက်သည်၊
‘ဒါပေမဲ့ ငါမှာပြဿနာရှိတယ် မင်းကူညီနိုင်မယ်လို့ ငါထင်ပါတယ်’၊ အဖွားအိုကြီးက ဆိုလာသည်၊
“ကူညီနိုင်ပါတယ်၊ စိတ်မရှိပါနဲ့ ခုနက ငါ သရဲကားကြည့်နေလို့ပါ”၊ တောင်းပန်သလို ပြောလိုက်မိသည်၊
‘ငါဟာ သရဲတစ်ယောက်နဲ့ တကယ်တူနေပါသလား’၊
“မတူပါဘူး၊ မင်းဟာ သရဲနဲ့မတူပါဘူး၊ ဒါဟာငါရဲ့ စိတ်ဖြစ်စဉ်နဲ့ဆိုင်ပါတယ်၊ လူတွေဖြစ်တတ်တဲ့သဘောပါ၊ အထဲဝင်ခဲ့ပါ”၊
တံခါးကို အကုန်ဖွင့်ပေးပြီး ဖွင့်ထားခဲ့သည်၊
အဖွားကြီးမှာ ညဝတ်အင်္ကျီ အပြတ်နဲ့ ချမ်းတုန်၍နေသည်၊ ထိုအတွက် ပိုနေသောစောင်တစ်ထည်ကို ပေးလိုက်သည်၊ စောင်ကို သူကိုယ်ပေါ်ပတ်၍ ကျေးဇူးပါပဲ ဒါတွေဟာငါ့ရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်ရတာပါဆိုပြီးရေရွတ်နေသည်၊
‘ငါအိပ်မပျော်တာနဲ့ အပြင်ကော်ရစ်ဒါထွက် လမ်းလျှောက်ထွက်ရင်ကောင်းမလားဆိုပြီး အခြေအနေ ထွက်အကြည့်မှာ တံခါးကပြန်ပိတ်သွားတယ်၊ ငါ့မှာ သော့ကဒ်မပါခဲ့ဘူး၊ တံခါးခေါက်ပြီး အခန်းဖေါ်ကိုနိုးပေမဲ့ သူကအိပ်မောကြနေလို့ ဘယ်လိုမှ နိုးလို့မရဘူး၊ ဒီလိုပုံစံကြီးနဲ့လည်း ဧည့်ကြိုကောင်တာကို မသွားချင်ဘူး၊ ငါ့အခန်းဖေါ်ကို တယ်လီဖုန်းနဲ့ နိုးရအောင်၊ မအိပ်သေးတဲ့ အခန်းကိုလိုက်ရှာပြီး အကူအညီတောင်းရအောင် ထွက်ခဲ့တာ မင်းအခန်းထဲက တီဗီအသံကြားတာနဲ့ တံခါးခေါက်ပြီး အကူအညီတောင်းမိတာပါ’၊ အဖွားကြီးက ရှင်းပြသည်၊
“ရပါတယ် မင်းအခန်းကို ဖုန်းဆက်ကြည့်လေ”၊ ခွင့်ပေးလိုက်သည်၊
အဖွားကြီးက အခန်းကို ငါးမိနစ်လောက် ဖုန်းခေါ်သော်လည်း အိပ်နေသော သူ့အခန်းဖေါ်က မနိုးပါချေ၊ နောက်ဆုံး ကျနော်က မန်နေဂျာဆီကို ဖုန်းဆက်ဖို့ အကြံပြုရာ၊ အဖွားကြီးက မန်နေဂျာဆီဖုန်းဆက်ပြီး ရှင်းပြရာ ဝန်ထမ်းတစ်ယောက်လာ၍ သော့ကဒ်တစ်ခု လာပေးမည်ဟုဆိုသည်။

သော့ကဒ်လာပေးမဲ့သူကို စောင့်ရင်း ကျနော်တို့ စကားစမြည်ပြောဖြစ်ကြသည်၊ အမေရိကား အီလီနွှိုက်ကဖြစ်ပြီး အငြိမ်းစားကျောင်းဆရာမ တစ်ဦးဖြစ်ကြောင်း သိရသည်၊ သော့ကဒ်လာပေးသော ဝန်ထမ်းလာသောအခါ ကျနော်ကပဲ ဘောက်ဆူး ငါးပေါင်ပေးလိုက်သည်၊ အဖွားကြီးချမ်းနေ၍ ကော်ဖီဖျော်တိုက်လိုက် ရသေးသည်၊ အဖွားကြီးပြန်သွားသောအခါ ညသန်းခေါင်လောက်ရှိပြီ ဖြစ်သည်၊ အိပ်ဖို့ကြိုးစားရာ ထိတ်လန့်ခဲ့သော စိတ်တွေကြောင့် အိပ်မပျော်ဖြစ်ရသည်၊ ဒီလိုနဲ့ပဲ လက်ဆောင်ပေးရန် ဝယ်လာသော ဂျာမန်ဝိုင်တစ်လုံးကို ဖေါက်လိုက်ရသည် အိပ်ဆေးအတွက်ဖြစ်ပါသည်။

ဝိုင်သောက်ရင်း အိပ်ဖို့ကြိုးစားရင်း ဒီညဖြစ်ခဲ့သော အဖြစ်တို့ကို ပြန်စဉ်းစားမိနေသည်၊
တကယ်တော့ ဖတ်ခဲ့သော စာအုပ်များ၊ ကြည့်ခဲ့သော ရုပ်ရှင်နှင့်တီဗီ ဇာတ်လမ်းများက စိတ်ကိုဖမ်းစားသွားခြင်းဖြစ်သည်၊ သေသေချာချာ ဘာကိုမှ မစဉ်းစားမိတော့ပဲ၊ ဆုံးဖြတ်ချက်တွေလည်း ကိုးယိုးကားယား ဖြစ်သွားခဲ့သည်၊ လူတွေရဲ့ စိတ်သည် ဟန်ဆောင်မှန်းသိလျှက်နဲ့ တကယ့်အဖြစ်လို့ထင်နေမိသည်၊ ညာနေမှန်းသိလျှက်နဲ့ အညာခံချင်ကြသည်၊ မဟုတ်မှန်းသိလျှက်နဲ့ ယုံကြည်တတ်သည်၊ သရုပ်ဆောင် ဟန်ဆောင်နေမှန်းသိလျှက်နဲ့ သနားမိသည်၊ ဝမ်းနည်းမိသည် ဒေါသဖြစ်မိသည်။

ခုလည်းကြည့်ပါ သရဲကားကြည့်နေရင်းနဲ့ အကူအညီလာတောင်းသူ တစ်ယောက်ကို သရဲထင်ပြီး မင်းလူတစ်ယောက်လားလို့ ခပ်ကြောင်ကြောင်မေးဖြစ်ခဲ့သည်မှာ စိတ်ကိုဘယ်လောက် ဖမ်းစားလွှမ်းမိုးသွားသလဲ ဆိုတာသိနိုင်သည်၊ လူ၏စိတ်ကိုဖမ်းယူလို့ရသည်ကို လှည့်စားလို့ရသည်ကို လက်ခံရပေလိမ့်မည်၊ သရဲဇာတ်လမ်းဖန်တီးသူတို့သည်၊ လူတွေ၏ ကြောက်တတ်သော အပြုအမှုတွေကို လေ့လာရသည်၊ ဒါမှ ဘယ်လိုကြောက်သွားမည်၊ ဘယ်လိုစိတ်လှုပ်ရှား ထိတ်လန့်သွားမည်ကို သိရှိဖန်တီးနိုင်မည်ဖြစ်သည်၊ ဘယ်သရဲဇာတ်လမ်းမဆို အဓိက elements ဆယ်ချက်ကို အခြေခံထားသည်၊ အဲဒီဆယ်ချက်ကတော့

  • အိုဟောင်းသော စွန့်ပစ်ထားသော အဆောက်အဦးများ၊ သင်္ချိုင်း၊ ဆေးရုံ လူသေထားသောနေရာများ၊
  • ညအမှောင် တိတ်ဆိတ်သောည
  • ရှေးဟောင်းပစ္စည်း၊ ဓါတ်ပုံ 
  • ရွေ့လျှားနေသော အရာများ Moving Objects
  • လသာည၊ လကွယ်ည ခွေးအူသံများ
  • ဝိညာဉ်ဖြစ်ခြင်း၊ သေဆုံးပုံ သေဆုံးနည်း
  • လူဘဝက အပြီးမသတ်ရသေးသော ကိစ္စများ Unfinished Business
  • အစိမ်းသေ၊  မသေသင့်ပဲသေရသူများ၊ လက်စားချေလိုမှု၊ အမှန်တရားပြလိုမှု
  • ဘုရားသခင်နှင့် ဘာသာရေးအယူအဆများ၊ တန်ခိုးပါဝါရှိသူများ
  • ကလေးများ တိရိစ္ဆာန်များတွင် ဖြစ်လေ့ဖြစ်ထရှိသည် အမြင်များ၊ မြင်နိုင်မှုများ၊
စသည်တို့ဖြစ်သည်။

ပထမဦးစွာ ဂျပန်ဖန်းတီးသူများသည် ထိုဆယ်ချက်မှ ခွဲထွက်လာခဲ့သည်၊ နောက်ဆုံး Hollywood ကပဲ အသစ်အဆန်းများကို ရှာဖွေလာကြသည်၊  အသစ်အဆန်း ဇာတ်လမ်းတို့သည် စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့သည်၊
လူတွေရဲ့စိတ်အားနည်းချက်၊ စိတ်စွဲလန်းမှုများကို အနုပညာသမားများက လေ့လာကာ အနုပညာမြောက်အောင်ဖန်တီး အသုံးချလာကြသည်။

ထိုသို့ လူတွေရဲ့စိတ်အားနည်းချက်၊ စိတ်စွဲလန်းမှုများကို ဘာသာရေးနှင့် နိုင်ငံရေးသမားများကလည်း ၎င်းတို့၏ အောင်မြင်နိုင်ရေး၊ လွှမ်းမိုးနိုင်ရေး၊ ကြီးပွားရေးအတွက် အသုံးချလာကြသည်၊ လောလောဆယ် စင်္ကာပူတွင် ဘုရားသခင်ကို အသုံးချကာ ငွေသန်း၅၀ကျော် အလွဲသုံးစားမှုကြီး၌ အစိုးရက ခေါင်းဆောင်နှင့်သက်ဆိုင်သူတွေကို တရားစွဲဆိုနေချိန်တွင် နောက်လိုက်နောက်ပါ ယုံကြည်သူများ၏ ပြောဆိုချက်များသည် ဘယ်လောက်ထိ လွှမ်းမိုးထားသည်ကို ပြသလျှက်ရှိသည်။

ဒီလိုပဲ ပြီးခဲ့တဲ့လက ကမ္ဘာကျော်အခွင့်အရေးအဖွဲ့ကြီး၏ နားလှည့်ပါးရိုက်မှုများ၊ လှုပ်ရှားသောအဖွဲ့အစည်းများ၏ မီဒီယာအခြေခံ လုပ်ကြံဖန်တီးမှုများကို ဘယ်သူတွေက ဘယ်လောက်တောင် ယုံကြည်ကြမည်မသိပေ။

ကျနော်တို့ ကြည့်တတ် မြင်တတ်ဖို့ လိုနေပါပြီ၊ ဟို အဝေးကြီးကို ကြည့်တတ်ဖို့ လှမ်းမြင်တတ်ဖို့ လိုပါပြီ၊
ဒီလန်ဒန်ညက သင်ခန်းစာပေးလိုက်ပါပြီ။

“ကျမတို့ လုပ်စရာတွေ အများကြီးကျန်သေးတယ်”
“ကျမတို့ အဝေးကြီးကို မြင်တတ်ဖို့လိုတယ်……..”

ဆိုတဲ့ပြောခဲ့တဲ့ စကားတွေကို မှတ်မိကြမယ်လို့ ထင်ပါတယ်။



အားလုံး ပျော်ရွှင်အေးချမ်းကြပါစေ။



                                                 အောက်စ်ဖို့ကျောင်းတစ်ကျောင်း
ကိုယ်ပိုင်အမှတ်တရဓါတ်ပုံများ

13 comments:

Thandar Lwin said...

ဟိုး အဝေးကြီးကို လှမ်းမြင်တတ်ဘို့ အများကြီး ကြိုးစားရပါ ဦးမယ် ။

မြသွေးနီ said...

ကိုယ်တွေ့ အဖြစ်အပျက်လေးကနေ စဉ်းစားစရာ အတွေးတွေ ရလိုက်တဲ့အပေါ် စာဖတ်သူကိုပါ ပြန်တွေးစေလိုက်သလိုပဲ။ အားနည်းချက်တွေကို အခြေပြုပြီး ကိုင်လှုပ်တတ်သူတွေ ရှိတတ်တာ သတိချပ်စရာပါ။

“ကျမတို့ လုပ်စရာတွေ အများကြီးကျန်သေးတယ်” “ကျမတို့ အဝေးကြီးကို မြင်တတ်ဖို့လိုတယ်……..”

Angelhlaing(May everybody be happy and healthy! said...

“ကျမတို့ လုပ်စရာတွေ အများကြီးကျန်သေးတယ်”
“ကျမတို့ အဝေးကြီးကို မြင်တတ်ဖို့လိုတယ်……..”
ညီမလေးလည်း
ကြိုးစားရအုံးမယ်အကို...

သိ င်္ဂါ ရ said...

စွဲလန်းစိတ် ကြောင့် ပေါ့ ... ။ ကျွန်တော်တို့ မြင်တတ်ဖို့တော့ အတော်ကို လိုနေဦးမယ် ထင်မိပါတယ် ကိုတည်ငြိမ် ရေ...

An Asian Tour Operator said...

"ထိုသို့ လူတွေရဲ့စိတ်အားနည်းချက်၊ စိတ်စွဲလန်းမှုများကို ဘာသာရေးနှင့် နိုင်ငံရေးသမားများကလည်း ၎င်းတို့၏ အောင်မြင်နိုင်ရေး၊ လွှမ်းမိုးနိုင်ရေး၊ ကြီးပွားရေးအတွက် အသုံးချလာကြသည်" တဖြည်းဖြည်း နဲ့ ဒါတွေသိသာလာတယ်။

seesein said...

အဝေးကြီးကို လှမ်းမြင်တတ်ဖို့ အများကြီးကြိုးစားရအုံးမယ်
လုပ်စရာတွေ အများကြီးကျန်သေးတယ်

blackroze said...

အကိုစိုစီရေ
လာဖတ်သွားတယ်..
လန်ဒန်ညအမှတ်တရလေးပေါ့..

ချော (အစိမ်းရောင်လင်ပြင်) said...

ဒီပိုစ့်လေးကနေ ပြောချင်တဲ့ မက်ဆေ့ကို မြင်လိုက်မိတယ်။
တကယ်တမ်းတော့ လူတွေဟာ ဆွဲဆောင်သိမ်းသွင်းရ ခက်မလိုလိုနဲ့ အင်မတန်လွယ်တယ်လို့ ပြောရမယ်နော်။ ဒါကြောင့်လည်း ကမ္ဘာမှာ အလိမ်ခံရသူတွေ များများလာတာဖြစ်မယ်။
ဘာဘဲပြောပြော သတိတမံ ဥာဏ်မြေကတုတ်ပြုပြီး ဟိုးဝေးဝေးကို လှမ်းမျှော်ကြည့်ရမယ်။။

သိင်္ဂါကျော် said...

ပတ်ဝန်းကျင် အနေအထားကလည်း စွဲလမ်းစိတ်ကို ပံပိုးတော့ ထင်ယောင်ထင်မှားတွေ ဖြစ်တတ်ပါတယ်..
တွေးစရာ ပေးချင်တာကို သိပေမယ့် အပေါ်က ဇာတ်လမ်းလေးကတော့ ရယ်စရာလေးလို့ပဲ ခံစားမိပါတယ်..။

mstint said...

ခရီးထွက်နေလို့ အခုမှရောက်လာတယ် ဆိုစီရေ။
လန်ဒန်ညသင်ခန်းစာကနေ မှတ်သားစရာတွေရသွားတယ်။
လူအများစုရဲ့အားနည်းချက်ဟာ ယုံလွယ်တတ်တာပေါ့။
အထူးသဖြင့်အမျိုးသမီးတွေ ပိုဆိုးတယ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အိချို တကယ်ဘဲသ၇ဲနဲ.တွေ.ပြီထင်တာ လန်ဒန်ညကတယ်ကိုအမှတ်တယ ပါပဲ

San San Htun said...

ဒါကြောင့် သရဲကား မကြည့်တာ..နို့ မို့  မင်းလူသားတယောက်လားလို့  မေးနေမိဦးမယ်..:P
နောက်ဆုံးစကားလေးကို တကယ်သဘောကျတယ်..

ညီလင်းသစ် said...

လန်ဒန်ညကနေ ရလိုက်တာတွေက စိတ်လှုပ်ရှားစရာ၊ ထိတ်လန့်မှုကနေ အဝေးကြီးအထိ မြင်တတ်ဖို့ အတွေးအမြင်တွေ အထိ...၊ မီဒီယာရဲ့ လွှမ်းမိုးမှု မခံရဘဲ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ ဆိုတာ ဘက်တွေအများကြီး မြင်ထား၊ သိထားဖို့ လိုမယ်လို့ စဉ်းစားမိသွားတယ်..။