Sunday, December 23, 2012

ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့



ဘုရားသခင်လည်း အတင်းပြောရင် ပြောမှာပဲဆိုပြီး
အဆင်းမလှမပတာတွေ အမြဲ ရွေးပြောနေသလား အမောင်
သတင်း အဖြစ် ပြောချင်တယ်ဆိုလည်း ပြောနေတာက အပင်းတွေဆိုတော့
အတင်း ထက်ဆိုးတယ်၊

အအူတွေကြား ဟီးရိုးတော့ ဖြစ်လာလိမ့်မယ် အမောင်
မပူပါနဲ့ တစ်ချို့ကတော့ မင်းကို ထရိုက်ချင်ကြ
နောက်တော့ အမှိုက်တစ်စလိုပဲ မြင်လိုက် ကြမှာပါ
ဘယ်လိုပဲဖြစ်ဖြစ်
ခွေးအ အချင်းချင်းတော့ချစ် သယ်ချင်း ဖြစ်သွားကြပြီမောင်၊

လက်ညှိးတစ်သိန်းကြားမှာ လက်ခုပ်သံ တစ်ချက်နဲ့
မင်းကိုယ်မင်း ပွဲလယ်တင့်တယ် ထင်လည်း
မင်းကိုယ်မင်း မှန်မကြည့်နဲ့ ရေအိုင်လေးကို ငုံ့ကြည့်
ဘုရားသခင်ပြောတဲ့ ပုံရိပ်ယောင်ဆိုတာ မင်း အဲဒီမှာ တွေ့လိမ့်မယ်၊

ဘုရားသခင်ကို ကျေးဇူးတော်တွေ အထူးတင်လို့ ကောင်းချီးပေးနိုင်သေးရင်
မင်းအရင်လို တေးရင့်တော်တွေ ကျူးပြီး မကောင်းမြင်တာတွေ နည်းနည်းရပ်ပါလားမောင်
နည်းနည်း နည်းနည်းလေးပါ အမောင်
ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့။

 
ငါတို့ဘက်က တစ်ယောက်မှ မကျဘူး သူတို့ဘက်က အားလုံးသေ
အရူးတွေပဲ ယုံကြမယ်အမောင်
ငါလုပ်တာ အမှန် သူတို့ ဘာလုပ်လုပ် အမှား
ငါရေးတာ အမှန် သူတို့ ဘာရေးရေး အမှား
ငါပြောတာ အမှန် သူတို့ ဘာပြောပြော အမှား ဆိုရင်
ဘုရားသခင်လည်း မင်းဘေးနား ရှိနေမှာ မဟုတ်ဘူး
မင်းတော့ လူတွေကို ခဲနဲ့ပေါက်ရလိမ့်မယ်
သတိထားပါမောင် မင်းခဲနဲ့ပေါက်ရမဲ့ သူတွေက လူတွေအားလုံးနည်းပါးနော်၊

မပြောင်းသေးဘူး၊ လုံးဝမပြောင်းသေးဘူး ရေးပြောဆဲဆို ရုပ်ပြအကဲပိုငို
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါဦး မင်းရော ဘာပြောင်းခဲ့သလဲလို့
ခွင် အသစ်တော့ မင်းပြောင်းရင် ပြောင်းမှာပါ အရှင်သခင်အသစ် ရှာမလို့၊

ဘုရားသခင်ကို ကျေးဇူးတော်တွေ အထူးတင်လို့ ကောင်းချီးပေးနိုင်သေးရင်
မင်းအရင်လို တေးရင့်တော်တွေ ကျူးပြီး မကောင်းမြင်တာတွေ နည်းနည်းရပ်ပါလားမောင်
နည်းနည်း နည်းနည်းလေးပါ အမောင်
ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့။

ဘုရားသခင် မွေးနေ့ပွဲ မှာပေါ့
အကောင်းတွေ နည်းနည်းမြင်ကြပါလို့၊
တစ်ရက်လောက်တော့
ကျနော်တို့ တစ်တွေ ကောင်းမွန်စွာအိပ်စက် ကြရအောင်
တစ်ရက်လေး တစ်ရက်လေးပါ အမောင်။

 sosegado

 



Saturday, November 10, 2012

နတ်သွားလမ်းက အဖြူလေး


ဒီရွာကလေးကို နတ်သွားလမ်း ရွာလေးဟု ခေါ်သည်၊ ဒီရွာလေးကို ဘာဖြစ်လို့ နတ်သွားလမ်း ရွာကလေးဟု ခေါ်ကြသည်ကို ယနေ့အချိန်မှာ ဘယ်သူမှလည်း စိတ်ဝင်စားမှု မရှိတော့ပါ၊ ပါးစပ်ရာဇဝင်မှာတော့ ရှမ်းပြည်ဘက်က နတ်တစ်ချို့ တောင်ပြုံးကိုအသွား ဖြတ်သွားတဲ့ နေရာမို့လို့ဟု ဆိုကြသည်၊ သေချာမေးလိုက်လျှင် ရေရာသော အဖြေကို ဘယ်သူမှ မပေးနိုင်ခဲ့ကြပါ၊ ကြာခဲ့ပြီပေါ့ ငါတို့အဖိုးတွေ အဖွားတွေ မတိုင်ခင်ထဲကပေါ့ စသဖြင့် ပြောဆိုတတ်ကြပါသည်၊ ဘယ်လိုပဲဖြစ်ဖြစ် နတ်သွားလမ်းရွာကလေး၏ သက်တမ်းသည် နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ၊ ယာ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသော ရွာကလေးဖြစ်သည်၊ အိမ်ခြေ၃၀ လောက်သာရှိသော်လည်း တရားရိပ်သာနှင့်တွဲနေသော ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပါသည်၊ ဘုန်းကြီးကျောင်းကိုတော့ နတ်သွားလမ်းကျောင်းလို့ ခေါ်ကြပါသည်၊ ရွာနီးပတ်ဝန်းကျင်ကလည်း ဝိုင်းဝန်း ကိုးကွယ်ကြသည်၊ ဆရာတော်ကြီးကတော့ တရားပြလုပ်ငန်းများကို အဓိက ထားသည်၊ စာပြဆရာတော် ဦးဇိနဘိဝံသကတော့ ရပ်ရေးရွာရေး ကျောင်းအရေးများကို လုပ်ကိုင်ပါသည်၊ ဤရွာမှ ကလေးများသည် သုံးတန်းထိ နတ်သွားလမ်းဘုန်းကြီးကျောင်းတွင် ပညာသင်ကြားရသည်၊ ပြီးမှ ရွာကြီးရှိ မူလတန်းကျောင်းကို ပြောင်းရသည်။

တကယ်တော့ ဒီရွာလေးနဲ့ မန္တလေးကားလမ်းသည် သိပ်မဝေးပါ၊ နွားလှည်းနဲ့ မိနစ်၃၀လောက် မောင်းလျှင် ရောက်ပါသည်၊ ထိုမှ နောက်ထပ် တစ်နာရီလောက် မောင်းသွားလျှင်  ခင်ဖုန်းဆိုသော ရွာကြီးတစ်ရွာကို ရောက်ပါသည်၊ ထိုသို့ရွာကြီးနဲ့ နီးနေသဖြင့်လည်း ဒီရွာလေးမှာ အိမ်ခြေနည်းနေရခြင်းဖြစ်သည်၊ လူဦးရေ တစ်ရာမပြည့်သော ဒီရွာလေး၏ လူဦးရေတစ်ဝက်ခန့်သည် ကလေးများဖြစ်ကြသည်၊ လူငယ်တစ်ဝက်ခန့်မှာလည်း မန္တလေးတွင် အလုပ်သွားလုပ်ကြသည်၊ ထိုကြောင့် ဒီရွာလေး၏ လူကြီးများကို ရည်တွက်၍ ရပါသည်၊ ဒီရွာလေး၏ လူကြီးလူငယ်ကလေးများသည် တစ်ဦးနဲ့တစ်ဦး မသိသူမရှိကြပါ။

နတ်သွားလမ်းဘုန်းကြီးကျောင်းတွင် ဘုန်းကြီးနဲ့အတူ ကလေးတွေကို စာပြသော ဆရာတစ်ဦးရှိပါသည်၊ သူ့ကို ဆရာလေးမျက်ခုံးလို့ ခေါ်ပါသည်၊ တကယ်တော့ သူ့နာမည်အရင်းက ကိုအောင်မြင့်ထွန်းဖြစ်သည်၊ သို့သော် သူသည် အလွန်ထူးခြားသော မျက်ခုံးမွေးများကို ပိုင်ဆိုင်သူဖြစ်သည်၊ သူ၏မျက်ခုံးမွေးများသည် ထူထူမဲနက်၍ အပေါ်သို့တက်နေပါသည်၊ တရုတ်ရာဇဝင်ကားတွေက သိုင်းဆရာကြီးတွေ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်ခုံးတွေအတိုင်းဖြစ်သည်၊ အဝေးကကြည့်လျှင် မျက်ခုံးမွေးများကို လှမ်းမြင်နိုင်ပါသည်၊ ဆရာလေးမျက်ခုံးသည် မြို့ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ဖူးသူဖြစ်သည်၊ ထိုအတွက် သူသည် ကလေးတွေကို ကကြီးခခွေး၊ အေဘီစီနှင့် တစ်နှစ်သုံးလေးကို သင်ကြားပေးနိုင်သူဖြစ်သည်၊ ဆရာတော်က အကူအညီ တောင်း၍ ကူညီ သင်ကြားပေးနေသူဖြစ်သည်၊ သူကိုယ်တိုင်ကလည်း စာပေဝါသနာပါသူ တစ်ယောက်ဖြစ်သည်၊ ကိုအောင်မြင့်ထွန်းခေါ် ဆရာလေးမျက်ခုံးသည် တစ်ဦးတည်းသောသားလည်းဖြစ်သည်၊ အဖေနှင့်အမေက သားကို ယာသမားတစ်ယောက် မဖြစ်လိုပေ၊ ယာများကို လူငှါးနဲ့လုပ်ကိုင်ကာ သားကို မြို့ကျောင်းထားသည်၊ ဒါပေမဲ့ သားကတော့ ဆယ်တန်းထိသာ သင်ကြားနိုင်ခဲ့သည်၊ ဆရာလေးမျက်ခုံးရဲ့ နောက်အလုပ် တစ်ခုကတော့ ရွာများကို သွားရောက်၍ စာအုပ်များ စာစောင်များလှည့်လည် ရောင်းချခြင်း ဖြစ်သည်၊ အဲဒီအတွက် မိဘများက တရုတ်ဆိုင်ကယ်တစ်စီးကို ဝယ်ထားပေးသည်၊ ဒီလို ဒီလိုနဲ့ ဆရာလေးမျက်ခုံးသည် အသက်၄၀ အရွယ်ထိ လူပျိုကြီးဖြစ်လို့နေသည်။

ဒီရွာကလေးကို အစဉ်အဆက် အုပ်ချုပ်လာသော ဆွေမျိုးတစ်စု ရှိပါသည်၊ သူတို့တွေကို တစ်ရွာလုံးကရော ရွာနီးချုပ်စပ်ကရော သူကြီးမျိုးတွေလို့ခေါ်ကြသည်။ အင်္ဂလိပ်ခေတ်၊ ပါလီမာန်ခေတ်တုန်းက ရွာအုပ်ချုပ်သူ သူကြီးအဖြစ် မျိုးရိုးအစဉ်အဆက်လုပ်ခဲ့ကြသည်၊ မဆလခေတ်တွင်လည်း ကောင်စီလူကြီး လုပ်ခဲ့ကြသည်၊ နဝတခေတ်တွင်လည်း ရဝတ လုပ်ပြန်သည်၊ ဒီနေ့ခေတ်မှာတော့ ရွာအုပ်ချုပ်သူသည် ဒီအမျိုးထဲကပဲ ဖြစ်ပြန်သည်၊ တကယ်တော့ ဒီရွာက လူတွေသည် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရလျှင် ဘာမှ စောဒက မတက်ချင်သူများဖြစ်သည်၊ ရုံးရေး အစိုးရရေးများကိုလည်း ဝင်ရောက် ပတ်သက်ချင်သူများ မဟုတ်ကြပါ၊ ထိုသူကြီးအမျိုးထဲတွင် ကောင်စီလူကြီးလုပ်ခဲ့သော ဦးဘကျော်ဆိုသူ ရှိပါသည်၊ နဝတခေတ် ရဝတလုပ်ခဲ့သူမှာ သူ့အစ်ကို ဦးမြကျော်ဖြစ်သည်၊ လောလောဆယ် ရွာအုပ်ချုပ်နေသူမှာ ညီအငယ်ဆုံး ဦးမင်းကျော်ဖြစ်သည်၊ ဦးဘကျော်သည် သမီးသုံးယောက် သားတစ်ယောက်ထွန်းကားပါသည်၊ သားအငယ်ဆုံးကို သမီးငယ်မွေးပြီး ဆယ်နှစ်ကြာမှ မွေးဖွားသည်၊ အငယ်ဆုံးသားလေးသည် ခုမှ ၁၅နှစ်ရှိသေးသည်၊ မြိုကကျောင်းတွင် ထားသော်လည်း ဘုန်းကြီးဝတ်ချင်သည်ပဲ ပြောနေ၍ တစ်အိမ်လုံး စိတ်ညစ်နေရသည်၊ သမီးငယ်မှာ ကျောက်ဆည်သားနဲ့ အိမ်ထောင်ကျကာ ကျောက်ဆည်မှာနေသည်၊ သမီးလတ်က ဒီရွာသား မြင့်သောင်းဆိုသူနဲ့ အိမ်ထောင်ကျကာ မိဘလက်ရိုး ယာအလုပ်ကိုပဲ လုပ်ကိုင်နေသည်။

ဦးဘကျော် တစ်ယောက်အမြဲတမ်း ခေါင်းထဲစဉ်းစားနေရသည်ကတော့ သမီးကြီး မေခင်ဦးကြောင့်ပင်ဖြစ်သည်၊ မေခင်ဦးသည် အသက်၃၅နှစ်ထဲသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်၊ ရည်းစားမရှိ ကြိုက်သူလည်း မရှိဖြစ်နေသည်၊ ဦးဘကျော်က သမီးကြီးကို တင့်တောင့်တင့်တယ် အိမ်ထောင်ချပေးနေချင်သည်၊ သမီးကြီး မေခင်ဦးတွင် ထူးခြားချက်တစ်ခုရှိပါသည်၊ အဲဒါကတော့ မေးစေ့ထောင့်တွင် မှဲ့အကြီးကြီးတစ်ခုနှင့် နဖူးအလယ် မကျတကျတွင် သိသာထင်ရှားသော မှဲ့ တစ်လုံးရှိနေခြင်းပင်ဖြစ်သည်၊ ကလေးဘဝ ကျောင်းတက်တုန်းက မှဲ့ခင်ဦး ခင်ဦးမှဲ့ ဆိုပြီး ပြောင်နောက်သဖြင့် ကျောင်းမတက်ပဲ နေဘူးသည်၊ ကောင်စီလူကြီးအဖေ ကျောင်းကို သွားကြမ်းလိုက်မှ မစမနောက်ကြသော်လည်း ကွယ်ရာတွင်တော့ ခေါ်နေကြသည်၊ ကြီးလာတော့လည်း မေခင်ဦးကို အားလုံးက မကြီးမှဲ့ မကြီးမှဲ့လို့ ခေါ်ကြသည်၊ မေခင်ဦးလည်း စိတ်မဆိုးတော့ပါ၊ ဦးဘကျော်လည်း ဘာမှ မပြောတော့ပါ။

အကျဉ်းဆိုရသော လူပျိုကြီး ဆရာလေးမျက်ခုံးနှင့် သူကြီးအမျိုး မကြီးမှဲ့တို့ နှစ်ယောက် အခြေအနေ အချိန်အခါအရ မိဘတို့ ဝတ္တရားနှင့်အညီ လက်ထပ်ထိမ်းမြားရတော့သည်၊ ဒီလိုနဲ့ မကြီးမှဲ့တစ်ယောက် ရောင်နောက်ဆံထုံးပါဆိုသလို ဆရာလေးမျက်ခုံးအိမ်သို့ ရောက်လာရသည်၊ ဆရာလေးမျက်ခုံးရော မကြီးမှဲ့ပါ ပင်ကိုယ်ရိုးသားကြသူများဖြစ်ကြပါသည်၊ အိမ်ထောင်သက်တမ်း ၂နှစ်ကျော်တဲ့အထိ ကလေးမရကြပါ၊ ဆရာလေးမျက်ခုံး၏အမေ ဒေါ်ပေါက်ပေါက် အတွက်တော့ လိုတ မပြည့်နိုင်ပါ၊ ဒေါ်ပေါက်ပေါက်တစ်ယောက် မြေးလိုချင်လှပြီဖြစ်သည်၊ သားရောချွေးမပါ အသက်ကြီးမှ အိမ်ထောင်ကျရသဖြင့် ချွေးမအရွယ်မလွန်ခင် မြေးတစ်ယောက်ရဘို့ ဒေါ်ပေါက်ပေါက် အတွက် အလွန် အရေးကြီး နေပြီဖြစ်သည်၊ ဒီလိုနဲ့ မြေးရရှိရေး စီမံကိန်းကြီးကို ဒေါ်ပေါက်ပေါက် စတင်တော့သည်၊ ကလေးမရသော ရုပ်ရှင်မင်းသား မင်းသမီးတွေ ကလေးရအောင် ဘယ်လိုလုပ်လိုက်တာ၊ ဘယ်လိုလုပ်ကြတာ စသဖြင့် ဒေါ်ပေါက်ပေါက်ကြားဖူးနေသည်၊ ဒီအတွက် ဘယ်လောက်ပင်ကုန်ကုန် မြေးရအောင် ဟိုမင်းသားလို လုပ်ရမှာပဲဆိုပြီး နည်းလမ်းရှာဖွေနေတော့သည်၊ မြေးမလေးရရင်တော့ ဒုဋ္ဌဝတီပေါက်ပေါက်လို့ နာမည်ပေးမည်လို့ စိတ်ကူးထားသည်။

ဒီလိုနဲ့ အသိအသိတွေကတဆင့် ဒေါ်ပေါက်ပေါက်တစ်ယောက် မန္တလေးက ဒေါက်တာဇော်မျိုးပွား၏ ဆေးခန်းကို ရောက်ရှိခဲ့သည်၊ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ အမေဒေါ်ပေါက်ပေါက်၏ စီစဉ်ချက်အရ ဒေါက်တာဇော်မျိုးပွားနဲ့ စစ်ဆေးပြသရသည်၊ ဒေါ်ပေါက်ပေါက်အတွက် ဝမ်းနည်းစရာကောင်းသည်က ဒေါက်တာဇော်မျိုးပွားက ဇနီးမောင်နှံ နှစ်ယောက်လုံး၏ အားနည်းချက်အရ ကလေးရအောင် မလုပ်ပေးနိုင်ကြောင်း ပြောလာသည်၊ နိုင်ငံခြားသွားပြဘို့ အကြံပေးသည်၊ ဒေါ်ပေါက်ပေါက်တို့အတွက် နိုင်ငံခြားထွက်ရအောင်လည်း မတတ်နိုင်ပေ၊ နောက်ဆုံး ဒေါ်ပေါက်ပေါက်က ဆရာရေ စွမ်းသလောက်ကူညီပါဆို၍ ဒေါက်တာဇော်မျိုးပွားက ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ကို ဆေးတစ်လစာပေးပြီး တစ်လနေ လာပြရန် ချိန်းဆိုလိုက်သည်။

××××××××××××××××××××

တရုတ်ပြည် ပီကင်းတက္ကသိုလ်တွင် သုတေသနပြုလုပ်နေသော မြန်မာဆရာဝန်တစ်ယောက်ရှိပါသည်၊ သူ့နာမည်က ဒေါက်တာလူမျိုးသန့် ဖြစ်သည်၊ ဒေါက်တာလူမျိုးသန့်သည် မျိုးရိုးဗီဇဆိုင်ရာ အားသုံးမျိုးစပ် လွန်ကဲမျိုးပွားမှုကို သုတေသနပြုနေသူဖြစ်သည်၊ အခွင့်အရေးလည်းရ ကိုယ်ကိုတိုင်က စိတ်ဝင်စားသောကြောင့် တရုတ်ပြည်တွင် သုတေသနလုပ်နေရသော်လည်း အတူတူလုပ်ကိုင်နေသူ တရုတ်များကို လုံးဝမကြိုက် မနှစ်သက်ပေ၊ ဒီတစ်ခါတော့ နေ့အားနှစ်ပတ်ယူ၍ မြန်မာပြည်ပြန်ခဲ့သည်၊ မြန်မာပြည်ပြန်ရောက်သော် သူငယ်ချင်း ဒေါက်တာဇော်မျိုးပွားရဲ့ ဆေးခန်းတွင် ဘာရယ်မဟုတ် သွားနေလေ့ရှိသည်၊ ဒီနေ့တော့ သူငယ်ချင်းဆီ လာပြသော လူနှစ်ဦးကို စိတ်ဝင်စားမိသည်၊ သူတို့ကတော့ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ပဲ ဖြစ်သည်၊ ဒေါက်တာဇော်မျိုးပွားရဲ့ စစ်ဆေးချက်အရ လင်မယားနှစ်ယောက်လုံးသည် အကြောင်းအမျိုးမျိုးကြောင့် မျိုးအောင်နိုင်သော ဥများ သုတ်ပိုးများကို မစွမ်းဆောင်နိုင်ကြပါ၊ ဆေးဝါးသောက်သုံးခြင်း ခွဲစိတ်ကုသခြင်း အစားထိုးဥတည်ခြင်းဖြင့်လည်း မလုပ်နိုင်ကြောင်း သိရသည်၊ ထိုသို့ လုံးဝမည့်သည်နည်းနဲ့မျှ ကလေးမရနိုင်သော လင်မယားနှစ်ယောက်ကို ဒေါက်တာလူမျိုးသန့် တစ်ယောက် သူ့ရဲ့ သုတေသနအတွက် စိတ်ဝင်စားမိသည်။

ဒေါက်တာလူမျိုးသန့်သည် သူရဲ့စိတ်ဝင်စားမှုကို သူ့သူငယ်ချင်း ဒေါက်တာဇော်မျိုးပွားကို ဖွင့်ပြောလိုက်သည်၊ ဒေါက်တာဇော်မျိုးပွားက ဝမ်းသာအားရစွာဖြင့် ‘မင်းသိတဲ့အတိုင်းပဲ သူတို့က ဘယ်လိုနည်းနဲ့မဆို ကလေးလိုချင်နေကြတာ’၊ လူမျိုးသန့်က
“ငါက သူတို့ကို ကယ်တလယ်ကယ်ဗီဇမျိုးစပ်ဥတည်ခြင်းကို အသုံးပြုမှာ၊ ပရယ်တီကယ်အရ ငါအောင်မြင်ခဲ့ပြီးပြီ၊ တရုတ်တွေကိုတောင် ငါပေးမသိဘူး၊ ခု ငါ သူတို့နဲ့ ကလင်နင်ကယ်လုပ်မလားလို့”၊ ဇော်မျိုးပွားကလည်း ‘ဒါဆို မင်း သူတို့နဲ့တော့ စာချုပ်တွေ ချုပ်ရလိမ့်မယ် နောင်ပြဿနာရှင်းအောင်ပေါ့၊ နောက်အပတ် မင်းမပြန်ခင် သူတို့ကို ငါပြန်ချိန်းလိုက်မယ်၊ တကယ်လို့ အောင်မြင်သွားရင် သူတို့မိသားစုအတွက် ဝမ်းသာမှုကြီးပေါ့၊ မင်းအတွက်လည်း အောင်မြင်မှုတစ်ခုပေါ့’လို့ ဆိုလိုက်သည်။

နောက်တစ်ပတ်ကြတော့ အမေဒေါ်ပေါက်ပေါက်နှင့် ဆရာလေးမျက်ခုံး၊ မကြီးမှဲ့တို့ ဆေးခန်းကို ရောက်လာကြသည်၊ ဒေါက်တာဇော်မျိုးပွားက ကလေးရရှိအောင် ဒေါက်တာလူမျိုးသန့်က ကူညီမည်ဖြစ်ကြောင်း၊ ခက်ခက်ခဲခဲ လုပ်ရမည်ဖြစ်၍ တစ်ခုခုလွဲချော်ခဲ့သော် သူတို့တာဝန်မယူကြောင်း အဲဒါကို သဘောတူလျှင် စလုပ်ကြမည်ဖြစ်ကြောင်း ရှင်းပြသည်၊ ဒေါ်ပေါက်ပေါက်တို့ ခဏလေးသာစဉ်းစားပြီး သဘောတူလိုက်ကြသည်၊ မည်သည့်နည်းနဲ့လုပ်မည်ကို မမေးကြ၊ ဟိုမင်းသားတောင် လုပ်သေးတယ်၊ မန္တလေးမှာ ဒီလိုနဲ့ရထားတဲ့ ကလေးတွေအများကြီး၊ ဒီခေတ်ကြီးမှာ မဆန်းတော့လို့ ဒေါ်ပေါက်ပေါက်ကဆိုလိုက်သေးသည်၊ ဒီလိုနဲ့ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ ဆေးခန်းတွင် တစ်ပတ်နေလိုက်ရသည်၊ ထိုနောက် ဒေါက်တာလူမျိုးသန့်က သူတရုတ်ပြည်သို့ တစ်လပြန်သွားပြီး ပြန်လာလျှင် ပြုလုပ်မှုကိုဆက်လုပ်ကြမည်လို့ဆိုသည်၊ ပြီးနောက် ဒေါက်တာလူမျိုးသန့်သည် လိုအပ်သည်များကိုယူ၍ ပီးကင်းသို့ပြန်သွားခဲ့သည်။

တစ်လကျော်ကျော် ချိန်းထားသောနေ့တွင် ဒေါက်တာလူမျိုးသန့်တစ်ယောက် ပြန်ရောက်လာပြီး မကြီးမှဲ့ကို လိုအပ်သည်များ ဆက်လက်ပြုလုပ်ပေးသည်၊ မကြီးမှဲ့တစ်ယောက် ဆေးခန်းတွင် သုံးရက်လောက် နေလိုက်ရသည်၊ ဒေါက်တာလူမျိုးသန့်က ပြုလုပ်မှုအောင်မြင်ကြောင်း၊ သေချာအောင်တော့ တစ်လလောက် စောင့်ကြည့်ရမည်ဆိုသည်၊ ဒီအတောအတွင်း ဒေါက်တာဇော်မျိုးပွားက မကြီးမှဲ့ကို စောင့်ကြည့်မည်ဆိုသည်၊ ဒေါက်တာလူမျိုးသန့်က တစ်လနေ ဒေါ်ပေါက်ပေါက်တို့ မိသားစုသတင်းကောင်းကြားရမှာ ကြိမ်းသေကြောင်း၊ သူအနေနဲ့ တရုတ်ပြည်သို့ ပြန်သွားရမှာ ဖြစ်ကြောင်း ဒေါက်တာဇော်မျိုးပွားက ကလေးမွေးတဲ့အထိ တာဝန်ယူသွားမည်လို့ ဒေါ်ပေါက်ပေါက်တို့ကို ပြောဆိုလိုက်သည်၊ ဒေါက်တာလူမျိုးသန့်ရော ဒေါက်တာဇော်မျိုးပွားပါ ပြုလုပ်မှုအတွက် ဒေါ်ပေါက်ပေါက်တို့ဆီက အခကြေးငွေမယူခဲ့ပါ၊ ဒေါက်တာဇော်မျိုးပွားက ဆေးခန်းအတွက် ပုံမှန်လူနာတစ်ဦးပုံစံအတိုင်း ကုန်ကျငွေကို တွက်ယူခဲ့သည်။

ဒီလိုနဲ့ မကြီးမှဲ့တစ်ယောက် ကိုယ်ဝန်ရရှိလာသည်၊ တစ်ရွာလုံးတွင် ဟိုးလေးတစ်ကြော်ဖြစ်သွားသလို၊ နှစ်ဖက်မိဘ ဆွေမျိုးတွေကလည်း ဝမ်းသာမဆုံးပါ၊ ဝမ်းအသာဆုံးကတော့ ဆရာလေးမျက်ခုံးအမေ ဒေါ်ပေါက်ပေါက်ဖြစ်ပါသည်၊ သူရဲ့စွမ်းဆောင်မှုအတွက် ဂုဏ်ယူမဆုံး ကြွားမဆုံး ဖြစ်လို့နေသည်။

××××××××××××××××××××

ဒီလိုနဲ့ မကြီးမှဲ့ ကလေးမွေးရမည့်နေ့ကို ရောက်လာသည်၊ ဆရာဝန် ဒေါက်တာဇော်မျိုးပွားရဲ့ အစီအစဉ်အရ ခွဲမွေးရသည်၊ အမျိုးတွေ အဆွေတွေ ဆေးခန်းတွင် ပြည့်လို့နေသည်၊ ကိုယ်ဝန် ရှစ်လကျော်ကျော်နဲ့ မကြီးမှဲ့တစ်ယောက် ကလေးမွေးဖွားရခြင်းဖြစ်သည်၊ ဘုရားစာရွတ်သူ၊ အတင်းပြောနေသူ၊ ဟိုအကြောင်း ဒီအကြောင်းပြောနေသူများဖြင့် ဆေးခန်းတစ်ခုလုံး ထိုနေ့က ဆူညံနေသည်၊ မွန်းလွဲတစ်နာရီ ဆယ်မိနစ်တွင် ခွဲစိပ်မွေးမှု ပြီးဆုံးသွားသည်၊ သားယောက်ျားလေးမွေးကြောင်း ဆရာမတစ်ယောက်က ကြေညာပေးသည်၊ အားလုံးက ဝေးကနဲ အော်ကာ ဂုဏ်ပြုလိုက်ကြသည် ရွာဓလေ့ပင်ဖြစ်ပါသည်၊ နောက်တော့ ဆရာဝန်က ကြည့်ခွင့်မပေး၍ ကလေးကိုကြည့်လို့မရဟု ဆိုသည်၊ ကြည့်လို့မရသေးဘူးဆိုမှ အားလုံးက ကြည့်ချင်ကြတယ်၊ နောက်ဆုံး နှစ်ဘက်ဆွေမျိုးတွေကို ဦးဘကျော်က ပြန်ကြပါ မနက်ဖြန်မှ ကလေးနဲ့ ကလေးမိခင် ရွာပြန်လာမယ်ဆိုပြီး အားလုံးကိုပြန်ခိုင်းသည်၊ ဒေါ်ပေါက်ပေါက် မျက်နှာမကောင်းကြောင်း အားလုံးသတိထားမိသည်၊ သို့လောသို့လော အတွေးများဖြင့် အမျိုးတွေ အဆွေတွေ ရွာပြန်သွားကြသည်။

ထိုနေ့ညပိုင်းမှာပင် ရွာထဲတွင် သတင်းထွက်လာသည်၊ မကြီးမှဲ့ အင်္ဂလိပ်လေးမွေးလို့တဲ့၊ မကြီးမှဲ့ ဘိုလေးမွေးလို့တဲ့၊ မကြီးမှဲ့ လူဖြူလေးမွေးလို့တဲ့၊ တဲ့တဲ့ဆိုသော ထိုသတင်းကြောင့် ရွာကလူတော်တော်များများ ညတော်တော်နဲ့ မအိပ်ဖြစ်ကြပါ၊ လျှို့ဝှက်ချက်ပေါက်ကြားမှုသည် လူတွေအတွက် စိတ်အလှုပ်ရှားဆုံးနှင့် အပြောချင်ဆုံးဖြစ်သည်၊ ဘာလို့ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ကလေးက လူဖြူကလေး ဖြစ်နေရတာလဲ၊ တွေးတော ပြောဆိုမှုများသည် ထိုညက နတ်သွားလမ်းရွာကလေး၏ အိမ်တိုင်းတွင် ကြီးစိုးထားခဲ့သည်။

မနက်မိုးလင်းသောအခါ ဘယ်သူမှ မရှိသော ဆရာလေးမျက်ခုံး၏ အိမ်ရှေ့တွင် လူတော်တော်များများ ရောက်ရှိနေကြသည်၊ မနက်ဆယ်နာရီလောက်တွင် လူတွေပိုများလာသည်၊ လူတွေ၏ သူများအကြောင်း သိချင်စိတ် ဆိုမလား၊ အထူးအဆန်းကို သိချင်စိတ် ဆိုမလား၊ အရင်မြင်ဖူးလိုက်ချင်သည့်စိတ် ဆိုမလား၊ ထိုစိတ်တွေကြောင့် အလုပ်ပစ်အကိုင်ပစ် ကိုယ်စားရိတ်နဲ့ကိုယ် ရောက်လာကြသည်၊ မွန်းတည့်ချိန်မှာတော့ ရွာအုပ်ချုပ်သူ ဦးမင်းကျော်နဲ့ ရွာအရန်မီးသတ် ကိုသက်ပိုင်တို့ ရောက်လာပြီး လူတွေကို အတင်းပြန်လွတ်သည်၊ တစ်ချို့က မပြန်ချင်သလို လုပ်နေကြသဖြင့် ဦးမင်းကျော်က ပိုင်နက်ကျုးလွန်မှု ရပ်ရွာအေးချမ်းမှုကို နှောက်ယှက်မှုဖြင့် ဖမ်းမည်ဆို၍ ပြန်သွားကြသည်၊ ညနေပိုင်းလောက်တွင် ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့သားလေး လူဖြူလေးကို ဆရာတော်ဘုန်းကြီးဆီ ပြနေသည့်သတင်း ပျံ့နှံ့သွားပြန်သည်၊ ထိုသတင်းကြောင့် ဘုန်းကြီးကျောင်းသို့ လူအများ ရောက်ရှိလာသည်၊ လူများလာသဖြင့် စာချကိုယ်တော်၊ ရွာလူကြီးများ၊ အရန်မီးသတ်နှင့် ကိုရင်ကြီးများက ဝင်ထိန်းလိုက်ရသည်၊ ထိုနောက် ရွာအုပ်ချုပ်ရေး အထူးအစည်းအဝေးခေါ်ကာ၊ ရွာအုပ်ချုပ်သူ ဦးမင်းကျော်က ဆရာလေးမျက်ခုံး၏ အိမ်ပတ်လည် ကိုက်၅၀အတွင်း မည်သူမျှခွင့်ပြုချက်မရှိ မသွားရန် မဝင်ရန် အမိန့်ထုတ်လိုက်သည်၊ အရန်မီးသတ်ကလည်း အလှည့်ကျ လုံခြုံရေးယူလိုက်သည်။

ဘယ်လိုပင် တားထားသော်လည်း ငါးရက်လောက်တွင် တစ်ရွာလုံးနည်းပါး ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့သားလေး လူဖြူလေးကို မြင်ဖူးသွားကြပြီဖြစ်သည်၊ ထိုအခါ အားလုံးမငြင်းနိုင်သည့် အရာများ ရှိလာတော့သည်၊ ထိုအရာကား ထိုကလေးလေးသည် ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ကလေး ဖြစ်ကြောင်းကိုပင် ဖြစ်သည်၊ မငြင်းနိုင်သည့်အကြောင်းကတော့ လူဖြူလေး၏ အသားရောင်၊ မျက်နှာပေါက်၊ ဆံပင်အရောင်တို့သည် အနောက်တိုင်းသားတို့ကဲ့သို့ ဖြစ်နေသော်လည်း လူဖြူလေး၏ မျက်ခုံးများသည် ဆရာလေးမျက်ခုံးနှင့် တစ်ပုံစံထဲပင်ဖြစ်ပြီး၊ မေးစေ့အောက်နားတွင်လည်း မှဲ့ကြီးတစ်ခုပါနေသည်၊ ဒါအပြင် နဖူးအလယ်တွင်လည်း မှဲ့ကလေးရှိနေပြန်သည်၊ သူ့အမေနဲ့အရောင်ပဲကွဲသည် ဒီမှဲ့ကအနီရောင် ဖျော့ဖျော့ဖြစ်သည်၊ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရွာလုံးက ဒီကလေးလေးကို အဖြူလေး အဖြူလေးလို့ ခေါ်ကြတော့သည်၊ တစ်ချို့က မျိုးရိုးလိုက်ကာ မှဲ့ခုံးဟု ခေါ်ချင်ကြသော်လည်း အားလုံးက အဖြူလေးလို့သာ ခေါ်ကြသဖြင့် အားလုံးလိုက်ကာ အဖြူလေး ဖြစ်လို့သွားသည်။

လများ အကြာမှာတော့ အဖြူလေးသည် ရွာအတွက် အထူးအဆန်းမဟုတ်တော့ပါ၊ ဒီလိုနဲ့ အဖြူလေးသည် နတ်သွားလမ်းရွာတွင် ကြီးပြင်းခဲ့သည်၊ အဖြူလေးသည် တခြားကလေးများထက် နည်းနည်းထွားသည်၊ အရပ်လဲ ပိုရှည်သလိုဖြစ်သည်၊ အကြောင်းအမျိုးမျိုးကြောင့် အဖြူလေးကို တစ်နှစ်ပြည့်မွေးနေ့မှာပဲ နာမည်ပေးဖြစ်ကြသည်၊ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ နှစ်ဘက်မိဘဆွေမျိုးများ နာမည်အပေါ် သဘောတူညီမှု မရ၍ ဖြစ်သည်ဟု ဆိုကြသည်၊ ခုပေးမည့် နာမည်ကိုတော့ ဆရာတော်ဘုရားက ပေးသည်၊ ဆရာတော်ပေးသည် နာမည်က ရန်အောင်ဦး ဖြစ်သည်၊ ဘုန်းကြီးပေးချင်တာကတော့ ရန်အောင်လို့ဖြစ်သည် ဒါပေမဲ့ တစ်ဘက်က ဦးမဟုတ်ရင်ကျော်ပါမှ ဖြစ်မည်ဆို၍ နောက်ဆုံးတွင် ဦး ထဲ့ပေးလိုက်ခြင်းဖြစ်သည်၊ ထိုနာမည်သည် စာရွက်ထဲမှာသာရှိပြီး ဘယ်သူမှ မခေါ်ကြပါ၊ အားလုံးကတော့ အဖြူလေး လို့ပဲ ခေါ်ကြပါသည်။

××××××××××××××××××××

ဒီလိုနဲ့ အဖြူလေး ၅နှစ်ပြည့်တော့ ကျောင်းတက်ကာ သူငယ်တန်း စနေရသည်၊ ရွာဘုန်းကြီးကျောင်းမှာပင်ဖြစ်သည်၊ ဆရာကလည်း အဖေကိုယ်တိုင်ဖြစ်သည်၊ အတန်းထဲ နာမည်ခေါ်လျှင် ရန်အောင်ဦးဆို ဘယ်တော့မှ ပြန်မထူး၊ အဖြူလေးဆိုလျှင် ချက်ချင်းပြန်ထူးသည်၊ အဖြူလေးသည် ကလေးတို့ သဘာဝဆော့သလား မမေးနဲ့ သူ့အဖေ ဆရာလေးမျက်ခုံး တော်တော်ထိန်းရသည်၊ တရွာလုံးလဲ သူ မရောက်ဖူးသောအိမ် ရှားသည်၊ အဖြူလေးသည် လူများကို အမြဲပြုံးပြလေ့ရှိသည်၊ လူစိမ်းသူစိမ်းကို ကြောက်သည့်စိတ်လည်း မရှိချေ၊ ငယ်ငယ်ရွယ်ရွယ် ဖြစ်သော်လည်း လူတွေကို သူက စပြီးနှုတ်ဆက်တတ်သည်၊ ပြုံးပြတတ်သည်၊ တစ်နေ့ကျောင်းတွင် မနေ့အလှူက ကျန်သော မုန့်များကို ကျောင်းသားတွေကို ကျွေးသည်၊ အဖြူလေးက မစားပေ၊ သူရဲ့ သူငယ်ချင်းအရင်းတွေကိုလည်း မစားရန်တားသည်၊ သူ့အဖေ ဆရာလေးမျက်ခုံးက သားဘာလို့ မစားသလဲမေးရာ၊ ကလေးတွေ ဝမ်းသွားလိမ့်မယ် စားရင် ဒုက္ခရောက်မယ်ဆိုသည်၊ အဖေကလည်း ကလေးစကားမို့ အမှတ်တမဲ့နေလိုက်သည်၊ နောက်နေ့ ကျောင်းသားအများအပြား ဝမ်းလျှောကြသည်၊ သေခြင်းနာခြင်း မရှိသော်လည်း အားနည်းသော ကလေးတစ်ချို့ တော်တော်ခံလိုက်ရသည်၊ မစားသော အဖြူလေးနှင့် သူငယ်ချင်းတစ်ချို့ ဘာမှ မဖြစ်ကြပါ။

တစ်နေ့ ညနေမှာတော့ သူ့အဖေ နန်းပြင်ရွာသို့ ဂျာနယ်နှင့် စာစောင်တစ်ချို့ သွားပို့ဖို့ လုပ်သည်၊ ဒါကို အဖြူလေးက ငိုယိုကာ အတင်းတားသည်၊ ချော့လို့ မရသည့်အဆုံး ဆရာလေးမျက်ခုံး မသွားပဲ နေလိုက်သည်၊ နောက်နေ့ သတင်းကြားရသည်မှာ မနေ့ညနေက နန်းပြင်ရွာက လူတစ်ဦး စိတ်ဖေါက်ပြန်ကာ ရွာအဝင်တွင် လာသမျှလူတွေကို ဓါးနဲ့လိုက်ခုတ်သည်ဆိုသည်၊ လူတော်တော်များများ ပြင်းထန်စွာ ဒဏ်ရာ ရကုန်သည်ဆိုသည်၊ ဆရာလေးမျက်ခုံး သွားလိုက်လျှင် အခုတ်ခံရသည့်အထဲ ပါနေဦးမည်၊ ဒီလိုပဲ ဆရာလေးမျက်ခုံး၏ အိမ်သို့ အမြဲတမ်း ကောက်ညှင်းပေါင်းနှင့် ပဲပြုတ်ရောင်းလေ့ရှိသော ဈေးသည် ဒေါ်ရွှေစင်ထက် တစ်ယောက်၊ အဖြူလေးအမေ မကြီးမှဲ့ကို သူခေါင်းကိုက် ဝေဒနာ ခံစားနေရသည်မှာ လနဲ့ချီရှိပြီ ဖြစ်ကြောင်းပြောရာ၊ အဖြူလေးကြားသွားပြီး ‘ကြီးဒေါ်ရွှေစင် ဒီရေလေးသောက်လိုက် ပျောက်သွားလိမ့်မယ်’ဆိုပြီး ရေတစ်ခွက်ခတ်ကာ တိုက်လေသည်၊ ဒေါ်ရွှေစင်လည်း ကလေးပေးသည့် ရေကိုသောက်ကာ ဈေးရောင်း ဆက်ထွက်သွားလေသည်၊ နောက်နေ့ ဒေါ်ရွှေစင်ထက် အိမ်ကို ရောက်လာပြီး သူ့ခေါင်းကိုက်ဝေဒနာ ယူပစ်သလိုပျောက်သွားကြောင်းပြောကာ ကျေးဇူးတင်၍ အဖြူလေးအတွက် မုန့်တွေဝယ်လာပေးသည်၊ မပြန်ခင် အဖြူလေးဆီက ရေတစ်ခွက် တောင်းသောက်သွားခဲ့သည်။

အဲဒီလိုပဲ တစ်နေ့မှာ ဦးလေးဝမ်းကွဲ တော်သည့် ရွာအရန်မီးသတ် ခေါင်းဆောင် ကိုသက်ပိုင် အိမ်ကိုရောက်လာသည်၊ အဖြူလေးက ဦးလေးသက်ပိုင် မြို့သွားရင် ထီထိုး၊ ထီပေါက်ရင် ကျနော်ကို မုန့်တွေဝယ်ပေး၊ ကစားစရာတွေ ဝယ်ပေးပါလို့ပြောသည်၊ ကိုသက်ပိုင်ကလည်း အမှုမဲ့အမှတ်မဲ့နဲ့ မနက်ဖြန်ငါလည်း မြို့သွားမှာနဲ့ အတော်ပဲလို့ ပြန်ပြောလိုက်သည်၊ အဖြူလေးက နှစ်ရက်အတွင်းထိုးနော်လို့ ထပ်ပြောလိုက်သည်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုသက်ပိုင် ကျောက်ဆည်ရောက်သော အခါ ထီထိုးဖြစ်ခဲ့သည်၊ တစ်ပတ်လောက်ကြာ ထိုထိုးလာသောထီ နှစ်သိန်းဆုပေါက်လေသည်၊ ထိုအခါမှ ကိုသက်ပိုင် အဖြူလေးပြောတာကို သတိရပြီး မုန့်တွေနှင့် ကစားစရာတွေ ဝယ်ပေးတော့သည်။

နတ်သွားလမ်းရွာကလေးတွင် လူစိတ်ဝင်စားလောက်သော ထူးခြားမှု တစ်ခုဖြစ်ခဲ့သည်၊ မနက်ခင်း တစ်ခုတွင် အဖြူလေးထလာပြီး ‘အဖေအဖေ ဒီနေ့ကျောင်းမသွားနဲ့ ယာကိုသွား အလုပ်သမားတွေနဲ့ ပစ္စည်းတွေ သီးနှံတွေကို မြစ်ဘက်ကနေ အမြင့်ကိုရွေ့ ရေတွေစီးလာလိမ့်မယ်’လို့ ဆိုသည်၊ ဆရာလေးမျက်ခုံးလည်း ပြီးခဲ့တဲ့ သူသားပြောတတ်သည့် အတွေ့အကြုံအရ ထိုနေ့က ကျောင်းမသွားပဲ ပစ္စည်းတွေနှင့် သီးနှံတွေကို သွားရွေ့လိုက်သည်၊ လူများကိုလည်း ရွေ့ခိုင်းသည်၊ လူအများက အများရွေ့သဖြင့် လိုက်ရွေ့ကြသည်၊ ဘာရယ်လို့ သိပ် မစဉ်းစားပါ၊ တစ်ယောက်နှစ်ယောက်သာ ဒီအချိန် ဘယ်လိုရေကြီးလိမ့်မလဲ ဆိုပြီး လိုက်မရွေ့ကြပါ၊ ထိုနေ့ည သန်းခေါင်လောက်တွင် ဆည်မှ ထိန်းမရသဖြင့် အရေးတကြီး ရေတွေလွတ်ချလိုက်သည်၊ သောင်ပြင်နှင့် မြစ်စပ်က စိုက်ခင်းတွေ ရေလွှမ်းသွားသည်၊ ပစ္စည်းတွေနှင့် ရိတ်ထားသောသီးနှံတွေ ရေထဲပါကုန်ကြသည်၊ ဆရာလေးမျက်ခုံးနှင့် လိုက်ရွေ့ထားသူတွေ ဘာမှမဖြစ်ကြပါ၊ ထိုသတင်းသည် နတ်သွားလမ်းရွာတင်မက တခြားရွာများကိုပါ ပျံ့နှံ့သွားတော့သည်၊ အဲဒီမှာ ဆရာလေးမျက်ခုံးကို လူအများက မေးလာကြသည်၊ ဘယ်လိုသိတာလဲဆိုသည်ကိုပင်၊ ဆရာလေးမျက်ခုံးက သားလေး အနှောက်အယှက် ဖြစ်မှာစိုးလို့ အိမ်မက်မက်လို့ပါ ဆိုပြီး အဖြေပေးခဲ့သည်၊ လူတွေသည် ဘယ်အရာမဆို ပိုသိချင်ကြသည်၊ ဘယ်လိုပင် ဆရာလေးမျက်ခုံး ဖုံးကွယ်စေကာမှု အဖြူလေးသည် အဖြစ်အပျက်တွေကို ကြိုပြောနိုင်ကြောင်း ရေမန်းဖြင့် ရောဂါကုနိုင်ကြောင်း သတင်းသည်၊ တစ်ယောက်မှ တစ်ရာမက ရွာတွေမှာ မြို့ပေါ်ထိ ရောက်ရှိလို့သွားတော့သည်။

××××××××××××××××××××

ဒီလိုနဲ့ ပတ်ဝန်းကျင်ရွာများမှ လူများသည် နတ်သွားလမ်းရွာလေးသို့ လာကာ အဖြူလေးကို လာတွေ့ကြသည်၊ အဖြူလေးကများ သူတို့၏ ရှေ့ဖြစ်ကို တစ်ခုခုပြောလိုက်လေမလား၊ နှစ်လုံးချဲထီနံပတ်များ ပေးလေမလား၊ နေမကောင်း ထိုင်မကောင်းဖြစ်နေသော ခံစားနေရသော ရောဂါဝေဒနာများ ပျောက်ကင်းသွားလေမလား၊ သူတို့လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ ပြေလည်သွားနိုင်လေမလား၊ မအောင်မြင်၍ အောင်မြင်ချင်သူများ၊ စင်ပေါ်ရောက်ချင်သူများ၊ ထိပ်ဆုံးရောက်ချင်သူများ၊ စသဖြင့် လားလားနှင့်များများ လူတွေကြောင့် နတ်သွားလမ်းရွာလေးသည် ရွာလူဦးရေထက်ပင် စည်ကားနေတော့သည်။

ထိုသို့ လူတွေ များသထက် များလာသဖြင့်၊ ဆွေမျိုးများ တိုင်ပင်ကာ အဖြူလေးကို တွေ့ချင်သူများ  အဖြူလေးရဲ့ အဒေါ်အိမ် ဦးမြင့်သောင်း ဒေါ်မွန်ဦးခင်တို့ အိမ်မှာသာ တွေ့ရန်ဆုံးဖြစ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ဆရာလေးမျက်ခုံးက သူသားလေးကို ဒါမျိုးတွေ မလုပ်စေချင် သူအိမ်မှာလည်း မလုပ်ချင်ကြောင်း ပြောသောကြောင့်ဖြစ်သည်၊ နောက်ပြီး ဆွေမျိုးတွေကို မလွန်ဆန်နိုင်၍သာ လုပ်ရကြောင်း ဒီကိစ္စတွေအတွက် မည်သည့်အခငွေကြေးမျှ ဘယ်သူဆီမှ မယူရန် အားလုံးကို ကတိတောင်းလိုက်သည်၊ ဦးမြင့်သောင်းတို့ကလည်း အားနေသည်၊ သူယာကို တရုတ်ဖရဲသီးလုပ်သူများကို အငှါးချထားသောကြောင့်ဖြစ်သည်၊ အစမှာ အဒေါ်အချင်းချင်း တခြားဆွေမျိုးတွေအချင်းချင်း မပြေလည်ကြသော်လည်း နောက်ဆုံး ကိုသက်ပိုင်၏ အကြံအဉာဏ်ဖြင့် သဘောတူသွားကြသည်၊ အကြံပိုင်သော ကိုသက်ပိုင်ဖြစ်လေသည်၊ အဒေါ် ဒေါ်မွန်ဦးခင်တို့က အိမ်ရှေ့တွင် ကတော့ပွဲထိုးကာ လာရောက်သူများကို ပူဇော်စေမည်၊ ပူဇော်ပစ္စည်းများရောင်းမည်၊ အဒေါ်ကြီး ဒေါ်ချိုဦးခင်တို့က အဖြူလေးရဲ့ ရေမန်းတွေကို ရေသန့်ဗူးဖြင့်ပွားက ရေသန့်ပွားများ လူတွေကိုရောင်းမည်၊ အဖြူလေးသည် စကားပြောချင်မှ ပြောမည်ဖြစ်ရာ လေးနာရီထက် ပိုစောင့်သူများ အိမ်စောင့်နတ်ခွင့်ပြုဘိုး ကောက်ခံမည်၊ ဒါကို အဖိုးအဖွားတွေက ယူကြမည်၊ အဖြူလေးအတွက် ပေးသည့်လက်ဆောင်နှင့် ပစ္စည်းတွေကိုတော့၊ အဖြူလေးတို့ မိသားစုသာ ယူရမည် စသဖြင့်ဖြစ်လေသည်။

အဖြူလေးထံ လာရောက်သူများသည် မန္တလေး၊ ကျောက်ဆည်၊ ပလိပ်နှင့် တခြားမြို့များကပါ လာရောက်ကြတော့သည်၊  ရွာစည်ပင်သာယာရေးနှင့် လမ်းတံတားပြုပြင်ရေးအတွက် ရွာအုပ်ချုပ်ရေးအဖွဲ့က အလှူငွေကောက်သည်၊ လာသူများ၏ စက်ဘီး၊ ဆိုင်ကယ်၊ လှည်း၊ ကား အပ်ရန်နေရာသတ်မှတ်၍ အရန်မီးသတ်နှင့် ကျေးရွာလူငယ်များက အခကြေးငွေကောက်သည်၊ ကြီးဒေါ်သက်က ထမင်းဆိုင်ဖွင့်သည်၊ မုဆိုးမ ဒေါ်ချစ်က ကွမ်းယာရောင်းသည်၊ မြို့တွင် အလုပ်လုပ်နေသော သားကိုပင် ကွမ်းယာဆိုင်ကို ကူရန်လှမ်းခေါ်လိုက်သည်၊ ဦးမောင်လတ်ကတော့ လက်ဖက်ရည်ဆိုင်ထပ်ဖွင့်သည်၊ ဒီလိုနဲ့ ဆိုင်တွေများလာသည်၊ ရွာကလူတော်တော်များများ အချိန်ကိုက်လုပ်ငန်းများကို လိုက်လုပ်ကြသည်၊ လုပ်သလောက်လဲ ရောင်းကြရသည်၊ တနည်းအားဖြင့်ဆိုသော အဖြူလေးကြောင့် နတ်သွားလမ်းရွာသည် စီးပွားဖြစ်လာသည်ဟု ဆိုရပါမည်။

နတ်သွားလမ်းရွာက ရွာသူရွာသားတွေ ဘယ်လိုပင်စီးပွားဖြစ်လို့ အဆင်ပြေနေကြပါစေ၊ မပျော်နိုင်သူ တစ်ယောက်တော့ရှိပါသည်၊ သူကတော့ အဖြူလေးရဲ့ ဖခင် ဆရာလေးမျက်ခုံးဖြစ်သည်၊ သူကတော့ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူဖြစ်သဖြင့် သူသားကို ဒုက္ခ ခံနေရသည်လို့မြင်နေသည်၊ သူသားသည် သူ့အတွက်တော့ ကလေးတစ်ယောက်သာဖြစ်သည်၊ ဆရာလေးမျက်ခုံးကို နားလည်သူကတော့ စာချဆရာတော်ဖြစ်သည်၊ ဆရာတော်ကြီးက အဖြူလေး ဒီလိုပြုလုပ်နေလျှင် ကျောင်းမတက်ရန် အကြံဉာဏ်ပေးသဖြင့် ဆရာလေးမျက်ခုံးမှာ ပိုစိတ်ဆင်းရဲရသည်၊ တစ်ဘက်မှာလည်း နှစ်ဘက်ဆွေမျိုးများကို မတော်လှန်နိုင်ပါ၊ ဒီလိုပဲ လင်ယောက်ျား မပျော်၍ လိုက်မပျော်ရသူကတော့ အဖြူလေးရဲ့ မိခင် မမှဲ့ကြီးဖြစ်ပါသည်၊ မြေးအိမ်မှ မရှိသဖြင့် အဖိုးဦးအောင်မိုးနှင့် အဖွားဒေါ်ပေါက်ပေါက်တို့ စိတ်ဆင်းရဲနေသည်။

ဦးမင်းကျော်တို့ ရွာလူကြီးတွေ စိတ်ညစ်စရာတစ်ခုကတော့ ရန်ကုန် မန္တလေးလမ်းမကြီးမှ ရွာသို့ လာသော လမ်းတစ်လျှောက်တွင် အလှူခံတဲများပေါ်ပေါက်လာခြင်းဖြစ်သည်၊ ဘယ်ရွာကဘယ်ဘုရားကိုပြင်ရန်၊ ဘယ်ဘုန်းကြီးကျောင်း ပြုပြင်ရန်၊ ဘယ်လူမှုအဖွဲ့အစည်း ရန်ပုံငွေဆိုပြီး၊ လာသောသူတွေကို အလှူ ကောက်ခံနေသည်၊ ထိုသို့ရုတ်ရုတ်သဲသဲ စည်စည်ကားကား ဖြစ်နေသော နတ်သွားလမ်းရွာလေးကို မြို့နယ်က တာဝန်ရှိသူဟုဆိုသော အဖွဲ့များ ဆင်းချလာသည်၊ ထိုနောက် ရွာလူကြီး ဦးမင်းကျော် နှင့်ဆွေနွေးကြသည်၊ လိုအပ်သည်များကို ညွှန်ကြားသွားသည်လို့ ဆိုကြသော်လည်း၊ ရန်ပုံငွေတစ်ချို့ စာရင်းပါသွားရလေသည်၊ အလှူခံတဲ တစ်ချို့တော့ပျောက်သွားခဲ့သည်။

နောက်တစ်ခု ရွာထဲမှာဖြစ်လာသည်က ရွာလယ်က ဦးမောင်လှသည် ဗေဒင် ဝိဇ္ဇာခမ်းမ ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်၊ သူအိမ်သို့ အောက်ပြည်က ဗေဒင်ဝိဇ္ဇာ တတ်ကျွမ်းသူ ဆရာဒိုးဆိုသူ ရောက်လာ၍ ဖြစ်သည်၊ ဦးမောင်လှ၏ အိမ်ရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ အကြီးကြီး ထောင်ထားသည်၊ အိမ်ထဲမှာတော့ ဘိုးမင်းခေါင် ဘိုးဘိုးအောင် တခြား ဝိဇ္ဇာပုံတွေနဲ့ ပြည့်၍နေသည်၊ ဆရာဒိုး၏ အစီအမံပါပဲ၊ ပြစားသည်လို့ပဲဆိုဆို လုပ်စားသည်လို့ပဲဆိုဆို ဝင်ရောက်မေးသူများ တော်တော်များသည်၊ ဈေးကလည်း နှစ်ထောင်မှ ငါးထောင်ထိပဲယူသည်၊ တစ်မိသားစုလုံးမေးလိုက်ရင်တော့ နှစ်သောင်းကျော်လောက် ဝင်သွားသည်၊ မှန်သည်ရှိ မမှန်သည်ရှိ လူဝင်လို့နေသည်၊ ဒါကို ဦးမင်းကျော်နှင့် ကိုသက်ပိုင်တို့က လုံးဝမကျေနပ်သော်လည်း ဘယ်လိုမှ လုပ်မရ၊ ဧည့်စာရင်းကလည်း ပုံမှန်တိုင်နေ၍ နည်းဟောင်းတွေသုံးလို့မရတော့၊ ဒီကြားထဲ ဘယ်ကသတင်းရလဲမသိ မန္တလေးက သတင်းထောက်တွေ အဖြူလေးသတင်းကို လာယူကြသည်၊ ကလေးအဖေ ဆရာလေးမျက်ခုံးက ဓါတ်ပုံလုံးဝရိုက်ခွင့် မပြုသဖြင့် ဦးမောင်လှအိမ်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကို ရိုက်ယူသွားကြသည်၊ ဘယ်လိုသတင်းတွေ ရေးကြဦးမလဲ မသိပါ။

တစ်နေ့တော့ မနက်မှာ အဖြူလေးက အဒေါ်တွေကို သူအိမ်ပြန်ချင်သည်လို့ ပြောသည်၊ အဒေါ်နဲ့ ဆွေမျိုးတွေက ညမှ ပြန်ပါသားရယ် လူတွေကရောက်လို့နေပြီ ဆိုပြီးကလေးကို ချော့ထားလိုက်သည်၊ ကလေးအဖေ ဆရာလေးမျက်ခုံးလာတော့လည်း အဒေါ်များက ဘာမှ မပြောလိုက်ပေ၊ နေ့လယ်ပိုင်းတွင် အဖြူလေးက အဖေကိုခေါ်ပေးဖို့ ပူဆာပြန်သည်၊ ခေါ်ပေးမယ်ဆိုပြီး အချိန်ဆွဲထားကြပြန်သည်၊ မကြာမှီမှာ အဖြူလေး ရုတ်တရက်လဲကျသွားသည်၊ အသက်ရှုကြပ်နေပြီး စကားမေးမရတော့ပါ၊ အနီရောင် အဖုအပိန်းတွေလည်း ထွက်လာသည်၊ ထိုအခါမှာ ကလေးအဖေနှင့်အမေကို ပြေးခေါ်ကြသည်၊ ဆရာလေးမျက်ခုံးနှင့် မကြီးမှဲ့တို့ရောက်လာကြပြီး မန္တလေးဆေးရုံပို့ဖို စီစဉ်ကြသည်၊ ဒေါသဖြစ်နေသော ဆရာလေးမျက်ခုံးက ဘယ်အမျိုးအဆွေမှ မလိုက်လာရန် ပြောကြားလိုက်သည်၊ မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသသော်လည်း အဖြူလေး မသက်သာခဲ့ပါ၊ ဆရာဝန်များ ရောဂါရှာမရပဲ ဖြစ်လို့နေသည်၊ ရွာက ဆရာတော်ဘုရား လူနာကြည့်ရန် ဆေးရုံကိုကြွသွားသည်၊ ဒေါ်ပေါက်ပေါက်က ဒေါက်တာဇော်မျိုးပွားကို အကူအညီတောင်းရာ၊ သူ့သူငယ်ချင်း ဒေါက်တာလူမျိုးသန့်ကို အကြောင်းကြားပေးခဲ့သည်၊ သုံးရက်လောက်နေမှာ ဒေါက်တာလူမျိုးသန့် ရောက်ရှိလာသည်၊ နောက်နေ့ မနက်မှာပင် အဖြူလေး ဆုံးသွားပြီဆိုသော သတင်း ရွာကိုရောက်ရှိလို့လာသည်။

နတ်သွားလမ်းရွာ တစ်ရွာလုံး ထိုနေ့က မငိုတဲ့သူမရှိပါ၊ အော်ဟစ်ငိုကြွေးသူများလည်း ရှိသည်ဆို၏၊ အဖြူလေးသည် ရှစ်လကျော်လောက် နတ်သွားလမ်းရွာကို စည်ကား စီးပွားဖြစ်စေခဲ့သည် မဟုတ်ပါလား၊ ရောဂါအခြေအနေအရ အဖြူလေးကို မန္တလေးမှာပင် အမြန်သင်္ဂြိုလ်လိုက်ရသည် ဆိုသည်၊ ဆွေမျိုးရင်းများသာမက ဘယ်သူမှ အဖြူလေး၏ နောက်ဆုံး ခရီးကို လိုက်မပို့လိုက်ရပေ၊ ရက်လည်သောနေ့တွင် ဆရာတော်ဘုရားကြီးသည် အဖြူလေး၏ ဆွေမျိုးများနှင့် ရွာသူရွာသားများကို တကယ်ငြိမ်းချမ်းသော ချမ်းသာမှုအကြောင်းကို လောဘ၊ဒေါသ၊မောဟ တွေနဲ့ ယှဉ်ကာ ဟောကြားခဲ့သည်၊ တစ်ရွာလုံး ဝမ်းနည်း မျက်ရည်ဝဲနေကြသော်လည်း၊ အဖြူလေးအဖေ ဆရာလေးမျက်ခုံးနှင့် အဖြူလေးအမေ မကြီးမှဲ့တို့ကတော့ တရားရသွားကြသည့်အလား တွေဝေနေသည်ကလွဲလို့ မငိုကြပါ၊ အငိုဆုံးကတော့ အဖြူလေး၏ အဒေါ်တွေပဲ ဖြစ်ပါသည်။

××××××××××××××××××××

ဘယ်လိုပဲဖြစ်ဖြစ် နတ်သွားလမ်းရွာကလေး၏ အိမ်အချို့သည် သွပ်မိုးများဖြစ်သွားခဲ့သည်၊ စကိုင်းစလောင်းဖုံးတွေ တိုးပွားလာသည်၊ ထော်လာဂျီနှင့် ဆိုင်ကယ်များ ပိုများလာသည်၊ အဖွား ဒေါ်ပေါက်ပေါက်တို့လည်း ထော်လာဂျီတစ်စီး ဝယ်ဖြစ်သွားသည်၊ နောက်ပြီး  ဆရာတော်ကြီးရဲ့ တရားစခန်းတွင်လည်း လူပိုများလာခဲ့သည်။

ရှမ်းပြည်နယ် မိုင်းသောက် တောရ စာသင်ကျောင်းတွင် ကိုရင်အသစ်ကလေး တစ်ပါး ကျောက်ဆည်ဘက်က ဘုန်းကြီးတစ်ပါး လာပို့သွားသည်ဆို၏၊ ကိုရင်လေးသည် နှုတ်အရမ်းနည်းသည်၊ စကားကို လိုသည်ထက်ပိုမပြောလို့ သိရသည်၊ ကိုရင်လေး၏ ထူးခြားသော အသားအရည်ကြောင့် တခြား ကိုရင်နှင့် ဦးဇင်းတွေက ကိုရင်ဖြူလို့ ခေါ်ကြသည် ဆိုသည်။

ပြီးပါပြီ။

Thursday, October 4, 2012

ယုံလား မယုံဘူးလား အမေရိကန်များ နှင့် Mystery Spots



ဆာရစ်ချပ်ဘရန်ဆန် ကပြောသည်၊ အမေရိကန်တွေဟာ ရယ်စရာကောင်းသည်တဲ့၊ ဒါကို ရောဘတ်ဆန် ကပြန်ပြောပါသည် အမေရိကန်တွေက fun ကိုသိပ်ကြိုက်လွန်းလို့ funny ဖြစ်နေတာလို့ ဆိုပါသည်။
ကျနော် အထင်ကတော့ လူသဘာဝအတိုင်း funnyဖြစ်တဲ့ အမေရိကန်နဲ့ funnyမဖြစ်တဲ့ အမေရိကန်တို့ ရှိပါလိမ့်မည်၊ အမေရိကန်တွေ funny ဖြစ်မဖြစ် ခရီးစဉ်တစ်လျှောက်တွင် သူတို့မေးသော မေးခွန်းတစ်ချို့ကို ကြည့်လျှင် သိနိုင်ပါသည်။ 


ကျနော်တွင် အလွန်ခင်မင်သော အမေရိကန်မိတ်ဆွေ နှစ်ဦးရှိပါသည်၊ တစ်ယောက်က Bill ဘေးလ်လို့ခေါ်တဲ့ အသက် ၅၀ ကျော် လုပ်ငန်းရှင် တစ်ယောက်ပါ၊ တစ်ယောက်ကတော့ Jan ယန်လို့ခေါ်တဲ့ အသက် ၃၀ ကျော် လေတပ်မှာ တာဝန်ထမ်းဆောင်နေသော အရပ်ဘက်ဝန်ထမ်းတစ်ဦးပါ၊ ဒီလူနှစ်ယောက်နဲ့ ပတ်သက်၍၎င်း၊ ကျနော်ရောက်သွားသော နေရာတစ်ခုနဲ့၎င်း ကျနော်အတွက် အလွန်ချစ်စရာကောင်းသော အတွေ့အကြုံတစ်ခုကို ရရှိခဲ့ပါသည်။

အမေရိကန်တွေက ပျော်ရွှင်မှုကို ကြိုက်သည် ဆိုရာ၌ တစ်ချို့က ပျော်စရာကောင်းသော၊ တစ်ချို့က သည်းထိတ်ဖွယ်ကောင်းသော၊ တစ်ချို့က လျှို့ဝှက်ဆန်းကြယ်သော အရာများကို နှစ်သက်ကြခြင်း ဖြစ်ပါသည်၊ ဒီအတွက် လူတို့၏ အကြိုက်ကို လိုက်သော ဈေးကွက်များ ပေါ်ပေါက်လာခဲ့သည်၊ ရုပ်ရှင် တီဗီနှင့် ဖျော်ဖြေရေးများတွင် ထိုအစီအစဉ်များ ရေပန်းစားလာခဲ့သည်။ 


…………………………………………………………………

လေတပ်ဝန်ထမ်း မိတ်ဆွေ ယန်က သူ့ နေ့အားရက်တွင် ကျနော်ကို အလွန် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ခေါ်သွားမည်ဟု ဆိုလာသည်၊ မင်း သင်ခဲ့ဘူးတဲ့ ရူပဗေဒ၊ ဘူမိဗေဒနှင့် မြို့ပြ အင်ဂျင်နီယာ ဘာသာရပ် သီအိုရီတွေဟာ မှားနေကြောင်း မင်းသိလာရလိမ့်မယ်၊ သိပ္ပံပညာဟာ အရာအားလုံးထိ မပြည့်စုံသေးဘူး ဆိုတာကို မင်းသိရလိမ့်မယ်ဟု ဆိုသည်၊ ကျနော်လည်း သိပ်စိတ်ဝင်စားပါတယ် အဲဒီနေရာကို ရောက်ဖူးချင်ပါသည်လို့ ဆိုလိုက်သည်၊ သူ ကျနော်ကို လိုက်ပို့မည့် နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ် Santa Cruz မှာရှိတဲ့၊ Mystery Spot လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်သော နေရာ ဖြစ်ပါသည်၊ အလုပ်များနေသည့် အတွက် သူလိုက်ပို့မည့် နေရာကို ကျနော်သည် ကြိုတင်လေ့လာမှုများ မပြုလုပ်ခဲ့ပါ၊ သူ့နောက်လိုက်မှာပဲလေ ဆိုပြီး ခပ်ပေါ့ပေါ့ နေခဲ့ပါသည်။
ကျနော်တို့နှစ်ယောက် သူ့ကားလေးနဲ့ ခရီးထွက်ခဲ့သည်၊ San Francisco ကနေ သိပ်မသွားရပါ၊ ကျနော်တို့သည် San Jose ဘက်ကို မသွားပဲ Santa Cruz ဘက် ဆင်းလာခဲ့သည်၊ လမ်းတွင် ယန်က ကျနော်အား မေးလာသည် ‘မင်း ကမ္ဘာ့ဆွဲအား gravity အကြောင်းကို သိတယ် မဟုတ်လား’၊ ကျနော်ကလည်း “သိပါတယ် ကျောင်းနေတုန်းကလည်း သင်ရပါတယ်”လို့ ပြန်ဖြေလိုက်သည်၊
‘ခု တို့သွားမဲ့နေရာက ကမာ့္ဘဆွဲအား မမှန်တဲ့နေရာ၊ အဲဒီနေရာမှာ ကမ္ဘာ့ဆွဲအားဟာ တစ်ခုခုဖြစ်နေတယ်ကွ၊ ဗိုးတက်အ် Vortex စွမ်းအားတွေ သက်ရောက်နေတဲ့ နေရာပေါ့၊ တစ်ချို့ကလည်း ဘုရားသခင်က အထူးဖန်ဆင်းထားတဲ့နေရာ၊ ဒေသခံတွေကတော့ နတ်ဘုရားရဲ့ ကျိန်စာသင့်နေတဲ့နေရာ၊ တစ်ချို့ကတော့ ဂြိုလ်သားတွေ ရောက်ခဲ့တဲ့နေရာ ဒီလိုပြောဆိုကြတယ်’၊ ကျနော်က နားမလည်ဘူးလို့ ပြောလိုက်သည်၊ ‘တကယ် လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိတဲ့နေရာပါ ရောက်ရင် မင်းသိသွားမှာပါ’ လို့ဆိုသည်။

Scotts Valley အလွန် တောင်တွေ ရက်ဝုဒ် Redwoods တောကြီးတွေ ဖြတ်ပြီးမှာတော့၊ ရက်ဝုဒ် တောအုပ်ထဲက တောင်ခြေတစ်နေရာတွင် Mystery Spot ကိုလှမ်းမြင်ရသည်၊ ကားကို ကားရပ်ကွင်း တွင် ရပ်ထားခဲ့ပြီး၊ ဧည့်သည်တွေ စာရင်းပေးရမည့်နေရာကို ထွက်ခဲ့ကြသည်၊ အလွန်လှပသော နေရာတစ်ခုဖြစ်သည်လို့ မှတ်ချက်ချမိပါသည်၊ ယန်က ကြိုတင်လက်မှတ်ကို အွန်လိုင်းက ဝယ်ထားခဲ့သည်၊ မိနစ်၂၀လောက် လိုက်ပြမဲ့သူ guide ကိုစောင့်ရင်း၊ ပြခန်းတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ လိုက်ကြည့်ဖြစ်သည်၊ ကျနော်တို့နဲ့အတူ လာရောက်သော ဧည့်သည် ၁၅ယောက် ပြည့်မည်မထင်ပါ၊ ကျနော်တို့ရှေ့တွင် အယောက်၂၀ အုပ်စုတစ်စု ဝင်သွားသည်ကို တွေ့ရပါသည်။

ဧည့်ကြိုဆောင်တွင် ကျနော်တို့အဖွဲ့ စုစုပေါင်း ၁၂ ယောက်ကို၊ ကျနော်တို့ကို လိုက်ပြမဲ့သူ guideက ဒီနေရာအကြောင်း ရှင်းပြပြီး သူလိုက်ပို့မဲ့ အစီအစဉ်လေးကိုပြောပြပါသည်၊ ၁၉၃၀ လောက်ထဲက ဒီနေရာလေး၏ သမိုင်းစခဲ့သည်ဆို၏၊ လှည့်ပတ်ကြည်ရှုချိန် အနည်းဆုံး ၄၅ မိနစ်ကြာမည်တဲ့၊ သူ့နာမည်က မိုက်ကယ်ဖြစ်သည် အသက်၂၅နှစ်လောက်ရှိမည်၊ ရီစရာတွေကို ပြောနေသော်လည်း တစ်ချို့ရီစရာမကောင်းပါ၊ အဖွဲ့တွင် ပါလာသော ကလေးသုံးယောက်ကတော့ ဘာပြောပြော လိုက်ရီနေကြပါသည်။

တကယ်တော့ တောင်နှစ်လုံးကြားက လျှိုလို့ခေါ်နိုင်သည့် နေရာက သစ်သားအိမ်ကလေးတစ်လုံးဆီသို့ သွားကြခြင်းဖြစ်ပါသည်၊ ထိုအိမ်ကလေးရှိရာ ပေ ၁၅၀ ပတ်ဝန်းကျင်သည် Mystery Spot ဖြစ်ကြောင်း ပြောပါသည်၊ အိမ်လေးသို့ သွားရာလမ်းကို ဖြောင့်ဖြောင့်တန်းတန်း မဖေါက်ထားပါ၊ ဇီဇက် အကွေ့အကောက် တွေလုပ်ထားပါသည်၊ ဘေးမှာ ရက်ဝုဒ် Redwoods နှင့် ယူကလစ် Eucalyptus ပင်တွေကြားမှာဖြစ်သည်၊ ပထမဦးစွာ မိုက်ကယ်က လယ်ဗယ်မီတာလေးနဲ့ ရေချိန်ညီကြောင်းပြသည်၊ ဒါပေမဲ့ လယ်ဗယ်မီတာတင်ထားသည် သစ်သားပြားကလေးက စောင်းနေသည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ စောင်းနေသည့်အရာများသည် အတည့်ဖြစ်သည် ဆိုခြင်းကိုပင်၊ အမြင်အရ စောင်းနေသည်၊ လယ်ဗယ်မီတာလေးနဲ့ ချိန်လိုက်လျှင် အတည့်ဖြစ်နေသည်ကို ဆိုခြင်းဖြစ်ပါသည်။

ပြီးနောက် ကျနော်တို့ သစ်သားအိမ်ကလေးဆီသို့ ထွက်လာခဲ့သည်၊ သစ်သားအိမ်ကလေးကို စောင်းပြီး ဆောက်ထားသည်၊ မိုက်ကယ်က တကယ်တော့ ဒါဟာတည့်တည့် ဆောက်ထားတာပါလို့ ပြောသည်၊ အိမ်ထဲကို ဝင်သွားသော အခါ မိုက်ကယ်က ကမ္ဘာဆွဲအားအကြောင်း အနည်းငယ်ရှင်းပြသည်၊ နယူတန်ကိုပင် ဟာသပြောလိုက်သေးသည်၊ သာမာန်အိမ်တွေမှာဆိုရင် အိမ်ဘားတန်းကို တွယ်ခိုစီးလိုက်လျှင် ခန္ဓာကိုယ်သည် အောက်သို့ တည့်တည့်ဖြစ်နေမည်ဖြစ်သည်၊ ဒီမှာတော့ အိမ်ဘားတန်းကို တွယ်ခိုစီးလိုက်လျှင် ခန္ဓာကိုယ်သည် တဘက်သို့စောင်းနေသည်၊ လာရောက်သူအားလုံးနီးပါး တွယ်ခိုစီးကြသည်၊ ဒီနောက်မှာတော့ အစောင်းတွေသည်အတည့် အတည့်တွေသည် အစောင်းဖြစ်နေသည့်အတွက် အိမ်နံရံများပေါ်တွင် မတ်တပ်ရပ်လို့ ရကြောင်းပြသည်၊ အဲဒီလို စောင်းစောင်းရပ်နေကြတာကို ဓါတ်ပုံရိုက်ကြသည်၊ ပုံမှန်အားဖြင့် လူသည် တည့်တည့်မတ်မတ် လမ်းလျှောက်သွားသော်လည်း ဒီမှာ စောင်းစောင်းမတ်မတ် လမ်းလျှောက်သွားနေသလိုဖြစ်သည်။

တစ်နေရာရောက်သောအခါ ချိန်သီးကြီး တစ်ခုကိုတွေ့ရသည်၊ ပုံမှန်အားဖြင့် ချိန်သီးတို့သည် လွှဲလိုက်လျှင် အလယ်ကနေ ဟိုဘက်ဒီဘက် တူညီစွာလွဲလေ့ရှိသည်၊ မိုက်ကယ်က ဒီချိန်သီးကြီးကိုကြည့်ဆိုပြီး လွှဲလိုက်သည်၊ ချိန်သီးကြီးသည် တစ်ဘက်ထဲသို့ တစ်ဘတ်သတ် လွှဲနေတော့သည်၊ လူတော်တော်များများ ‘အိုး’ ကနဲ့ ဖြစ်သွားကြသည်၊ ပြီးတော့ တစ်နေရာကို ခေါ်သွားပြန်သည်၊ မိုက်ကယ်က ဒီပျဉ်ပြားက စောင်းနေတယ် ဒါပေမဲ့သူက လယ်ဗယ်ညီနေတယ် ဆိုပြီး လယ်ဗယ်မီတာလေးနဲ့ ချိန်ပြသည်၊ တစ်ယောက်နှစ်ယောက်က အပေါ်ကိုတက်ရတာနဲ့ အောက်ကိုဆင်းရတာ ဘာကွာသလဲ လာစမ်းကြည့်ကြပါ ဆိုသည်၊ လေးငါးယောက်လောက် စမ်းကြည့်ကြသည်၊ တစ်ချို့က ဘာမှာ မကွာဘူးပြောသည်၊ တစ်ချို့က အောက်ဆင်းရတာ အားစိုက်ရတယ်လို့ ပြောသည်၊ ကျနော်ကတော့ ဘာမှ မကွာဘူးလို့ထင်မိသည်၊ တကယ်ဆို အပေါ်တက်ရမှ အားစိုက်ရမည် မဟုတ်ပါလား။

ဒီလိုနဲ့ အိမ်နောက်ပေါက်ကို ရောက်လာကြသည်၊ မိုက်ကယ်က မေးသည် 'ရေက ဘယ်လိုစီးဆင်းပါသလဲ' ကလေးတွေက မြင့်ရာက နိမ့်ရာကို စီးပါသည်လို့ ချက်ချင်းပင်ဖြေကြသည်၊
ဘာကြောင့်လဲလို့ ထပ်မေးတော့ ကမာ့္ဘဆွဲအားကြောင့်လို့ တော်တော်များများ ဖြေကြပါသည်၊
မိုက်ကယ်က ဒါဆို မင်းတို့ကို တစ်ခုပြစရာရှိတယ် ဆိုပြီး သစ်သားပြားကလေးကို ထုတ်လိုက်သည်၊ သစ်သားပြားကလေး၏ အလယ်တွင် အူလမ်းကြောင်းကလေးပါသည်၊ ပြတင်းပေါက်တစ်ခုတွင် သစ်သားပြားကလေးကို ထောင်လိုက်သည်၊ အားလုံးသည် စိတ်ဝင်စားစွာ ကြည့်နေကြသည်၊
မိုက်ကယ်သည် သူ့အိတ်ထဲက ဘေ့စ်ဘော ဘောလုံးလေးကို ထုတ်လိုက်သည်၊ ပြီးနောက် ဘောလုံးလေးကို သစ်သားပြားအပေါ်ကနေ အောက်ကိုလိမ့်ချလိုက်သည်၊ ဘောလုံးလေးသည် သစ်သားပြား အပေါ်ကနေအောက်ကို ဆင်းသွားပြီး တစ်နေရာရောက်သော ရပ်ကာ နောက်ကိုအရှိန်နဲ့ ပြန်လှည့်လာသည်၊ နောက်သစ်သားပြားပေါ်က ကျသွားသည်၊ လူတွေအားလုံး ‘အိုး’ ကနဲ့ ဖြစ်သွားပြန်သည်၊ ဒီမှာကြည့်ဆိုပြီး မိုက်ကယ်က ဘောလုံးလေးကိုကောက်ပြီး သစ်သားပြားအောက်ပိုင်းသို့ ချလိုက်ရာ ဘောလုံးလေးသည် သစ်သားပြားအပေါ်သို့ လိမ့်ပြီးတက်လာသည်၊ နောက်တစ်ခါ မိုက်ကယ်က ကျနော်တို့ဆီမှာ လိမ့်လိုရတာပါသလားမေးရာ အမျိုးသမီးတစ်ယောက်က သူ့မိတ်ကပ်ဘူးလေးကို ထုတ်ပေးသည်၊ မိုက်ကယ်က မိတ်ကပ်ဘူးလေးကို သစ်သားပြားအောက်ပိုင်းသို့ ချလိုက်ရာ သစ်သားပြားအပေါ်သို့ လိမ့်ပြီးတက်လာသည်ကို တွေ့ရသည်၊ အားလုံး ‘အိုး’ ကနဲ့ ဖြစ်သွားပြန်သည်။

ပြီးနောက် မိုက်ကယ်က ဘယ်သူ့မှာ ရေဘူးပါသလဲမေးရာ၊ ကလေးတစ်ယောက်က သူ့ရေဘူးကို ထုတ်ပေးလိုက်သည်၊ မိုက်ကယ်က ငါရေတွေကို သွန်မှာနော်လို့ပြောတော့ ကလေးက ခေါင်းငြိမ့်သည်၊ မိုက်ကယ်သည် ရေဘူးထဲကရေတွေကို သစ်သားပြားအောက်ပိုင်း အူလမ်းကြောင်းလေးထဲသို့ ဖြေးဖြေးချင်း သွန်ချလိုက်သည်၊ ရေတို့သည် အူလမ်းကြောင်းလေးအတိုင်း သစ်သားပြားအောက်ပိုင်း ကနေ အပေါ်သို့ စီးလာသည် ပြီးနောက် အောက်သို့စီးကျကုန်သည်၊ အားလုံး ‘အိုး’ ကနဲ ဖြစ်သွားပြန်သည်၊ ကလေးတွေက လက်ခုပ်တီးကြသည်၊ မိုက်ကယ်က ကြည့် ရေက ဒီလိုစီးတယ်လို့ ပြောလိုက်သည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ အပေါ်သည် အောက်ဖြစ်နေပြီး၊ အောက်သည် အပေါ်ဖြစ်နေပါသည်။

ဒီနောက် မိုက်ကယ်သည် အိမ်နောက်ပေါက်နဲ့ သိပ်မကွာသည့် နေရာလေးကို ခေါ်သွားသည်၊ ဆင်ခြေလျှော တစ်ခုဖြစ်သည့် ပျဉ်ပြားကြီးတစ်ချပ်ကို စောင်းပြီးထောင်ထားခြင်းဖြစ်သည်၊ မိုက်ကယ်က ဒီပျဉ်ပြားက စောင်းနေတယ် ဒါပေမဲ့ ပျဉ်ပြားရဲ့ အောက်ပိုင်းက မြင့်တယ်၊ အထက်ပိုင်းကနိမ့်နေတာ ဆိုပြီး လယ်ဗယ်မီတာလေးနဲ့ ချိန်ပြသည်၊  ပြီးနောက် ကျနော်တို့ထဲက အရပ်ပုသူတစ်ယောက်နဲ့ အရပ်မြင့်သူတစ်ယောက်ကို ခေါ်ထုတ်ပြီး တဘက်စီမှာ ရပ်ခိုင်းသည်၊ ပြီးတော့ဘက်ပြောင်းပြီး အရပ်ကို နှိုင်းယှဉ်ကြသည်၊ အရပ်ပုသူသည် အနိမ့်ကိုဆင်းသွားသောအခါ အရပ်မြင့်သွားပြီး၊ အရပ်မြင့်သူသည် အမြင့်ကိုတက်သွားသောအခါ အရပ်နိမ့်သွားကြောင်းပြလိုက်သည်၊ ဒီနေရာတွင် သိလိုက်ရသည်မှာ အရွယ်တူနေပါစေ အမြင့်မှာရပ်နေသောသူသည် အရပ်နိမ့်ပြီး၊ အနိမ့်မှာ ရပ်နေသာသူသည် အရပ်မြင့်ကြောင်းသိလိုက်ရသည်။

မိုက်ကယ်က ဓါတ်ပုံရိုက်ဖို့ အချိန်ငါးမိနစ်ပေးကာ အစီအစဉ်ကို အဆုံးသတ်လိုက်သည်၊ တစ်ယောက်စီကို ကားကြော်ငြာစတစ်ကာ bumper sticker တစ်ခုစီလက်ဆောင်ပေးပါသည်၊ အမေရိကန် ထုံးစံအတိုင်း လိုက်ပြသူ guideကို တစ်ပ် လက်ဖက်ရည်ဖိုး ပေးရပါသည်၊ ငါးဒေါ်လာပေးလိုက်ရတာ တန်သည်ဟု ထင်မိပါသည်၊  မပြန်ခင် ကျနော်တို့ တောင်ပေါ်တက်၍ ရှုခင်းတွေ ကြည့်ခဲ့ကြပါသေးသည်၊ လမ်းတွင် ယန်က ဘယ်လိုလဲ မင်းစိတ်ဝင်စားလားလို့ မေးသည်၊ ကျနော်က ကျနော့်အတွက် အထူးအဆန်းတွေပါပဲ ဒီနေရာမှာ ကမာ့္ဘဆွဲအား ဖြစ်ပျက်နေတာ စိတ်ဝင်စားမိပါတယ်လို့ ပြောလိုက်သည်၊ ယန်က ဒါကို လူတွေက optical illusion လှည့်စားထားတာလို့ ပြောတယ်၊ မျက်လှည့်လိုပေါ့၊ gravity ကိုနားလည်တဲ့သူတွေက အင်ဂျင်နီယာ ပညာရပ်တွေပေါင်းပြီး လှည့်စားခဲ့တာပါ၊ ဒါပေမဲ့ ဒီနေရာမှာ အထူးအဆန်းကတော့ သံလိုက်အား သက်ရောက်မှုကြောင့် သံလိုက်အိမ်မြှောင်တွေ မီတာတွေ အလုပ်မလုပ်ဘူးပေါ့၊ ယန်ပြောပြတော့ ကျနော် အံ့သြသွားမိသည်၊ ထူးခြားတဲ့ အချက်ကလေးတစ်ချက်နဲ့ အထူးအဆန်းကြီးဖြစ်အောင် လူတွေဖန်တီးတတ်ကြပါလားလို့ စဉ်းစားမိလိုက်သည်။

…………………………………………………………………

နောက်နေ့တွင် ကျနော် ယန်နှင့် ဘေးလ်တို့ ကော်ဖီဆိုင် အတူတူထိုင် ဖြစ်ကြသည်၊ ကျနော်က ယန်ကို မနေ့က ထူးဆန်းတဲ့နေရာ Mystery Spot လိုက်ပို့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်သည်၊ ဘေးလ်က ‘ဘာထူးဆန်းတဲ့နေရာလည်း အဲဒါ လူလိမ်တွေ ညာနေတဲ့နေရာ၊ မင်း သူကို ခေါ်မသွားသင့်ဘူး’၊

ယန်ကလည်း ‘ဘာမို့လဲ၊ အဲဒီနေရာက ပညာရပ်နဲ့ ဖန်တီးထားတဲ့နေရာကွ အားလုံးမှ ဒေါ်လာ ၅၀ လောက်ပဲကုန်တာ’

ဘေးလ်က ‘အဲဒါပေါ့ မင်းတို့က တစ်ယောက်ကို ငါးဒေါ်လာ ဆယ်ဒေါ်လာနဲ့ ဒီလိုပဲ လုပ်စားတဲ့သူတွေ ကြီးပွားသွားတာ၊ ဘုရားသခင်ကလိုလို ဂြိုလ်သားကလိုလို သတင်းလွှင့်သေးတယ်’၊
ယန် ကလည်းမခံ ‘ဒါက ဟိုး အတိတ်ကပါကွာ၊ ခုသူတို့က ဒီလိုမပြောတော့ပါဘူး’၊
ဘေးလ်ကလည်း ‘အေးပေါ့ကွာ မင်းတို့လိုလူတွေရှိလို့ လုပ်စားတဲ့သူတွေရှိတာ’၊
‘မင်းငါ့ကို ဒီလိုမပြောနဲ့’ ယန်ကပြန်ပြောသည်၊

ကျနော်က အခြေအနေကြီးထွားလာမည် စိုး၍၊ ကြားက မင်းတို့ ရန်မဖြစ်ကြပါနဲ့လို့ ဝင်တောင်းပန်လိုက်သည်၊

ဘေးလ်ရော ယန်ရော ‘ငါတို့ ရန်ဖြစ်နေကြတာ မဟုတ်ဘူး အငြင်းပွားနေကြတာပါ’၊ ‘ငါတို့ရဲ့ သဘောထား ကွဲလွဲမှုအတွက် အငြင်းပွားနေကြတာပါ၊ ငါတို့ ဘယ်တော့မှာ ရန်မဖြစ်ဘူး’ စသဖြင့် ကျနော်ကို ပြန်ပြောကြသည်၊

ယန်က ‘ငါတို့က အငြင်းပွားနေကြကွ၊ ဒါမှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှာ၊ သူဘယ်လိုမြင်လည်း ကိုယ်ဘယ်လိုမြင်သလဲပေါ့၊ မင်းကြည့်လေ ဘေးလ်ပြောတာလည်း မမှားဘူး ကယ်လီဖိုးနီးယားက စလိုက်တဲ့ ဒီ Mystery Spot ဟာ၊ အမေရိကန်တပြည်လုံးမှာ အများကြီးဖြစ်နေပြီ မလျှို့ဝှက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုပေါ့’၊

ဘေးလ်က ‘အဲဒါကို လုပ်စားတာလို့ခေါ်တာ’၊
ယန်က တစ်ဖန် ‘လုပ်စားတယ်လို့ပဲဆိုဆို ညာတာပဲဆိုဆို ငါတို့အမေရိကန်တွေ နှစ်သက်ကြတယ် fun ပေါ့’၊
ဘေးလ်ကလည်း ‘ဒါကြောင့်လည်း လိမ်မှန်းသိလျှက်နဲ့ တစ်ချို့က အလိမ်ခံဖို့သွားကြတယ်၊ ဒီလိုနဲ့ ဒေးဗစ်ကောဖါဖီးလ်လည်း ချမ်းသာသွားတယ်၊ လူတွေရဲ့ အကြိုက်ကို သိရင် လုပ်စားရလွယ်ပါတယ်’၊ ဘေးလ်ကဆက်၍ ‘နည်းပညာတွေ တိုးတက်လာတော့ တစ်ခါတစ်လေ လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတာတွေ ယုံရခက် မယုံရခက်ပေါ့’
‘အေးလေ နည်းပညာနဲ့ လူတွေကို ဘယ်လိုလှည့်စားတယ်ဆိုတာ မင်းသွားကြည့်သင့်တာပေါ့ ’၊ ဆိုတော့သည်၊
ကျနော်အတွက်တော့ သူတို့ရဲ့ ပွင့်လင်းသော သဘောထားကွဲလွဲမှုကို သိလိုက်ရသည်။

ကျနော်ကတော့ သွားကြည့်ပြီးမှ ဒီ Mystery Spot အကြောင်းလေ့လာဖြစ်သည်၊ Mystery Spots များသည် ဖန်တီးထားသော illusion များ ဖြစ်သည်ကို အများကသိကြပါသည်၊ ဒီလျှို့ဝှက်ချက်များကို ဖေါ်ထုတ်သူများလည်း ရှိပါသည်၊ ဒါပေမဲ့ လူတွေသွားရောက် လည်ပတ်ကြပါသည်၊ ဘယ်သူကမှ မင်းတို့ညာနေတယ်လို့် လာရန်တွေ့သူမရှိ၊ ကြိုက်သူသွား၍ မကြိုက်တဲ့သူ မသွားပဲနေနိုင်သည်၊ ကိုယ်နှစ်သက်ရင် ကိုယ်သွားမယ် ကိုယ်မနှစ်သက်ရင် ကိုယ်မသွားနဲ့ပေါ့၊ မကြိုက်တဲ့သူများက သွားရောက်တဲ့သူများကို ရန်မလုပ် မဆဲဆိုပါ၊ သွားတဲ့သူများကလည်း မကြိုက်၍ မသွားတဲ့သူများကို ဘာမှမပြော၊ ပွင့်လင်းသော လူအဖွဲ့အစည်း၏ အားသာချက်ကို တွေ့လိုက်ရသည်၊ ကိုယ်မကြိုက်၍ သူများပါ မကြိုက်ရဘူးဆိုသော ကိုယ်မသွား၍ သူများပါ မသွားရဘူးဆိုသော စိတ်ထားရှိသူများ အတော်နည်းပါးပါသည်၊ နောက်ဆုံး ယုံလား မယုံးဘူးလား ဆိုတာ အဓိကမကျ၊ ထိုသွားသောအချိန်လေးမှာ စိတ်ပျော်ရွင်မှု ရသွားခြင်းသည် တန်ဖိုးဟု သတ်မှတ်ထားကြသည်၊ တစ်ချို့က
‘I didn't even care that "it's a scam," "not real," "optical illusion," etc. Stop trying to ruin it for the people who actually enjoyed it. This was so friggin interesting, mind boggling, scratch your head type fun!’ ဆိုသည်၊                                                        
အများအားဖြင့် ဒါကို ငါတို့သိပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒီကိုလာရတာ ပျော်စရာကောင်းတယ်’ လို့ဆိုကြသည်၊
‘fun’ ကိုသိပ်ကြိုက်လွန်းလို့ ‘funny’ ဖြစ်သည်ဆိုသည့်  အမေရိကန်တွေကို ချီးကျူးမိပါသည်။

 …………………………………………………………………

ကျနော် မြန်မာပြည်ပြန်ပြီး Mystery Spots တွေဖွင့်ပြီး ဒီနည်းပညာကိုပြစားရင် ကောင်းမလားလို့ စဉ်းစားမိသည်၊ ဒါပေမဲ့ ကျနော်တွေးလိုက်မိသည်၊ ဒီအချိန်မှာ အဲဒီလို ကျနော်ပြစားလျှင် တော်ကြာ လူလိမ်လူညာ တွေပါလို့ မီဒီယာတွေကရေး၊ လုပ်စားတဲ့ သူတွေပါဆိုပြီး လူစုလူအုပ်ကြီးက ဆန္ဒတွေပြ၊ ဆန့်ကျင်ရေးအဖွဲ့တွေဖွဲ့၊ ဆန့်ကျင့်ဟောပြောပွဲတွေလုပ်၊ နောက်ဆုံး လူလိမ်လူညာ တွေပါလို့ ဆိုပြီး လူစုလူအုပ်ကြီးရောက်လာ ဝင်ဖျက်ဆီး၊ ဒီလိုနဲ့ ကျနော်ရဲ့Mystery Spots တွေ ပျောက်သွားရပါလိမ့်မည်၊ ဒါက ကျနော်ထင်မြင်ချက်သာဖြစ်ပါသည်။

လူတစ်ချို့သည် ထိုသို့ လုပ်ရသည်ကို အဟုတ်ကြီးထင်နေတတ်ပါသည်၊ သူတို့ အဟုတ်ကြီးထင်သည့် အရာများသည် ဘာမှမဟုတ်သည့် အရာများ ဖြစ်နေတတ်ပါသည်။

မကြာမှီ အချိန်မှာပေါ့ လူတစ်ချို့သည် နားလည်သင့်သည်တို့ကို နားလည်သွားခဲ့ကြလျှင် ကျနော် Mystery Spots တွေ ဖွင့်ပြီးပြဖြစ်ပါလိမ့်မည်။

sosegado






                                ရေချိန်


                                    ချိန်သီး

                                အလွန်လှတဲ့နေရာလေးပါ



 လူထုခေါင်းဆောင်ရဲ့ ပထမ ရည်မှန်းချက် အမြန်အောင်မြင်ပါစေလို့ ဆုတောင်းလိုက်မိပါသည်။


ဓါတ်ပုံ ZSO


Monday, September 10, 2012

မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ် အပိုင်း (၂)



မြစန်းကြည်သည် သူ့ကိုကျနော် အရမ်းချစ်သည် ဆိုတာကို သိပါလိမ့်မည်၊ မြစန်းကြည် ကျနော့်ကို ချစ်သည် ဆိုသည်ကို ကျနော်လည်း ယုံကြည်ပါသည်၊ နှစ်ယောက်စလုံး၏ စဉ်းစားတွေးခေါ်တတ်မှုသည် ကျနော်တို့နှစ်ယောက်၏ နီးစပ်နိုင်မှုကို ဝေးကွာစေခဲ့သည်ဟု ကျနော်ယူဆပါသည်၊ တစ်ခါတစ်လေ သာမန်အရပ်ထဲကလူတွေလို ဘာမှ သေသေချာချာ စဉ်းစားစရာမလိုပဲ ချစ်သည် ကြိုက်သည် ယူလိုက်သည် ဆိုတာမျိုးက ပို၍ လက်တွေ့ဆန်တတ်ပါသည်၊ ကျနော်တို့ နှစ်ယောက်ကို လက်တွေ့ မဆန်ဘူးလို့ ပြောလာရင် တစ်ဝက်မက မှန်ပါလိမ့်မည်၊ အတူနေဖို့အရေး မိဘဆွေမျိုးအသိုင်းအဝိုင်း နေရေးထိုင်ရေး ရှေ့ရေး စသဖြင့် အားလုံး အဆင်ပြေမှ ဆိုလျှင်တော့ အခြေအနေ အချိန်အခါကို စောင့်ရပါသည်၊ ထိုစောင့်နေရသော အချိန်တွင် အရာရာသည် ပြောင်းလဲ သွားတတ်ကြောင်း ကျနော် ကိုယ်တွေ့ သိခဲ့ရပါသည်။

ငါတို့နှစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုပြီး မြစန်းကြည်သည် ကျနော့်ဆီက ခြေရာဖျောက် ပျောက်သွားခဲ့သည်၊ နိုင်ငံခြားသို့ ထွက်သွားသလိုလို နယ်စပ်တစ်နေရာသို့ ထွက်သွားသလိုလို ကျနော် အစရှာလို့ မရခဲ့ပါ၊ မိုးကုတ်တွင် တစ်လကျော်ကျော် နေခဲ့သော်လည်း ဘာမှ မထူးခြားတော့ပါ၊ မိုးကုတ်မြို့သည် ကျနော်ကို တစိမ်းဆန်ခဲ့ပါပြီ၊ မည်သည့်အတွက်ကြောင့် သူ၏တဘက်သတ် ဆုံးဖြတ်ချက်ဖြင့် ကျနော်ကို ပစ်ခွာပြေးသွားသလဲ ကျနော် မသိခဲ့ပါ၊ ဒီမှာဘက်တွင် ကျနော်က ခပ်ညံ့ညံ့သမား မဟုတ်ပါလား၊ ကျနော့်မိဘ အသိုင်းအဝိုင်း၏ ဇွတ်တရွတ် တဘက်သတ် ပြုလုပ်နေမှုကြောင့် အဓိကဖြစ်နိုင်သည်ဟု ကျနော် ထင်မြင်မိသည်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့ မြစန်းကြည်ကို ရှာနေဆဲ သတင်းတွေ ထောက်လှမ်းနေဆဲပါ၊ ကျနော့်ရဲ့ အရပ်မြင့်မြင့် အချစ်ဆုံးသည် ကျနော်ထံ ပြန်လာလိမ့်မည်ဟု ယုံကြည်ထားပါသည်။

ကျနော့် အဖေနှင့်အဖွားတို့၏ လုပ်ရပ်များကို ချစ်သူနှင့်ကွေကွင်းရ၍ ကျနော် ခံပြင်းဒေါသဖြစ်ရပါသည်၊ တကယ်ဆို ‘သား ဒီမိန်းကလေးနဲ့တော့ အဖွားတို့ သဘောမတူနိုင်ဘူး၊ တခြား အဖွားတို့ လက်ခံနိုင်တဲ့ တစ်ယောက်ကို သားရှာကြည့်ပါ’ ဒီလိုပြောလာလို့ ရသည်၊ သူတို့က ကျနော်ကို အပျော့နည်းနဲ့ မချဉ်းကပ်ကြ၊ တခါထဲ သူတို့ကြိုက်တဲ့သူကို လိုက်ရှာနေသည်၊ သူတို့ကလည်း ကျနော်နဲ့ မြစန်းကြည်သည် အရမ်းချစ်ကြိုက်နေသူများဖြစ်၍ ခွဲလို့ ရမည်မဟုတ်လို့ ထင်ကောင်းထင်နေမည်၊ မြစန်းကြည်နှင့် ကျနော် အဆက်အသွယ်ပြတ်နေသည့်ကိစ္စကို ကျနော် သူတို့ကို အသိမခံ၊ အဆက်အသွယ်ရှိနေသည့်ဟန် ဆောင်ထားသည်၊ တစ်ခါတစ်လေ မိုးကုတ်ကို တစ်ရက်လောက်ဖြစ်ဖြစ် သွားလိုက်သေးသည်၊ တကယ်တော့ မြစန်းကြည်ရဲ့ သတင်းလေးရမလားလို့ပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်မိသားစုနဲ့ကျနော် 孙武ဆန်ဝူရဲ့ နည်းတွေကို အသုံးချဆက်ဆံတော့မည်လို့ ကျနော်ဆုံးဖြတ်လိုက်သည်၊ ဘာကြောင့်လဲလို့ မေးလာရင် အဖြေကတော့ ကျနော်သည် မြစန်းကြည်မှ လွဲ၍ ဘယ်သူကိုမှ လက်မထပ်ချင်ပါ။

တစ်နေ့ ကျနော် အိမ်ပြန်သွားသောအခါ အိမ်တွင် အန်တီကြီး တစ်ဦးရောက်နေပါသည်၊ ဒီအန်တီကြီးကို ကျနော်သိပါသည်၊ ၂၉ လမ်းက နာမည်ကြီး မယ်ဖေါ် ဒါမှမဟုတ် မိန်ရန် (မိန်းမစပ်ပေးသူ) တစ်ယောက်ပါ၊ အဖွားက ဒီကိုလာခဲ့ဘာညာနဲ့ ကျနော်ကို အန်တီကြီးနဲ့ မိတ်ဆက်ပေးသည်၊ အန်တီကြီးတွင် အယ်လ်ဘမ်တွေနှင့် စာရင်းစာအုပ်တွေပါသည်၊ ကျနော်ကို တိုက်ရိုက်မပြသော်လည်း အယ်လ်ဘမ်ကို ဟိုလှန်ဒီလှန် လုပ်ပြသည်၊ အထဲက ကောင်မလေးတွေရဲ့ ပုံတွေကို မြင်နေရသည်၊ ကျနော်လည်း အလိုက်အထိုက်ပင် နေလိုက်သည်၊ ဒါမှ အဖွားတို့ အဖေတို့ ဘာလုပ်နေသလဲ ကြိုသိကြိုမြင်၍ ကျနော်ဘက်က ကြိုတင်ပြင်ဆင်လို့ ရမည် မဟုတ်ပါလား၊ အပြန်တွင် အန်တီကြီးက အဖွားကို အယ်လ်ဘမ်တစ်အုပ် ပေးသွားခဲ့သည်၊
ညနေ ရောက်တော့ ကျနော်က အဖွားကို ‘အဖွား ကျနော်ကြားဖူးတယ် မယ်ဖေါ်တွေနဲ့ အိမ်ထောင်ပြုရင် ဆွေစဉ်မျိုးဆက် မကောင်းဘူးလို့ ကျနော်တို့ မျိုးရိုးက ဆိုရိုးရှိတယ် မဟုတ်လား’ စကားထည့်လိုက်သည်၊ အဖွားတွေဝေသွားသည်၊ ဘာပဲဖြစ်ဖြစ် အစွဲကြီးသော အဖွားသည် ဆက်လုပ်လိမ့်မည် မဟုတ်ကို ကျနော်သိသည်၊ အဖေက ဇွတ်လုပ်လာရင်တောင် အဖွားက ကန့်ကွက်တော့မည် ဖြစ်သည်။

အဲဒီလိုပဲ တစ်ညမှာ အဖေက ညစာစားပွဲရှိတယ် အိုရီယန်တယ်ကို လာခဲ့ပါလို့ ဖုန်းနဲ့ပြောလာသည်၊ ကျနော်လည်း သွားဖြစ်ခဲ့သည်၊ အိုရီယန်တယ် စားသောက်ဆိုင်ရဲ့အပေါ် အထူးအခန်းတစ်ခုမှာ ဖြစ်သည်၊ ကျနော်ရောက်သွားတော့ အဖွား၊ အဖေ၊ အမေနှင့် ဦးလေးမိသားစု၊ ကျနော့်အစ်မဝမ်းကွဲလည်းပါသည်၊ နောက်ပြီး တစ်ခြားမိသားစု တစ်ခုကိုတွေ့လိုက်ရသည်၊ ဆယ်ကျော်သက်ရွယ် ကလေးနှစ်ယောက်၊ နှစ်ဆယ်ကျော်အရွယ် ကောင်မလေးတစ်ယောက် နှင့် သူတို့၏ အဖေနှင့်အမေတို့ဖြစ်သည်၊ ရှေးဦးစွာအစ်မဝမ်းကွဲက အားလုံးနှင့်ကျနော်ကို မိတ်ဆက်ပေးသည်၊ ကောင်မလေးနာမည်က ပွင့်ဖူးဝါတဲ့ ကျနော်၏အထင် တရုတ်ကိုမြန်မာမှုပြုထားသော နာမည်ဖြစ်မည် တရုတ်လိုဖီးနှစ်ငှက်ကလေးလို့凤凰 အဓိပ္ပါယ်ရသည်၊ သူတို့ကိုကြည့်ရသည်မှာ မန္တလေးကမဟုတ်သော ဒါမှမဟုတ် မန္တလေးပတ်ဝန်းကျင်ကမဟုတ်သော မိသားစုဖြစ်ကြောင်း သိနိုင်သည်၊ အပြောအဆိုနဲ့ အမှုအရာများသည် ယူနန်ဆန်သည်၊ ဒီလိုပဲ မိသားစုချင်း စကားတွေပြောနေကြသည်၊ ကျနော် အလိုက်အထိုက်ပင် နေပေးလိုက်သည်။

နောက်နေ့တွင် အစ်မဝမ်းကွဲ ကျနော့်ရုံးခန်းကို လိုက်လာသည်၊ အစ်မဝမ်းကွဲက ‘မနေ့က ကောင်မလေးနှင့် မိသားစုကို ဘယ်လိုမြင်သလဲတဲ့’ မေးလာသည်၊
ကျနော်က “ဘာကို ဘယ်လိုမြင်ရမှာလဲ” လို့မေးတော့ ‘မိသားစုနှစ်စု ပေါင်းစပ်ရမှာကို မေးတာ’လို့ပြောသည်၊ ကျနော်ကလည်း မသိသလို နားဝေးသလိုနဲ့ သူ့ကို မေးခွန်းတွေပြန်ပြန် မေးနေသည်၊ ကြာတော့ အစ်မဝမ်းကွဲ စိတ်မရှည်တော့ ‘အဲဒီကောင်မလေးနဲ့ နင်နဲ့ ယူလိုရမလား နင်ကြိုက်သလားလို့ မေးတာဟဲ့’ ဟုဆိုတော့သည်၊ သူတို့ထုံးစံက ယူရမဲ့သူနှစ်ယောက်က အရေးမကြီး ယူမဲ့သူတွေရဲ့ မိသားစုတွေက ပိုအရေးကြီး နေလား ကျနော်မသိတော့၊ ကျနော်က “ကောင်မလေးက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်”၊
‘အေး ငါလည်း နင်က အဲလိုကောင်မလေးမျိုးတွေ ကြိုက်တယ် ဆိုတာ သိထားလို့’ ဆိုပြီး ရယ်နေသည်၊
ကျနော်က “ဒါပေမဲ့ ကျနော်မကြိုက်ဘူး၊ မဖြစ်နိုင်ဘူး” ဖြေလိုက်သည်၊
‘ဘာရယ်’ ‘ဘာကြောင့်မို့လဲ’ ဆိုပြီး အံ့သြစွာမေးလာသည်၊
ကျနော်ကလည်း “ဘာရယ်ကြောင့်မို့ မဟုတ်ပါဘူး၊ မကြိုက်လို့ မကြိုက်တာပါ၊ နောက်ပြီး အဲဒီကောင်မလေးနဲ့့ ကျနော်စကားတွေ ပြောကြည့်ပါတယ် သူက မျက်မှန်တတ်တယ်”၊
‘ဘာရယ် မျက်မှန်တတ်လို့’ အစ်မဝမ်းကွဲကပြန်မေးသည်၊
“မျက်မှန်တတ်တာကိုပြောတာ” ကျနော်ပြန်ဖြေလိုက်သည်၊
‘ဟဲ့ ဒီမှာ ငါ့မောင်ရဲ့ အပြင်က တရုတ်အမျိုးသမီးတွေ အများစု ငါ့အထင် ၇၅%ကျော်ဟာ မျက်မှန်တတ်ကြတယ်၊ နင်ဟာကလေ တရုတ်ဖြစ်နေပြီးတော’့
ကျနော်ကလည်း “၂၅%ကျန်သေးတယ်လေ၊ အဲဒီ၂၅%ဆိုတာ အများကြီးပဲ”၊
၂၅% ဆိုတာ အများကြီးပဲဆိုတာ တစ်ချို့လူတွေ မသိချင်ယောင် ဆောင်တတ်ကြသည်၊
‘ဒါကြောင့် လူကြီးတွေကပြောတယ် နင်ဟာ အလွန်ပြောရဆိုရခက်တဲ့ သူတစ်ယောက်၊ နောက်ပြီး နင်တအား မြန်မာဆန်နေပြီ’၊
“ဒီမှာ အစ်မ မြန်မာပြည်မှာ မွေးပြီး မြန်မာတွေနဲ့ အတူကြီးပြင်းလာတဲ့ သူတစ်ယောက်ဟာ မြန်မာဆန်တာ ဘာဖြစ်လဲ၊ ကျနော်ဟာ တရုတ်အမျိုးအနွယ် တစ်ယောက်ဖြစ်ပေမဲ့ ကိုယ်ကိုကိုယ် မြန်မာလို့ပဲခံယူထားတယ်၊ ငါတို့တရုတ်တွေ ငါတို့တရုတ်တွေလို့ ပြောပြီး အမျိုးမြင်တာတွေ ကျနော်ဆီကို ဘာအကျုုိးသက်ရောက်မှုမှ မရှိပါဘူး၊ ခုဆိုခေတ်တွေ ပြောင်းနေပြီ အစ်မ၊ ကျနော်တို့ လိုက်ပြောင်းမှဖြစ်မယ်”၊
‘ဒီမယ် ငါ့မောင် အများအမြင်မှာတော့ မင်းဘယ်လောက်ပဲ မြန်မာဆန်နေ ဆန်နေ၊ မင်းဟာတရုတ်တစ်ယောက်ပဲ၊ တရုတ်ဟာတရုတ်၊ မြန်မာဟာမြန်မာ၊ ကုလားဟာကုလား သူတို့ဒီလိုမြင်ကြမှာပဲ’၊
“အဲဒါပဲလေ အဲဒီမြင်တဲ့ အမြင်ကိုပြောတာ၊ မြင်တတ်ရင် မြန်မာပြည်သားပဲ၊ နေတတ်ရင်မြန်မာပြည်သားပဲ”၊ “ကျနော်ယုံကြည်ပါတယ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ အဲလိုမြင်တတ် နေတတ်တဲ့ သူတွေ အများကြီးရှိလာမယ်လို့”။

“အစ်မမှတ်မိတယ် မဟုတ်လား၊ အစ်မ တက္ကသိုလ်တက်တုန်းက အစ်မနဲ့ တောင်မြို့က အစ်ကိုတစ်ယောက်နဲ့ အရမ်းတွဲခဲ့တာ၊ အစ်မတို့ကတော့ သူငယ်ချင်းတွေပါပဲ၊ ဦးးလေးနှင့်အဒေါ်အမြင်မှာကြတော့ သူတို့သမီး မြန်မာနဲ့ ယူသွားမှာစိုးလို့ တတိယနှစ်မှာ ကျောင်းထုတ်ပြီး စာပေးစာယူတက်ခိုင်းခဲ့တာ၊ အဲဒါကို အစ်မဘာပြောမလဲ၊ ခုအစ်မ အပျိုကြီးဖြစ်နေပြီ၊ ဟို အစ်ကိုကြီးကလည်း ခုထိ လူပျိုကြီး”၊
“ဦးလေးနှင့်အဒေါ်က အတင်းပေးစားလို့ အစ်မလူတစ်ယောက်ကို ယူလိုက်ရပြီး အဲဒီလူက ရူးကြောင်ကြောင်ဖြစ်နေမယ်၊ အရက်တွေလဲသောက် အစ်မကိုနေ့တိုင်းရိုက် ဆဲဆိုနေတယ်ဆိုရင် အစ်မဘယ်လိုနေမလဲ”
‘ငါ့အဖေနှင့်အမေက ဒီလိုဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး’၊
“အစ်မရယ် ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲလိုဖြစ်နေတဲ့ မိန်းမတွေ အများကြီးပါ”၊
ကျနော်ကို အဲလိုပြန်ဖြေနေပေမဲ့ အစ်မစကားတို့သည် နှေးသွားပါပြီ၊ တွေဝေရီဝေနေသော မျက်လုံးကို မျက်မှန်ထဲမှာ လှမ်းတွေ့လိုက်ရသည်၊ အစ်မသည် ဟိုအစ်ကိုကြီးကို ချစ်ကောင်းချစ်ခဲ့ပါမည်၊ ဟိုအစ်ကိုကြီးကလည်း အစ်မကို ချစ်နေနိုင်ပါသည်၊ ကျနော် ပထမဦးဆုံးအကြိမ် မျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်ကို စိတ်ထဲက သနားမိလိုက်ပါသည်။

××××××××××××××××××××××××××××××××××××××××××-


တစ်နေ့မှာ မန္တလေးက သူငယ်ချင်းတစ်ယောက် ဆော်သြမှုကြောင့် နန်းရှေ့က မိဘမဲ့ဂေဟာတွင် ကျနော်အလှူပြုလုပ်ပါသည်၊ ကျောင်းသူ ကျောင်းသားအားလုံးကို ဖိနပ်တစ်စုံလှူပြီး မနက်စာ မုန့်ဟင်းခါး ကျွေးပါသည်၊ အဖွားနဲ့ အမေသည် မနက်ကတည်းက ရောက်နေပြီး ပါဝင်လုပ်ကိုင်နေပါသည်၊ ကျနော်တို့ ကလေးတွေကို ဖိနပ်တွေ ဝေပေးနေချိန်တွင် အဖေရောက်လာပါသည်၊ အဖေနဲ့အတူ အမျိုးသမီးနှစ်ဦးပါလာပါသည်၊ နောက်မှ အမေနှင့်သမီးဖြစ်ကြောင်းသိရပါသည်၊ အမေနဲ့သမီးသည် အသက်နှစ်ဆယ်တောင် ကွာမည်မထင်ပါ၊ ခုလောလောဆယ် မန္တလေးတွင် အောင်မြင်နေသော မီးသီး၊ မီးဆွဲ lighting ကုမ္ပဏီ တစ်ခုက လုပ်ငန်းရှင်၏ ဇနီးနှင့်သမီးတို့ ဖြစ်ကြောင်းသိရပါသည်၊ နှစ်ယောက်လုံးကမိတ်ကပ် အဖွေးသားနဲ့၊ နေကာမျက်မှန်ကိုယ်စီနဲ့ပေါ့၊ သားအမိနှစ်ယောက်ကိုကြည့်ရသည်မှာ ကျနော်တို့အလှူလုပ်နေတာကို အပိုတွေလုပ်နေသည့်အလား၊ နောက်ပြီး ကျောင်းသားကျောင်းသူလေးများကို ရွံရှာဖွယ် နှိမ်ချကြည့်နေသည်ကို တွေ့ရသည်၊ သမီးနာမည်သည် နန်းဝေဝေလို့ မြန်မာလိုပေးထားပြီး အသက် ၂၂နှစ်သာရှိသေးသည်၊ သမီးလေးက တရုတ်လို စနှုတ်ဆက်သည်၊ ပြီးမှ မြန်မာစကားကို မပီကလာ ပီကလာနဲ့ ကျနော်ကို လာပြောပါသည်၊ ကျနော့်လုပ်ငန်းတွေ အောင်မြင်တာကို ဂုဏ်ယူကြောင်း၊ ကျနော်ဝယ်ထားသော ကားများအကြောင်း၊ အစုအစပ် လုပ်ငန်းများအကြောင်း သူလည်းသူတို့၏ စီးပွားရေးကို စလေ့လာနေပြီဖြစ်ကြောင်း စသဖြင့်ပြောဆိုနေပါသည်၊ ကျနော်တို့ စကားပြောနေချိန် ကျောင်းက ကောင်လေးတွေက အစ်ကိုဘာတွေလုပ်မယ်၊ ဘာတွေလုပ်ချင်သေးသလဲ လာမေးကြပါသည်၊ ထိုအခါ နန်းဝေဝေသည် ထိုကလေးများကို စကားပြောနေတာ ဝင်ရှုပ်ရမလားဆိုပြီး ရိုင်းပြစွာဟောက်လွတ်ပါသည်၊ တရုတ်လိုလည်း ဆဲဆိုလိုက်ပါသေးသည်၊ အဖေတောင် မျက်နှာပျက်သွားခဲ့သည်၊ ကျနော်သည် တရုတ်စကားကို ရေရေလည်လည် မတတ်သော်လည်း ဆဲဆိုတာနဲ့ ထမင်းစားရေသောက်လောက်တော့ သိပါသည်၊ ကျနော်တို့ ဘုန်းကြီးတွေ မယ်သီလရှင်တွေကို ကန်တော့ တော့လည်း ဝင်ပြီးမကန်တော့ပါ၊ အားလုံး မုန့်ဟင်းခါးစားကြတော့လည်း သူတို့ သားအမိဝင်မစားပါ၊ အမေလုပ်သူက မစားတတ်လို့ဆိုသည်၊ မုန့်ဟင်းခါးမစားတတ်သူကို ပထမဦးဆုံးအကြိမ် ကျနော် မြင်ဖူးခြင်းဖြစ်ပါသည်၊ သမီးလုပ်သူကတော့ သူမျက်ကပ်မှန်တတ်ထားလို့ မုန့်ဟင်းခါးအငွေ့တွေ မျက်စိထဲ ဝင်မှာစိုးလို့ လို့ဆိုသည်၊ မုန့်ဟင်းခါးနဲ့ မျက်ကပ်မှန် ဘာမှတော့မဆိုင်ပါ၊ ဒီကြားထဲ အဖွားက ဒီအလှူအကြောင်း ကြွားလိုက်သေးသည်၊ သားအမိနှစ်ယောက်ကလည်း အားကျမခံ သူတို့တစ်ခါတစ်လေ ယူနန်က သူတို့ရွာမှာ လိုအပ်တာတွေကို လှမ်းလှူကြတယ်လို့ဆိုသည်၊ သြော် လှူလည်းလှူတတ်ကြပေတယ်၊ ကျနော်ဘဝတွင် ပထမဦးဆုံး မျက်ကပ်မှန်တတ်ပြီး နေကာမျက်မှန်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ရွံရှာမိပါသည်။

မန္တလေး၏ စီးပွားရေးလုပ်ငန်းများသည် မန္တလေးက ထောက်လှန်းရေးခေတ်လို့ ခေါ်တဲ့အချိန်မှာ ပရမ်းပတာပြောင်းလဲသွားသည်၊ ငွေအရင်းအနှီးကြီးမားသောလူတစ်ချိုု့ စီးပွားရေးလောကထဲ ဝင်ရောက်လာသည်၊ ထိုမှ အစုလိုက် အစုလိုက် ရောက်လာကြသည်၊ လုပ်ငန်းပေါင်းစုံတွင် ဝင်လာကြသည်၊ တစ်ချို့ကလည်း မြို့လယ်ကောင်မှာ မြန်မာတွေ မရှိတော့ဘူးလို့ ပြောလာသည်၊ တကယ်တော့ မြန်မာတွေသာမက မန္တလေးမြို့ခံ တရုတ်တို့သည်လည်း ထိုအရွေ့တွင်ပါဝင်ခဲ့ကြသည်၊ အတူတူ လုပ်ကိုင်နေသော ၂၆လမ်း၊ ၂၉လမ်း တဖြေးဖြေးနဲ့ ၃၅ ၃၆လမ်းထိ လုပ်ဖက်သူငယ်ချင်းတွေ ဘယ်ရောက်ကုန်လဲ မသိတော့ပါ၊ နိုင်ငံခြားပဲ ထွက်သွားကြလေလား၊ ရန်ကုန်ဘက်ကိုပဲ ပြောင်းသွားကြလေလား မသိတော့ပါ၊ လမ်း၈၀ ဘုံကျောင်းကြီးက ကော်မတီဝင်တွေသည်လည်း မျက်နှာသစ်များနဲ့ ဖြစ်လာသည်ဆို၏၊ အဖေ လူကြီးအဖြစ်ပါဝင်သော ၈၂လမ်း ဘုံကျောင်းကြီးကတော့ တောင့်ခံထားခဲ့သည်၊ အဖေ့ အမျိုးအနွယ်က မြန်မာနိုင်ငံတွင် အင်အားနည်းနည်းတောင့်သည်ကိုး။ 

မင်းနေပြည်ဖြစ်ခဲ့သော မန္တလေးတွင် မြန်မာလို စကားမပြောသော ဆယ်ကျော်သက်လေးတွေ အုပ်စုလိုက် အဖွဲ့လိုက် တွေ့နိုင်ပါသည်၊ မတတ်လို့ မပြောတာလား၊ မပြောချင်၍ မပြောတာလား ကျနော် မသိပါ၊ ကျနော်နဲ့ အသက်ဆယ်နှစ်ကျော်လောက်ကွာသော အသစ်အသစ်တို့၏ ဆယ်ကျော်သက်လေးတွေပါ၊ အစဉ်အဆက် မန္တလေးပတ်ဝန်းကျင်တွင် ကြီးပြင်းလာသော ကျနော်တို့ တစ်တွေသည် မန္တလေး၏ ဓလေ့ ထုံးတမ်း အပြောအဆို အနေအထိုင်ကို နားလည်၍ ကျနော်တို့ ကိုယ်တိုင်ပင် မန္တလေးနယ်သားများ အဖြစ်ခံယူခဲ့ပါသည်၊ တိုင်းနယ်ပြည်နယ် ဘောလုံးပွဲတွေ ခေတ်စားနေတုန်းက အဖေတို့ စီးပွားရေးအဖွဲ့သည် မန္တလေးတိုင်းအသင်းကို တတ်အားသမျှ ကျောထောက်နောက်ခံပြုခဲ့သည်၊ ဘောလုံးသမား ပေါက်စီနှင့် နောက်ဘောလုံးသမားနှစ်ဦးကို ဘုံကျောင်းတွင်ခေါ်ကာ ဂုဏ်ပြုဧည့်ခံဘူးသည်ဆို၏၊ ဒီနေ့ ထို ဆယ်ကျော်သက်လေးတွေက နည်းနည်းရိုင်းသည်ဟု ကျနော်ထင်မိပါသည်၊ ကလေးများသည် အများအားဖြင့် မြန်မာကျောင်းကိုမတက် မြန်မာစာလည်းမသင်ကြပါ၊ သူတို့၏ ဦးတည်ချက်သည် ကြီးပြင်းလာလျှင် အမေရိကား၊ သြစတေးလျ၊ တိုင်ဝမ် နောက်ဆုံး မရလျှင် စင်္ကာပူကို သွားရောက် ကြမည့် သဘောဖြစ်မည်၊ အစဉ်အလာအားဖြင့် မန္တလေးဘက်တွင် အနည်းငယ်ကြီးသူကို ဘိုးတော် ဘွားတော် ဆိုပြီးခေါ်ဝေါ်သုံးလေ့ရှိသည်၊ ကျနော်တို့ဆိုရင်အကြော်ရောင်းသည့် အဒေါ်ကြီးကို ဘွားတော်၊ ဆိုက်ကားဆရာကိုလည်း ဘိုးတော် ခေါ်လေ့ရှိပါသည်၊ ထိုကလေးတွေကတော့ လမ်းဘေးစျေးဝယ်လျှင်လည်း စျေးရောင်းသူ အဖိုးကြီး အဖွားကြီးများကို နင်နဲ့ငါနဲ့ ရိုင်းပြစွာ ပြောဆိုရုံမက တရုတ်လိုနှိမ်ချဆဲဆိုသေးသည်၊ တစ်ခါတစ်လေ မခံဝ့ံနိုင်စရာများကို မြင်တွေ့ရပါသည်၊ တစ်နေ့က ထို အသစ်အသစ်တို့၏ ဆယ်ကျော်သက်လေးတွေ ဆိုင်ကယ်ကို ဦးထုပ်မပါပဲ သုံးယောက်စီးလာသည်၊ ဒါကို လမ်းပြရဲတစ်ယောက်က တားသည်၊ ထိုဆယ်ကျော်သက်လေးတွေက ငါးထောင်တန်တစ်ရွက်ကိုပစ်ချ ခြေထောက်နဲ့ကန်ပေးလိုက်သည်၊ ပြီးတော့ တရုတ်လို ဆဲဆိုလိုက်သည်၊ လမ်းပြရဲကတော့ မသိသလို ဘာလိုလိုနဲ့ ကွမ်းစားထားသောသွားတွေနဲ့ ပြုံးဖြီးဖြီးလုပ်ပြီး ငါးထောင်တန်ကို ကောက်ယူလိုက်သည်၊ ကျနော့်အတွက်တော့ ခံစားလိုက်ရတဲ့ မြင်ကွင်းတစ်ခုပါပဲ၊ တကယ်တော့ သူတို့သည် ယဉ်ကျေးမှုကို တော်လှန်ထားသော နေရာက ရောက်လာကြသူများရဲ့ မျိုးဆက်တွေ မဟုတ်ပါလား။

အသစ်အသစ်နှင့် အဟောင်းအဟောင်းတို့၏ နိယာမသည် ဘယ်လိုပဲ ရှိနေပါစေ မျှခြေသည် အရေးကြီးသည် ဟုထင်မြင်မိပါသည်၊ ထိုကလေးများ ကြီးပြင်းလာလျှင် သူတို့သည် မန္တလေးသူ မန္တလေးသားတွေဖြစ်လာကြမည်လား၊ မြန်မာပြည်သားတွေ ဖြစ်လာကြမည်လား၊ မြန်မာလို့ပြောရင် အောက်ကျတယ်ထင်နေတဲ့သူတွေ မြန်မာပြည်သားတွေ ဖြစ်လာနိုင်စရာ အကြောင်းတော့ ရှိမည် မထင်ပါ၊ ဖြစ်လာရင် ဘယ်လိုမျိုး မြန်မာပြည်သားတွေ ဖြစ်လာကြမည်နည်း၊ မေးခွန်းတွေ ရှိပါလိမ့်မည်၊ ယဉ်ကျေးမှုကို တော်လှန်ထားသော နေရာက ရောက်လာကြပါစေ ဒီနေရာနဲ့ လိုက်လျောညီထွေစွာ နေတတ်ရမည်၊ နေနိုင်ရမည်ဟု မဟုတ်ပါလား၊ တိုင်းပြည်၏ အပြောင်းအလဲနဲ့ လိုက်ပါရမည်၊ သို့မဟုတ်ပါက မနေတတ်သူတွေကြောင့် ပဋိပက္ခ အသွင်ဆောင်သွားနိုင်ပါသည်၊ ဒီနေ့ဒီအချိန်တွင် မနေတတ်မထိုင်တတ်တဲ့ သူတွေ နေရာတိုင်းမှာ တွေ့နေရပါသည်၊ အမျိုးအနွယ် ဘာသာရေးကို အကြောင်းပြပြီး မနေတတ်မထိုင်တတ်တဲ့ သူတွေအတွက်တော့ အပြောင်းအလဲတွင် နေရထိုင်ရခက်ပါလိမ့်မည်၊ သူတို့၏ မနေတတ်မထိုင်တတ်မှုကို လူအခွင့်အရေးဆိုပြီး လွဲမှားစွာမြင်နေသူတစ်ချို့ကိုလည်း တွေ့နေရသည်၊ တကယ်တော့ ယဉ်ကျေးမှုကို တော်လှန်ထားသောသူတွေ၊ အစွန်းရောက်သမားတွေနဲ့ ဆက်ဆံ လုပ်ကိုင် ညှိနိုင်း ငြိမ်းချမ်းရေး လုပ်နေရခြင်းသည် အခက်အခဲဆုံးတစ်ခုပါ။

××××××××××××××××××××××××××××××××××××××××××-

တစ်ရက်မှာတော့ ကျနော်ရုံးခန်းကို အဖွား၊ အဖေနဲ့ အမျိုးသမီးတစ်ဦး ရောက်လာသည်၊ အဖွားက ထိုအမျိုးသမီးကို ကျနော်နဲ့ မိတ်ဆက်ပေးသည်၊ အသက်သုံးဆယ်တော်တော်ကျော်လောက်ပါပြီ၊ ခေတ်မှီသော ဝတ်စားဆင်ယဉ်မှုနဲ့ဖြစ်သည်၊ ဝုလန်လို့ ခေါ်မည်ထင်သော စေ့စပ်ကြောင်းလမ်းပေးသော အေးဂျင့်လုပ်ကိုင်နေသူ ရန်ကုန်က ဖြစ်သည်၊ သူတွင် လက်တော့ပ်တစ်လုံးပါသည်၊ အိုင်ပက်လည်းပါသည်၊ ကျနော်နဲ့ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် စကားစမြည် ပြောဖြစ်ကြသည်၊ သူရဲ့ လက်တော့ပ်ထဲတွင် ကျနော်၏ ပရိုဖိုင်ကို တွေ့လိုက်ရသည်၊ အံ့အားတော့ မသင့်သွားပါ၊ အဖွား၏ လုပ်ဆောင်ချက် အများဆုံး ဖြစ်နိုင်ပါသည်၊ အမျိုးသမီးသည် သူ့အလုပ်အကြောင်းကို အနည်းငယ် ရှင်းပြသည်၊ တိုင်ဝမ်မှာ ဆယ်နှစ်လောက် နေလာခဲ့သည် ဆိုသည်၊ နောက် သူဆီမှာရှိတဲ့ ကောင်မလေးတစ်ချို့ရဲ့ ပုံကို အိုင်ပက်ထဲမှပြသည်၊ လောလောဆယ် စင်္ကာပူ တိုင်ဝမ်မှာ နေနေတဲ့ သူတွေလဲ ပါသည်လို့ ဆိုသည်၊ အထိုက်အလျှောက် နားထောင်ရင်း စိတ်ထဲမှာတော့ အဖွားနှင့်အဖေတို့ စိတ်မလျှော့သေးကြပါလား လို့တွေးလိုက်မိသည်။

မြစန်းကြည် သတင်းကြားရ၍ သူငယ်ချင်းတစ်ယောက်ရှိရာ တောင်ကြီးသို့ သွားခဲ့ပါသည်၊ တောင်ကြီးက အပြန်တွင် အိမ်တွင် အထူးဧည့်သည် တစ်ယောက်ကို တွေ့ရန်ရှိသည် လာခဲ့ပါဆို၍ အိမ်ကိုသွားလိုက်ရသည်၊ အမေက သတင်းပေးလာ၍ ထို အထူးဧည့်သည်ဆိုသည်မှာ အဖေရော အဖွားရော အရမ်းသဘောကျ နေတဲ့ ကောင်မလေး တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်၊ အိမ်ရောက်သွားသောအခါ အိမ်ရှေ့ဧည့်ခန်း ဆိုဖါပေါ်တွင် ထိုင်၍ လက်တော့ပ်ကွန်ပြူတာနဲ့ စာရိုက်နေသော မိန်ကလေး တစ်ဦးကို တွေ့လိုက်ရသည်၊ သာမန် မိန်ကလေး တစ်ယောက်ပါပဲ၊ အသက်နှစ်ဆယ်ကျော်လောက်ရှိမည်၊ ဆံပင်က လက်မောင်းလောက်ထိ ရှည်သော်လည်း တစ်ဝက်လောက်ကစပြီး ပုံသွင်းကောက်ထားသည်၊ အဝတ်အစားကလည်း ခေတ်မှီစွာဖြင့် သူနဲ့လိုက်ဖက်အောင် ဝတ်ထားသည်၊ မျက်နှာက တရုတ်တစ်ယောက်ထက် အသားဖြူဖြူ မြန်မာမိန်းကလေး တစ်ယောက်နဲ့တူသည်၊ ကျနော်ဝင်လာသောအခါ ပြုံးပြပြီး ခေါင်းလေးညိတ်ပြသည်၊ ကျနော်ကတော့ ခပ်တည်တည်ပင် သူ့ကို မကြည့်သလိုနဲ့ ဧည့်ခန်းကိုဖြတ်ကာ အခန်းထဲဝင်လိုက်သည်၊ အဲဒီမှာ ကျနော် သတိထား မိလိုက်တာကတော့ ဒီကောင်မလေးက မျက်မှန်တတ်သည်၊ မျက်မှန်နဲ့ မျက်နှာပုံက လိုက်နေတော့ ကြည့်ကြည့်ချင်း သတိမထားမိတာဖြစ်မည်။ 

ခဏနေ အမေလာခေါ်၍ အိမ်ရှေ့ထွက်လာခဲ့သည်၊ အိမ်ရှေ့တွင် အဖွားနှင့် အဖေကိုလည်းတွေ့ရသည်၊ အဖွားက ကောင်မလေးကို ကျနော်နဲ့ မိတ်ဆက်ပေးသည်၊ သူ့နာမည်က ဇင်နွယ်လွင်ထူးဖြစ်သည်၊ ရန်ကုန်ကဖြစ်သည်၊ ငယ်ငယ်တုန်းက မောင်ခိုင်လမ်းထဲမှာနေသည်၊ ယခု အင်ယားလမ်းသွယ်ထဲမှာ နေသည်၊ အသက်၂၅နှစ်ရှိပြီး စင်္ကာပူတွင် ကျောင်းသုံးနှစ်တက်လာသည် ဆိုသည်၊ လောလောဆယ် ဖက်ရှင်အဝတ်ဆိုင်တစ်ဆိုင်ဖွင့်ရန် စီစဉ်ထားသည်ဟု ဆိုပြန်သည်၊ သူ့အဖေသည် အောင်မြင်နေသော ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးဖြစ်သည်ဆို၏၊ ကျနော်ကတော့ နားထောင်သူ တစ်ယောက်ပါ၊ အဖွားနဲ့သူကတော့ စကားတွေတော်တော် ပြောနေကြသည်၊ ကောင်မလေးက သူနိုင်ငံခြားတုန်းကဆိုပြီး အကြောင်းတွေ တော်တော်များများပြောသည်၊ နောက်ပြီး မြန်မာပြည်ကလူတွေ ဘယ်သိလိမ့်မတုန်း ဆိုသည့် စကားကိုလည်း ခဏခဏသုံးတတ်ပြန်သည်၊ အဖွားတို့ အဖေတို့ကတော့ သူပြောနေတာကို သဘောကျနေသည့်အလား၊ ကျနော် အမှတ်ရလိုက်ပါသည် အရင်တုန်းကပေါ့ ဒီအိမ်ရှေ့ ဧည့်ခန်းမှာပဲ၊ ကျနော်ချစ်သူ မြစန်းကြည် အပြောအဆိုခံခဲ့ရသည်၊ ဒါကိုစဉ်းစားမိတော့ ကျနော်မျက်နှာတွင် ခံပြင်းစိတ်များဖြစ်လာသည်၊ ကျနော့်မျက်နှာပြောင်းသွားသည်ကို အားလုံး သတိထားမိသွားသည်လား မသိ၊ စကားပြောသံတွေ ခဏ တိတ်ဆိတ်သွားသည်၊ အဖွားကစ၍ ‘ငါတို့ စကားကောင်းနေလိုက်တာ၊ မြေးနှစ်ယောက် ခင်မင်ရင်းနှီးသွားအောင် နှစ်ယောက်ထဲ စကားပြောကြ ငါတို့လုပ်စရာတွေ သွားလုပ်ကြမယ်’ ဆိုပြီး ထွက်သွားကြသည်။

သူကပင်စတင်၍ သူ့ကို ဇင်နွယ်လို့ ခေါ်ဘို့ပြောသည်၊ ကျနော်ကို ကိုကျော်လို့ ခေါ်မည်ပြောသည်၊ ကျနော်က ကျနော်ကို ဘယ်သူမှ ကိုကျော်လို့ မခေါ်ဘူး၊ ကျော်စိုးလို့ပဲ အားလုံးခေါ်သလိုခေါ်ရန် ပြန်ပြောလိုက်သည်၊
သူက ‘ခုနက ဆောရီး၊ ကိုကျော် အဲလေ ကိုကျော်စိုး ဝင်လာတဲ့အချိန်မှာ ကျမ သေသေချာချာ မနူတ်ဆက်လိုက်ရဘူး၊ ဘလော့အတွက် စာတွေရေးနေလို့’၊
“ဗျာ ဘယ်လို” ကျနော်ပြန်မေးလိုက်သည်၊
‘ဒီလိုလေ ကျမက ဘလော့ကာ ဒီတော့ အဲလိုပဲ အချိန်ရရင် ရသလို ဘလော့အတွက် စာတွေရေးတယ်’၊
“ဘယ်လို ဘယ်ဘလောက်တွေကို ကာဖို့ စာတွေရေးရတာလဲ” မေးလိုက်မိသည်၊
သူက ချက်ချင်းပင်၊ ‘အဲလိုမဟုတ်ဘူး ဘီအယ်လ်အိုဂျီ ဘလော့ကိုပြောတာ အင်တာနက်မှာ စာရေးတာ’၊
“သြော် သိပြီသိပြီ ထောင်ကျတဲ့ နေဘုန်းလတ်တို့လိုလား ထောင်တွေဘာတွေကျနေဦးမယ်” ပြန်မေးလိုက်ပြန်သည်၊
‘မဟုတ်ဘူး မဟုတ်ဘူး ခုခေတ်ပြောင်းသွားပြီး၊ ခု ကျမဘလော့က စာတွေတောင် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါလာပြီ’၊
“ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါချင်ရင် ကိုယ််ဟာကိုယ် စာပေတိုက်တွေဆီပို့ပေါ့၊ ဘာလို့ ဘလော့ရေးနေမလဲ ပါတာ ဘာဝမ်းသာစရာရှိလို့လည်း၊ ကျနော်သူငယ်ချင်းဆို သူရေးတာတွေ လတိုင်း ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ပါတယ် ဘာဘလော့မှ မကာဘူး”၊
သူက ‘မဟုတ်ဘူးလေ မတူဘူးလေ’ ရှင်းပြဖို့လုပ်သည်၊ ကျနော်က “ထားလိုက်ပါတော့ ကျနော် နားမလည်ဘူးလို့၊ ကျနော်ကတော့ ဂျာနယ်တွေ မဂ္ဂဇင်းတွေပဲ ထုတ်ချင်တယ် အမြတ်လေး ဘာလေးရရင်ပေါ့”
“ဒါနဲ့ စကားမစပ် ခင်ဗျားတစ်ယောက်ထဲ ဒီကို လာသလား၊”
‘ဟုတ်တယ်၊ ကျမက ကျမကိုကျမ ယုံကြည်တယ်၊ အဖေအမေတို့ကလည်း ကျမကို ယုံတယ်၊ နောက်ပြီး အဖေအမေတို့က ကိုကျော်စိုးမိဘတွေကို သိတယ်လေ၊ ကိုကျော်စိုးအကြောင်းကိုလည်း သိတယ်လေ၊ ဒါကြောင့် တစ်ယောက်ထဲ လာခဲ့တာ၊ နိုင်ငံခြားမှာလဲ တစ်ယောက်ထဲပဲလေ’၊ လာပြန်ပြီ ဒီ နိုင်ငံခြားမှာဆိုတာ ဆိုပြီး စိတ်ထဲက ပြောလိုက်မိသည်၊ စကားပြောရင်း ဇင်နွယ်လွင်ထူးရဲ့ မျက်နှာကိုကြည့်လိုက်မိသည်၊ တစ်ချိန်ထဲမှာပဲ ဒီနေရာတွင်ထိုင်ပြီး ညျိးငယ်နေတဲ့ ချစ်သူ မြစန်းကြည်ရဲ့ မျက်နှာကလေးကို ပြန်သတိရလိုက်မိသည်၊ စကားဆက်ပြောချင်စိတ် မရှိသောကြောင့် ခရီးပန်းလာ၍ နားချင်ကြောင်းပြောပြီး အခန်းထဲ ဝင်လာခဲ့မိသည်၊ အဖွားတို့ကတော့ ကျနော်တို့ စကားတော်တော် ပြောဖြစ်ကြတယ်လို့ ထင်နေပါလိမ့်မည်။

ခဏနေ အဖွားတို့ ပြန်ထွက်လာသည်၊ စကားတွေ ဆက်ပြောနေကြသည်ကို အခန်းထဲက ကြားနေရသည်၊ ဇင်နွယ်လွင်ထူးကို ညစာစားပြီးမှ ပြန်ပါဦးလုပ်နေကြသည်၊ ဇင်နွယ်လွင်ထူးက ညပိုင်းမန္တလေးတွင် သူမှာ လုပ်စရာတွေရှိ၍ သူပြန်ရမည်ဖြစ်ကြောင်း ပြောနေသည်၊ ပြန် မြန်မြန်ပြန်လို့ ကျနော့်စိတ်ထဲက လိုက်ပြောနေသည်၊ အဖေနှင့်အမေက သူတို့ မန္တလေးလိုက်ပို့ပေးမည ်ဆိုသည်၊ အဖွားက ငါမြေး သနပ်ခါးကြိုက်တယ် ထည့်ပေးလိုက် လုပ်နေသည်၊ ကျနော်ကတော့ အိပ်ခန်းထဲက အဖွားကို ကျွတ်ကျွတ် ကျွတ် လုပ်နေမိသည်၊ ဒီတစ်ခါတော့ သြော် ငါမြေးတဲ့လား၊ မြစန်းကြည်တုန်းက အဲဒီလိုဆို ဘယ်လောက်ကောင်းမလဲ တွေးမိသည်၊ တတ်လဲတတ်နိုင်ကြတဲ့ သူတွေ၊
ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ဘဝတွင် တစ်ယောက်ထဲ စေ့စပ်မိတ်ဆက်ရေး လာလုပ်သော မျက်မှန်တတ်သည့် ကောင်မလေး တစ်ယောက်ကို အနည်းငယ် စိတ်ဝင်စားမိသည်လို့ ဝန်ခံလိုက်ပါသည်။

နောက်နေ့ မနက်မှာ အိမ်ကို အစ်ကိုလတ်မိန်းမ ကျနော့် မရီး၊ အစ်မဝမ်းကွဲတို့ ရောက်လာကြသည်၊ အဖွားခေါ်လိုက်တာ ဖြစ်နိုင်ပါသည်၊ အစ်မဝမ်းကွဲက ငါသတင်းကောင်း ကြားရမယ်ဆိုလို့ လာတာလို့ ပြောသည်၊ နေ့လည် ထမင်းစားဝိုင်းမှာတော့၊ အဖွားက မနေ့ကလာတဲ့ ဇင်နွယ်လွင်ထူးအကြောင်း ချီးမွမ်းပြောဆိုနေသည်၊ ကျနော်နဲ့လည်း ရီရီမောမော စကားတွေအများကြီးပြောကြောင်း အဲဒီကောင်မလေး သူ့မြေးလေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ဆိုသည်၊ အဖေကလည်း ဇင်နွယ်လွင်ထူးတို့၏ မိသားစုစီးပွားရေးလုပ်ငန်းအကြောင်း၊ ဇင်နွယ်လွင်ထူးတို့ အစ်ကိုတွေ အောင်မြင်နေတဲ့ လုပ်ငန်းတွေကို ပြောနေသည်၊ မရီးကလည်း လိုက်ထောက်ခံနေသည်၊ အစ်မဝမ်းကွဲ တစ်ယောက်သာ ကျနော်ကို တကြည့်ကြည့်နဲ့နေသည်၊ နောက်ဆုံးအဖေက မနေ့ညက ဇင်နွယ်လွင်ထူး၏အဖေနဲ့ သူဖုန်းပြောဖြစ်ကြောင်း မိသားစုနှစ်စု နားလည်မှုရကြကြောင်းပြောပြီး၊ ကျနော်ဘက်လှည့်ကာ ‘သား မင်းရော သမီးဇင်နွယ်လေးကို ဘယ်လိုမြင်သလဲ’လို့ မေးသည်၊
ကျနော်မျက်နာကို အတည်အငြိမ်ဆုံး လုပ်လိုက်ပြီး “လောလောဆယ် အခြေအနေကို ပြောရရင် ကျနော်သူ့ကို မကြိုက်ဘူးအဖေ”၊
“လောလောဆယ် အခြေအနေမှာတော့ သူနဲ့ကျနော် အိမ်ထောင်ပြုဖို့ လုံးဝ မဖြစ်နိုင်ဘူး အဖေ”၊
ကျနော်အဖြေကြောင့် အားလုံးမှင်သက်သွားသည်၊ အဖွားက မျက်နှာရှုံ့မဲ့ နေသည်၊ အဖေမျက်နှာက သူထင်သည့်အတိုင်း မဖြစ်၍ ဒေါသထွက်နေသည့်အလား၊ ကျန်သူများကတော့ ကျနော်ကို စဉ်းစားစရာအဖြစ် ကြည့်နေကြသည်၊
အဖေက ‘လူကြီးတွေက စီစဉ်ထားတာကွ၊ နှစ်ဦးနှစ်ဖက် ဒီလောက်ကောင်း၊ ဒီလောက် အစဉ်ပြေတာ ဘယ်မှာ သွားရှာမလဲ၊ အားလုံးနဲ့ အဆင်ပြေတဲ့ မိန်ကလေးမျိုး မင်းဘယ်မှာ သွားရှာမလဲ၊ ဒီမိန်ကလေး ဘာဖြစ်လို့လဲ၊ ဘာအတွက်နဲ့ မင်းနဲ့ အစဉ်မပြေရမှာလဲ’ ‘ရှင်းစမ်း မင်းအခုရှင်းစမ်း’၊ အဖေကမေးလာသည်၊
ကျနော် မိသားစုဝင်တွေကိုကြည့်ပြီး စိတ်ထဲမှာ အားလုံးနဲ့ အဆင်ပြေ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်ဆိုတာ ဘာကိုဆိုကြတာလဲ၊ ကျနော်နဲ့အဆင်မပြေတာက အဓိက မကျဘူးလား၊ တကယ်တော့ လောလောဆယ် ရှင်းပြနိုင်တဲ့အဖြေ တိတိကျကျ ကျနော့်မှာ မရှိသေးပါ၊ ယေဘုယျ အဖြေကိုပဲ အဖေကိုပေးရမည်ပေါ့၊
ကျနော်စဉ်းစားနေတုန်းမှာပင် အဖေက ‘မင်းမှာအဖြေ မရှိဘူး မဟုတ်လား၊ မင်းဘာကြောင့် မကြိုက်တာလဲ ဖြေစမ်း’၊
အဖေက မေးလာသော မေးခွန်းကို ကျနော်မဖြေပါ၊ အဖေအသံသည် နည်းနည်းဒေါသသံ ပါနေသည်၊ အဖွား၊ အမေ၊ မရီးနှင့် အစ်မဝမ်းကွဲ တို့က ကျနော်ကို ဆိုးဝါးလှသော လူတစ်ယောက်ပမာ ဝိုင်းကြည့်နေကြသည်၊
သူတို့ကို ကြည့်ပြီး ကျနော်ဖြည်းဖြည်းခြင်းပြောလိုက်သည်၊
“မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်”
‘ဘာရယ် ဘယ်လို’ ဆိုပြီး အသံတွေ ပြိုင်တူထွက်လာကြသည်၊
သူတို့ထင်ချင်သလို ထင်ကြပါစေ၊
ကျနော် လောလောဆယ်မှာတော့ မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်။

××××××××××××××××××××××××××××××××××××××-

နောက်နေ့မှာ ကျနော်မန္တလေးကို ပြန်ခဲ့ပါသည်၊ စိတ်တွေအရမ်းညစ်ခဲ့ပါသည်၊ ကျနော့်မိသားစု အသိုင်းအဝိုင်းနဲ့ ဝေးရာကို ပြေးထွက်သွားသင့်ပြီလား၊ နိုင်ငံခြားကို ထွက်သွားရင်ကောင်းမလား တင်းကျပ်သော အတွေးများ ရင်ထဲမှာ နေရာယူထားပါသည်၊ စိတ်တည်ငြိမ်မှုရရန် ကျနော့်ရုံးခန်းလေးတွင် အနားယူနေခိုက်၊ ရှေ့မှ ဆူညံသံများကြောင့် အတွေးများပျောက်သွားရပါသည်၊ ထိုအချိန်တွင် ကျနော့်ရုံးခန်းတံခါးပွင့်သွားပြီး တစ်စုံတစ်ယောက် အရှိန်ဖြင့် ဝင်ရောက်လာပါသည်၊ ဝင်ရောက်လာသူကို တွေ့တော့ ကျနော်အ့ံသြသွားရပါသည်။

ဝင်လာသူမှာ ဇင်နွယ်လွင်ထူးဖြစ်သည်၊ သူ့နောက်က ကျနော့်မန်နေဂျာ လိုက်လာသည်၊ မန်နေဂျာက သူဇွတ်ဝင်လာတယ် အစ်ကိုလေးဆိုပြီး ဇင်နွယ်လွင်ထူးကို မေးငေ့ါပြသည်၊ ကျနော်ကခေါင်းငြိမ့်လိုက်ပြီး၊ မန်နေဂျာကို ပြန်ထွက်သွားရန် လက်ဖြင့်အချက်ပြလိုက်သည်၊ မန်နေဂျာသည် ဇင်နွယ်လွင်ထူးကို ထားခဲ့ပြီး အခန်းတံခါးပိတ်ကာ ထွက်သွားသည်၊ ဇင်နွယ်လွင်ထူးမျက်နှာတွင် ဒေါသတို့နှင့်အတူ မာနတွေကိုပါ တွေ့လိုက်ရသည်၊ မနေ့က အိမ်မှာဖြစ်သည့် ကိစ္စအတွက် ရောက်ရှိလာခြင်းဖြစ်မည်၊ ကျနော်က ထိုင်ပါဆိုပြီး စားပွဲရှေ့ကခုံကို နေရာပြလိုက်သည်၊ ဇင်နွယ်လွင်ထူးသည် ကျနော်နဲ့ ကျနော့်အခန်းကို လေ့လာမှု ပြုနေသည်၊ ဖြည်းဖြည်းခြင်းပင် ထိုင်လိုက်သည်၊ ကျနော်က “ရေသောက်ဦးမလား ကျနော့်ရုံးကို လာလည်တာ ကျေးဇူးတင်ပါတယ်”၊ ဇင်နွယ်လွင်ထူးက ‘ကျမလည်း ရှင့်ရုံးခန်းကို ဒီလောက်မြန်မြန်ရောက်ဖြစ်မယ် မထင်ဘူး’၊ စကားကို နည်းနည်းရပ်လိုက်ပြီး ‘ဒါပေမဲ့ ရှင်နဲ့ပြောစရာ စကားတွေရှိနေတော့ လာရတာပေါ့၊ အမှန်ကိုပြောရရင် မနေ့ညက ကျမ အရမ်းကို ဒေါသဖြစ်နေတယ်၊ ရှင့်ကိုပေါ့၊ ဘာကြောင့်မှန်းမသိပါဘူး၊ ရှင့်ကိုမြင်ရတော့ ဒေါသတစ်ချို့ပျောက်သွားတယ်’၊
ကျနော်ကလည်း “ဟုတ်ကဲ့ ပြောစရာရှိရင်ပြောပါ၊ ကျနော်တို့နှစ်ယောက် အသိဖြစ်ခဲ့ကြပြီပဲ”၊
ဇင်နွယ်လွင်ထူးက ‘ကျမ ပထမဦးဆုံး မေးပါရစေ၊ ရှင့်ကိုရှင် သိပ်အထင်ကြီးနေလား၊ သိပ်ပြီးတော့လည်း ဘဝင်မြင့်နေသလား’၊
ကျနော် ဘာမှ ပြန်မဖြေပဲ၊ သူ့ကိုစိုက်ကြည့်ကာ နားထောင်နေလိုက်သည်၊
‘ဒီခေတ်ကြီးမှာ မိဘတွေပေးစား စေ့စပ်ပေးတိုင်း ယူစရာမလိုဘူး၊ လိုက်နာစရာ မလိုဘူးဆိုတာ ကျမနားလည်ပါတယ်၊ ကျမလည်း နိုင်ငံရပ်ခြားမှာနေလာတာပဲ၊ ဒါပေမဲ့ တိုင်တိုင်ပင်ပင် မရှိပဲ ယတိပြတ်ကြီး လုပ်တာတော့ ကျမဘက်ကို မတရားဘူးလို့ ဆိုချင်တယ်၊ ကျမဟာ မိန်းကလေးတစ်ယောက်ပါ’၊
“ကျနော်မှ မကြိုက်တာ၊ မကြိုက်တာကို မကြိုက်တာလို့ ပြောလို့မရဘူးလား”၊ ကျနော်ပြန်ဖြေပြီး မေးလိုက်သည်၊
‘ရှင်က ကျမကို ဘာမကြိုက်တာလဲ၊ ကျမ မျက်မှန်တတ်ထားတာကို မကြိုက်တာလား၊ ဒါမှာမဟုတ် တစ်ယောက်ထဲ စေ့စပ်မဲ့ ယောက်ျားလေးတစ်ယောက်အိမ်ကို လာရဲလို့ ပေါတယ်ထင်ပြီး မကြိုက်တာလား’၊
ကျနော် အသံလေးထွက်ပြီး နည်းနည်းရယ်လိုက်မိသည်၊
‘ရှင် ကျမကို ရွဲ့တာလား’၊ ဒေါသတကြီးနဲ့ မေးသံကို ကြားလိုက်ရသည်၊
“မဟုတ်ပါဘူး”၊ ကျနော်ချက်ချင်း ပြန်ဖြေလိုက်သည်၊
‘ဒီမယ် ကျမကလည်း အိမ်ကပေးစားမဲ့သူကို ယူဖို့ အရင်က လုံးဝအစီအစဉ် မရှိပါဘူ၊ မိသားစုအရေး၊ အားလုံးကို ခြုံငုံ သုံးသပ်ပြီးတော့၊ ဒီနောက် ရှင်နဲ့ ရှင်မိသားစု အကြောင်းကို လေ့လာပြီးမှ လက်ခံလိုက်တာ၊ ကျမ အဲဒီယောက်ျားကို လေ့လာပြီးမှ ဆုံးဖြတ်ပါရစေဆိုပြီး အဖေဆီက ခွင့်ပြုချက် ရယူခဲ့တာ၊ ကျမက ရှင့်ကို လူလူချင်း လာလေ့လာတာ လာယူတာ မဟုတ်ဘူး၊ ဟင်းဟင်းဟင်း ကျမက အဲလိုရယ်ရမှာ၊ ရှင် ကိုယ့်ကိုကိုယ် အောက်တန်းကျတယ်လို့ မထင်မိဘူးလား၊ မိန်းမတွေကို ဒီလိုဆက်ဆံတာ၊ ရှင်က ဘယ်လောက်ချမ်းသာလို့တုန်း၊ ဘယ်လောက်အောင်မြင်နေလို့တုန်း၊ ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ပါဦး’၊
ဇင်နွယ်လွင်ထူး အရှည်ကြီးပြောပြီး ဆက်ပြောပြန်သည်၊
‘ရှင်က ရီးစားလည်းရှိဘူးတယ်၊ သိပ်ချစ်ကြတယ်ဆိုပဲ၊ ကျမလည်း ရီးစားရှိဘူးပါတယ်၊ သိပ်မချစ်ကြပါဘူး၊ တကယ်တော့ ရီးစားထားတယ် ဆိုတာ ရယ်စရာ ပျော်စရာ အလုပ်တစ်ခုပါ၊ ဘဝနဲ့ ပတ်သက်ချင်မှ ပတ်သက်မယ်၊
ကမ္ဘာပေါ်မှာ ရီးစားနဲ့ ကွဲဘူးတဲ့သူတွေ အများကြီး၊ ရီးစားတွေ တစ်ယောက်ပြီး တစ်ယောက် ထားနေတဲ့သူတွေလည်း အများကြီးပါ ရှင်ရယ်၊ ပြောရရင် တကယ်တော့ ရှင်ဟာ တကယ်ကိုသနားစရာကောင်းပါတယ်’၊
သူပြောလိုက်မှ ကိုယ်ဟာ တကယ်သနားစရာ မုန်းစရာကောင်းသောလူတစ်ယောက် ဖြစ်နေပြီလား စဉ်းစားမိသည်၊
ကျနော် ဖြည်းဖြည်းခြင်း၊ “လောလောဆယ် ကျနော် မျက်မှန်နဲ့ မိန်းမတွေကို မကြိုက်ဘူး၊ အဲဒါ ခင်ဗျားကို ထိခိုက်နစ်နာခဲ့မယ်ဆိုရင် ကျနော် တောင်းပန်ပါတယ်၊ ကျနော်ကို ဘာမှ မဟုတ်တဲ့ ကောင်တစ်ကောင်လို့ သဘောထားလိုက်ပါ”၊
ဇင်နွယ်လွင်ထူးက ပြုံးသလိုလို မဲ့သလိုလိုလုပ်ပြီး၊ ‘ကျမကလည်း လူတစ်မျိုးပါ တစ်ခါတစ်လေ ချဲလင်းလုပ်ချင်တယ်၊
ကျမကို မကြိုက်ပါဘူးဆိုတဲ့သူကို ရအောင်ယူချင်တယ်၊ မဖြစ်နိုင်ပါဘူးပြောတဲ့ လူတစ်ယောက်ကို ဖြစ်နိုင်ကြောင်းပြချင်တယ်’၊ ‘နောက်ပြီးသနားစရာကောင်းတဲ့ သူတစ်ယောက်ကို ကူညီချင်လို့ပါ’ ‘ဒါပါပဲ ကျမလာပြောတာ၊ ကျမသွားတော့မယ်’ ဆိုပြီးလှည့်ထွက်သွားတော့သည်၊
ကျနော်ကလည်း “ခင်ဗျား အစစအရာရာ အဆင်ပြေပါစေလို ဆုတောင်းပေးလိုက်ပါတယ်”၊ ပြောလိုက်မိသည်၊
နောက်လုံးဝ လှည့်မကြည့်ပဲ ဇင်နွယ်လွင်ထူး အခန်းထဲကထွက်သွားသည်၊
ကျနော်လည်း အပြင်ထိ လိုက်ပို့မနေတော့ပါ။

ကျနော်ဘဝတွင် ပထမဦးဆုံး မျက်မှန်တတ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဒေါသသကြီး ပြောဆိုခံရခြင်း ဖြစ်သည်၊ သနားစရာကောင်းလို့ ကူညီဖို့လာတာတဲ့ ပြောလည်းပြောတတ်ပါပေတယ်၊ လူတို့သည် တစ်ခါတစ်လေ သူတို့ကို သူတို့ အဟုတ်ကြီးထင်ကာ ပြောချင်ရာတွေ ပြောတတ်ကြောင်း သိလိုက်ရပါသည်။

××××××××××××××××××××××××××××××××××××××××××-

အဖေကပဲ အကွက်ဆင်တာလား၊ ဇင်နွယ်လွင်ထူးကပဲ အကွက်ဆင်တာလားတော့ မသိပါ၊ အဖေသည် ကျနော်တို့၏ စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဇင်နွယ်လွင်ထူးတို့နဲ့ ပေါင်းလိုက်သည်၊ ဇင်နွယ်လွင်ထူးမိဘတွေရဲ့ လုပ်ငန်းတစ်ချို့တွင်လည်း အစုရှယ်ယာ ပါဝင်လိုက်သည်၊ ဒီအတွက် ကျနော်နေ့စဉ်အလုပ်တွေသည် ဇင်နွယ်လွင်ထူးတို့နဲ့ အနည်းအကျဉ်း ပတ်သက်နေတော့သည်၊ ရန်ကုန်ကိုလည်း အစည်းအဝေး မကြာခဏ သွားရတော့သည်။

ဇင်နွယ်လွင်ထူးအဖေသည် ပြောင်းလဲလာသော နိုင်ငံအခြေအနေကို ကြိုတွက်လေ့လာ လေ့ရှိသည်၊ နိုင်ငံခြားအဆက်အသွယ်လည်းရှိ၍ ရှေ့ဖြစ်လာမည့် အပြောင်းအလဲ စီးပွားရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်သည်၊ ဒီအတွက်လည်း ငွေအင်အားတောင့်တင်းစေရန် ကျနော်တို့နှင့် အစုအစပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ပြောင်းလဲတော့မယ်လို့ ကျနော်ပြောတာကို မယုံသောအဖေသည် ဇင်နွယ်လွင်ထူးအဖေနဲ့ကြမှ လက်ခံတော့သည်။

တစ်နေ့မှာတော့ အဖေ၊ ဇင်နွယ်လွင်ထူးအဖေနှင့် အစ်ကိုများသည် တိုင်ဝမ်မှ လုပ်ငန်းရှင်များ ဖိတ်ကြားချက်အရ တိုင်ဝမ်သို့ နှစ်ပတ်လောက် ခရီးထွက်သွားကြသည်၊ ဒီမှာရှိသော အလုပ်များကို ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့ကို စီမံခန့်ခွဲစေသည်၊ ဒီလိုနဲ့ ရန်ကုန်တွင် ကျနော်သောင်တင်နေရသည်၊ ဇင်နွယ်လွင်ထူးနဲ့လည်း ပိုရင်းနှီးလာသည်၊ ဇင်နွယ်လွင်ထူးသည် ကျနော်ကို နားလည်လာပြီလို့ ကျနော်ထင်သည်၊ ကျနော်ရဲ့ ဆန်ဝူနည်းတွေ အောင်မြင်ခဲ့ပါလိမ့်မည်၊ အဖေတို့ ပြန်ရောက်မည့်နေ့မှာပင် တောင်ကြီးက သူငယ်ချင်းက ဖုန်းဆက်လာသည်၊ ကျနော်အနှစ်နှစ်အလလ သိချင်နေသော အရာတစ်ခုကို သိခဲ့ရပါပြီ၊ အဲဒီမှာဘက်တွင် ခပ်ည့ံညံ့ဖြစ်သော ကျနော်သည် ရင်ဆိုင်စရာ စွမ်းအားမွေးရတော့ပေမည်။

လောလောဆယ် ကျနော်သည် တစ်စုံတစ်ယောက်ကို ရင်ထဲမှာ ရှိနေတာတွေ ပြောလိုက်ချင်သည်၊ ပြောနေကျ အရင်နှီးဆုံး သူငယ်ချင်းတွေက မန္တလေးမှာ ကျန်ခဲ့သည်၊ ခုတော့ တစ်ယောက်ထဲ သီချင်းတွေကို နားထောင်၊ သီချင်းတွေကို အော်ဆိုမိနေသည်၊ တစ်ယောက်ထဲပဲ လုပ်စရာကို လုပ်မှဖြစ်မယ်ဆိုပြီး ရန်ကုန်ကအလုပ်တွေကို လွှဲအပ်ရန် ဇင်နွယ်လွင်ထူးဆီ ထွက်လာခဲ့သည်၊
“ကျနော် မနက်ဖြန် အရေးတကြီး ခရီးထွက်စရာရှိလို့၊ အလုပ်တွေကို ခင်ဗျားပဲ လူကြီးတွေဆီ တင်ပြလိုက်ပါ”၊
ဇင်နွယ်လွင်ထူးက ‘ဒီနှစ်ပတ်အတွင်းမှာ ထွေထွေထူးထူး ကျမတို့ ဘာမှလုပ်ခဲ့ကြတာမှ မဟုတ်တာ၊ ကိစ္စမရှိပါဘူး’၊
“ကျေးဇူးတင်ပါတယ်” ကျနော်က ပြန်ပြောလိုက်သည်၊
‘ဒါနဲ့ ဘယ်ကို ခရီးထွက်မှာတုန်း စိတ်တော့မရှိနဲ့နော် မေးကြည့်တာပါ’ ဇင်နွယ်လွင်ထူးက မေးလာသည်၊
“မော်လမြိုင်ဘက်ကိုပါ” ပြန်ဖြေလိုက်သည်၊
‘ဟင်း တစ်ခါမှ ရောက်ဖူးတာလဲ မဟုတ်ပဲနဲ့၊ ဘာနဲ့ သွားမှာတုန်း၊ မော်လမြိုင်တင်ပဲလား’ ဆက်မေးပြန်သည်၊
“ကျနော့်ကားနဲ့ပါ၊ မော်လမြိုင်နဲနဲကျော်မယ် ကျနော့်အတွက် အရေးတကြီး သွားကိုသွားရမှာမိုလို့ပါ” ပြန်ဖြေလိုက်သည်၊
‘အင်းလေ ကျမက အဲဒီဘက်သွားနေကျပါ၊ အကူအညီလို လိုက်ပို့ရမယ်ဆို ပြောပါ၊ အောက်ပြည်မှာ ကိုကျော်စိုး တစ်ခုခုဖြစ်သွားရင် ကျမတို့အတွက်လည်း မကောင်းဘူး’ ဇင်နွယ်လွင်ထူးက ပြောလိုက်သည်၊
“ကျေးဇူးတင်ပါတယ်၊ လိုအပ်ရင် ကျနော်ပြောပါမယ်” ဆိုပြီးပြောကာ ပြန်လာလိုက်သည်။

အတွေးများစွာဖြင့် စဉ်းစားပြီးရင်း စဉ်းစားနေမိသည်၊ တစ်ယောက်ယောက်ပါလာခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိသည်၊ ဇင်နွယ်လွင်ထူးကလည်း ပြောထားတော့ ဇင်နွယ်လွင်ထူးကိုပဲ ခေါ်လာရင် ကောင်းမှာပဲလို့ ထင်မိသည်၊ ဒီလိုနဲ့ ညဘက်ရောက်မှ ဇင်နွယ်လွင်ထူးဆီ ဖုန်းဆက်လိုက်မိသည်၊ ဇင်နွယ်လွင်ထူးက သူလိုက်ပေးမည်ဖြစ်ကြောင်း ထွက်ချိန်ကို နှစ်နာရီလောက် နောက်ဆုတ်ပေးရန် ပြောလာသည်၊ ကျနော်ကလက်ခံလိုက်သည်၊ ဒီလိုနဲ့ နောက်နေ့ ကျနော်တို့ မော်လမြိုင်ဘက် ခရီးထွက်လာကြသည်၊ လမ်းကြောင်းသိသောသူတစ်ယောက်ပါတော့ ခရီးမှာ အစဉ်ပြေပါသည်၊ လမ်းတွင် ကျနော်တို့ ထွေထွေထူးထူး စကားသိပ်မပြောဖြစ်ပါ၊ ဒေသအကြောင်း ဒေသထွက်ကုန် အကြောင်းများသာဖြစ်ပါသည်။

ကျနော် ဘာကြောင့် ဘယ်ကိုသွားမည်ကို ဇင်နွယ်လွင်ထူး ကျနော်ကို သေသေချာချာ မမေး မစပ်စုပါ၊ သွားချင်သူတစ်ယောက်ကို လိုက်ပို့သည့်ပုံစံပါပဲ၊ မော်လမြိုင်တွင် နားတော့မှ ကျနော် ဇင်နွယ်လွင်ထူးကို ပြောပြဖြစ်ပါတော့သည်၊
ကျနော် ခုသွားမှာ ဖါးအောက်တောရ တရားစခန်းကိုပါ၊ အဲဒီမှာ ကျနော့်ချစ်သူ မြစန်းကြည် တရားအားထုတ်နေတာ နှစ်နဲ့ချီရှိနေပြီ၊ ဟိုနေ့ကမှ ကျနော်သိရကြောင်း၊ ကျနော်လာမဲ့ ကိစ္စကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ခု လိုအပ်တာတွေကို လှူမလို့ အလှူရှင်တစ်ယောက်အနေနဲ့ သွားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်၊ ဇင်နွယ်လွင်ထူးသည် လုံးဝ အံ့အားသင့်သွားသည်၊ ဒါပေမဲ့ ဘာမှ ပြန်မပြောပါ၊ ဖါးအောက်တောရ တရားစခန်းကို သူမရောက်ဘူးကြောင်းကိုသာ ပြောပါသည်။

မော်လမြိုင်ကနေ လယ်ကွင်းတွေ၊ ခြံကြီးတွေ စစ်တပ်တွေ ရွာတွေကို ဖြတ်ပြီးသောအခါ ကျနော်တို့ တရားစခန်းကို ရောက်ပါသည်၊ ရောက်ရောက်ချင်း ဆရာတော်ကြီးကို ဝင်ဖူးသော်လည်း ဆရာတော်ကြီး အဆင်သင့် မဖြစ်သေး၍ ဆရာတော်တစ်ပါးကို ဖူးရပါသည်၊ လှူတန်းရမည့်အရာများကို လှူတန်းပြီး၊ တရားအဆောင်တစ်ခုသို့ ထွက်လာပါသည်၊ အဆောင်တွင် ဆရာလေးတစ်ပါးက ဆီးကြိုနေပါသည်၊ ဆရာလေးသည် တောင်ကြီးက သူငယ်ချင်း၏ အမျိုးဖြစ်ပါသည်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ ဘန်ကောက် အေအိုင်တီတို့မှဘွဲ့ရခဲ့ပြီး စင်္ကာပူတွင် အလုပ်တွေ လုပ်ခဲ့သေးကြောင်း သိရပါသည်၊ ခုတော့ ငြိမ်းချမ်းသော တရားရိပ်တွင် ခိုလှုံနေပါပြီ၊ ဆရာလေးရှေ့မှာပင် ကျနော် မြစန်းကြည်ကို တွေ့ရပါသည်၊ မြစန်းကြည်သည် ဒီအဆောင်က ယောဂီတစ်ယောက်ပါ၊ အေးငြိမ်းချမ်းသာရှိသော တရားရိပ်တွင် ကျနော်အရမ်းချစ်ရသော ချစ်သူကို တွေ့ရသောအခါ၊ ကျနော်ဘယ်လိုမှ ရေးပြလို့ရမည် မဟုတ်သော ခံစားမှုမျိုးကို ကျနော်ခံစားရပါသည်၊ နေကောင်းလား၊ အဆင်ပြေမယ်လို့ထင်ကြောင်း ခုအလှူများ လာလုပ်ခြင်းဖြစ်ကြောင်း လောက်သာပြောနိုင်ပါသည်၊ မြစန်းကြည်ကလည်း ခုလို တကူးတက လာလှူတာ ကျေးဇူးတင်ကြောင်း၊ သူအဆင်ပြေပါကြောင်း၊ ကျနော်လည်း အဆင်ပြေမည်ကို သူသိပါကြောင်း၊ ကျနော်ကို အမြဲတမ်း မေတ္တာပို့ပေးပါကြောင်းပြောပါသည်၊ တွေ့ရှိချိန်မှာ ခဏလေးမျှသာ၊ ပြီးနောက် ဆရာလေးက ကျနော်တို့တွေကို တရားဓမ္မအကြောင်း ဒီတရားစခန်းအကြောင်း အနည်းငယ် ရှင်းပြပါသည်၊နောက်ပြီး မြစန်းကြည်သည် ပါရမီ အခံရှိသူတစ်ယောက် ဖြစ်ကြောင်းပြောပါသည်၊ အချိန်အကြာကြီး မနေသင့်သဖြင့် ကျနော်တို့ ကျောင်းကြီးဆီ ပြန်လာခဲ့ကြပါသည်၊ ကျောင်းကြီး၌ ဆရာတော်ကြီးကိုဖူးမျှော်ပြီး သြဝါဒ ခံယူကြပါသည်၊ ဆရာတော်ကြီးက တရားစာအုပ်အထူကြီး တစ်အုပ်စီကို ကျနော်တို့ နှစ်ယောက်အား ချီးမြှင့်ခဲ့ပါသည်။

××××××××××××××××××××××××××××××××××××××××××-

မော်လမြိုင်တွင် နားခဲ့သော တစ်ညတွင် နာရီပိုင်းလောက်သာ အိပ်ပျော်သော်လည်း ကျနော့်အတွက် မှန်ကန်သော အတွေးတွေကို ပေးစေခဲ့ပါသည်၊ နောက်နေ့ မှာတော့ ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့နှစ်ယောက် ရန်ကုန်ကို ပြန်လာခဲ့ကြပါသည်၊

….ခေါင်လောင်းထိုးသံ ရေးရေးလေးကြားနေတယ်
ဘယ်သူအတွက် ထိုးတာလည်း
ခေါင်လောင်းထိုးသံရယ်……

ခင်မောင်တိုး၏ သီချင်းသံသည် ကျနော့်ကားထဲမှာ အေးငြိမ့်စွာ ပျံနှံ့နေပါသည်၊ ကားလေးကတော့ ရန်ကုန်ဘက်ဆီကို အရှိန်နဲ့ပြေးလျှက် ရှိပါသည်၊ ကျနော်နဲ့ ဇင်နွယ်လွင်ထူးတို့ စထွက်လာကတည်းက စကားမပြောဖြစ်ကြသေးပါ အတွေးကိုယ်စီနဲ့မို့ ဖြစ်နိုင်ပါသည်၊ တိတ်ဆိတ်ခြင်း၏အဆုံးကို ဇင်နွယ်လွင်ထူးက စတင်လိုက်ပါသည်၊ ‘ကျမ မမြစန်းကြည်ကို ခုမှတွေ့ရပေမဲ့ အရမ်းလေးစားမိပါတယ်၊ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီတရားအလုပ်တွေ လုပ်နိုင်တာကို ကျမချီးကျူးပါတယ်၊ ပါရမီအခံဆိုတာကို ကျမယုံကြည်မိပါသည်’၊ ဇင်နွယ်လွင်ထူး၏ စကားကိုကြားရသောအခါ ကျနော်အသံထွက်အောင် ရီလိုက်မိပါသည်၊
ဇင်နွယ်လွင်ထူးက ‘ဘာဖြစ်လို့ ရီတာပါလဲရှင် ကျမရင်ထဲကပြောတာပါ’၊
“အဲဒီလို မဟုတ်ပါဘူး၊ ခင်ဗျားစကားနဲ့ ကျနော့်အတွေးနဲ့ ဆက်စပ်ပြီး ရီမိတာပါ၊ ဒီလိုပါ ဒီခရီးမှာ ကျနော်အတွက်ပေါ့လေ အမှန်တစ်ခုကို မြင်လိုက် သိလိုက်ရပါတယ်”၊
ဒီတစ်ခါတော့ ကျနော်သည် ဇင်နွယ်လွင်ထူးကို စကားအရှည်ကြီးပြောမိပါတော့သည်၊
“ခုနက ခင်ဗျားပြောတယ် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တရားအားထုတ် တရားအလုပ်တွေ လုပ်တာကို၊ တကယ်တော့ သစ္စာလေးပါးတရားကို ရှာဖွေရာမှာ အသက်တို့ အရွယ်တို့ ဘယ်သူမှ ဖြစ်ရမယ်လို့ မကန့်သတ်ထားပါဘူး၊ ဘုရားက လူသားအားလုံးအတွက် လမ်းပြခဲ့တာပါ၊ အသက်ကြီးမှ အငြိမ်းစားယူမှဆိုပြီး ကိုယ်ကိုကိုယ် ကန့်သတ်လိုက်ကြတာပါ၊ ကျနော်က အဲဒီလိုဘောင်တွေ အကန့်အသတ်တွေကို မကြိုက်ခဲ့ပါဘူး၊ ကျနော်နဲ့ မြစန်းကြည် အိမ်ထောင်ပြုမယ်လုပ်တုန်းက အဲဒီလို ဘောင်တွေ စံတွေနဲ့ ဝို်င်းပြီးကန့်ကွက်ကြ တားဆီးကြတာပေါ့”၊ “ကျနော် အဲဒီလူတွေကို မြစန်းကြည်ကိုချစ်တဲ့စိတ်နဲ့ မုန်းခဲ့တယ်၊ အဲဒီဘောင်နဲ့ စံနဲ့ သတ်မှတ်ပြီး ကိုယ်အမြင်ကိုယ်ပြောနေကြသူတွေကို ကျနော်က မျက်မှန်တတ်ထားတဲ့သူတွေလို့ သတ်မှတ်လိုက်တယ်၊ ဒါကလည်း ကျနော်သိတဲ့ သင်ခန်းစာ တခုဆီကပါ၊ ဒဿနိက ပါမောက္ခ ဆရာကြီးစတီးဝဲလ်က ရှင်းပြခဲ့တဲ့ မျက်မှန်တတ်သူတွေ အကြောင်းကိုပေါ့၊ ဆရာကြီးက ကိုယ်ယုံကြည်ချက် စံ ဘောင်တွေနဲ့ အကြောင်းအရာတစ်ခုကို ကိုယ်ကအမှန်လိုထင်ပြီး ကိုယ်အမြင်တွေကို ထုတ်ဖေါ်ကြတယ်၊ ဆရာကြီးကဒီလိုရှင်းပြခဲ့တယ်”၊

“တစ်ခါက လူတစ်ယောက်ဟာ စင်ပေါ်တက်ပြီး အာဘောင်အာရင်း သန်သန်နဲ့ စကားတွေပြောပါတယ်၊ အဲဒီစင်ပေါ်က စကားတွေပြောနေတဲ့လူကို ဘေးကလူတွေက ဘယ်လိုမြင်သလဲဆိုတော့
ပထမဦးဆုံးတစ်ယောက်က ဒီလူဟာ အနီရောင်ကြီးပါကွာလို့ဆိုတယ် သူကမှန်အနီရောင် မျက်မှန်ကိုတတ်ထားတာကို၊
ဘေးကတစ်ယောက်က မဟုတ်ပါဘူး အစိမ်းရောင်ပါလို့ဆိုတယ် သူကမှန်အစိမ်းရောင် မျက်မှန်ကိုတတ်ထားတာကို၊
နောက်တစ်ယောက်က အပြာရောင်ပါကွာလို့ဆိုတယ် သူကမှန်အပြာရောင် မျက်မှန်ကိုတတ်ထားတာကို၊
ဘေးကတစ်ယောက်ကတော့ သူကမျက်မှန်အထူကြီးနဲ့ပါ ဒီကောင်တွေကွာ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့သူကို အရောင်ဆိုးပေးနေကြတယ် ကြည့်စမ်းပါဦး လက်သီးလက်မောင်းကြီးတွေက ကြီးလိုက်တာ သူလောက်ကြီးကျယ်တဲ့သူ ရှိမှာမဟုတ်ဘူးလို့ဆိုတယ်၊
သူ့ဘေးနားမှာတော့ မှန်ဘီလူးခွက်တတ်ထားတဲ့သူကတော့ ဒီလောက်ပါမွှားလေးကို ကြီးကြီးကျယ်ကျယ် ပြောနေကြသေးတယ် မျက်နှာ အမှုအရာနဲ့ သူမှန်ကြောင်း ပြသလိုက်တယ်၊
သူတို့ဘေးနားမှာတော့ ဘယ်တော့မှ မတည့်တဲ့လူနှစ်ယောက်ရှိတယ် ပထမတစ်ယောက်က မကြည်လင်မပြတ်သားတဲ့ မျက်မှန်ကိုတတ်ထားတယ်၊ သူကဆိုတယ် ဒီင်္ကောင်အကြောင်းများ အရေးလုပ်ပြောနေကြတယ် တကယ်တော့ ဒီကောင်ဟာ အရှက်မရှိတဲ့ကောင် ကြည့်စမ်းဘာမှ မဝတ်ပဲ စင်ပေါ်တက်ပြီး အရေမရအဖတ်မရတွေ အော်နေတယ် လူတွေကိုစော်ကားနေတာလို့ ဆိုလိုက်တယ်၊
ကျန်တစ်ယောက်က ချက်ချင်းပဲ ဘာမှ မဝတ်တာဟာ မွေးရာပါအခွင့်အရေးပါ၊ ကျနော်တို့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဝတ်စားခွင့်၊ နောက်ဆုံး လွတ်လပ်စွာရွေးချယ်ခွင့် ရှိရမှာ မဟုတ်လား၊ ဒီလူဟာ မွေးရာပါအခွင့်အရေးအတိုင်း ဘာမှ မဝတ်ပဲနေလိုက်တာ သူရဲ့ ရွေးချယ်မှုပါပဲ၊ ဒါ လူအခွင့်အရေးပါပဲ၊ ကျနော်တို့ အားလုံးလေးစားရမှာပါ၊ လက်ခုပ်တီးပေးလိုက်ကြပါ အဲဒီလို ဘေးကလူတွေကိုတောင် ဆွယ်လိုက်ပါသေးတယ်၊ တကယ်တော့ အဲဒီ့ အခွင့်အရေးသမားဆိုတဲ့သူက ဘာမှ မမြင်ရတဲ့ မျက်မှန်အပိတ်ကြီးကို တတ်ထားတာပါ၊ သူက ဘေးကတစ်ယောက်ပြောတာကို ဆန့်ကျင်ဘို့ပါပဲ၊
သူတို့ပြောနေကြတာကို ကြားထဲက မျက်မှန်မတတ်ထားတဲ့ လူတစ်ယောက်က နားမလည်စွာနဲ့ ဟိုလူက သူဖါသာသူ နေမင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောနေတာကို ဒီလူတွေ ဘာတွေလျှောက်ပြောနေသလဲ မသိဘူးလို့ မှတ်ချက်ချလိုက်တယ်တဲ့၊ ဒါကမျက်မှန်တတ်သူတွေရဲ့အကြောင်းပါ”၊

“ဒါကြောင့်လဲ ဆရာနန္ဒသိန်းဇံက တစ်ခါတစ်လေ လူတွေဟာ ဘေ့စစ် လောဂျစ်တွေကို မေ့နေတတ်ကြတယ်တဲ့၊ ကျနော်တို့က ကျီကန်းဆိုရင်မဲရမယ်လေ ကျီးကန်းသည်မဲ၏၊ သို့သော် ဖြူသောကျီးကန်းလည်းရှိသည် ဆိုတာကို မေ့နေတတ်ကြတယ်၊ အနောက်မှာတော့ သိုးဆိုရင် ဖြူရမယ်၊ သို့သော် သိုးမဲတွေလည်းရှိသည်ပေါ့၊ တစ်ခါတစ်လေ လူတွေဟာ အဲဒီသိုးမဲ တစ်ကောင်အတွက် ငြင်းခုန် အငြင်းပွားနေကြတာ အချိန်တွေကုန်လို့ ဒေါသတွေ မောဟတွေ များလို့ မဟုတ်လား”၊
“ကျနော်ပြောတာရှည်သွားတယ် ထင်တယ်နော်”၊ ဆိုပြီး ကျနော်စကား ခဏရပ် လိုက်ပါသည်၊
ဇင်နွယ်လွင်ထူးက ‘ကိစ္စမရှိပါဘူး၊ ကျမနားလည်သွားပါပြီ’၊ ‘ကျမကဖြင့် ရှင် မျက်မှန်တတ်တာ မကြိုက်ဘူးဆိုလို့ တစ်ခါတစ်လေ မျက်မှန်မတတ်ပဲနေတာ ဝေဝေဝါးဝါးပဲ’၊
သူစကားကြောင့် ကျနော်တို့နှစ်ယောက်လုံး ရယ်မိကြသည်။

တကယ်တော့ ကျနော်သည် လူတွေကို မျက်မှန်တတ်တဲ့လူတွေဆိုပြီး စွတ်စွဲနေခဲ့သည်၊ ဒီခရီးကြောင့် ကျနော်ကိုယ်တိုင် ဆရာကြီးစတီးဝဲလ်ရဲ့ မျက်မှန်တတ်ထားတဲ့ သူတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်၊
“ကျနော်တို့တွေလည်း မျက်မှန်မတတ်မိအောင် လေ့ကျင့်ရဦးမှာ”လို့ ဇင်နွယ်လွင်ထူးကို ပြောလိုက်မိသည်၊
‘ဟုတ်တာပေါ့’လို့ ဇင်နွယ်လွင်ထူးက အလိုက်သင့် ပြန်ဖြေလိုက်သည်။

ကျနော့်ချစ်သော မြစန်းကြည် တစ်ယောက်ကတော့ သစ္စာတရားတော်များကို ရှာဖွေနေပါပြီ၊
ကျနော်တို့ကတော့ မျက်မှန်မတတ်မိအောင် ကြိုးစားရဦးမှာပေါ့။

ကျနော်တို့နှစ်ယောက်ကို သယ်ဆောင်လာသော ကားလေးကတော့ ရှေ့ခရီးကို ဆက်နေပါသည်၊

ခင်မောင်တိုး၏ သီချင်းသံလေးကို ခုမှ သတိပြန်ထားမိပါသည်၊ ရိပိဆိုတဲ့ ခလုပ်လေးကို နိပ်ထားမိတာကိုး၊

…..ခေါင်လောင်းထိုးသံ ရေးရေးလေးကြားနေတယ်
…..ဘယ်သူအတွက် ထိုးတာလည်း
…..ခေါင်လောင်းထိုးသံရယ်………..


ပြီးပါပြီ။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

sosegado

 

အခန်း၂နှင့် ဇာတ်သိမ်းကို ပေါင်းတင်လိုက်ပါသည်၊

အရှည်ကြီးကို သည်းခံဖတ်ပေးသည့် အတွက် ကျေးဇူးတင်ပါသည်။