Wednesday, December 21, 2011

မိုက်ကယ်ဘအေး နှင့် သူ၏ ပါရာနော်မယ် အထူးအဆန်းများ


မိုက်ကယ်ဘအေးနှင့် သူ၏အဖေ

မိုက်ကယ်ဘအေးသည် အသက်နှစ်ဆယ်ပြည့်တော့မည့် လူငယ်လေးတစ်ယောက်ဖြစ်သည်၊ မိုက်ကယ်ဘအေးဆို၍ ဦးဘအေး၏သားလို့ မထင်လိုက်ပါနဲ့ တကယ်တော့ ဦးဘအေး၏မြေး ဖြစ်ပါသည်၊ တနည်းဆိုရသော် ဦးဘအေးသည် သူ့အဖေ ဦးအောင်နိုင်ဝင်း၏ အဖေဖြစ်သည်၊
Father Name အဖေနာမည် ကို ပြောကြစတမ်းဆို မိုက်ကယ်ဘအေးအတွက် ငယ်ငယ်က တော်တော် ခေါင်းရှုပ်စရာ ဖြစ်ခဲ့သည်၊ ငါတို့မှာ အဖေနာမည် မရှိဘူးလို့ ပြောမိလျှင် မင်းအဖေမှာ နာမည်မရှိဘူးလား အမေးခံရသည်၊ ငါတို့က အဖေနာမည်ကို ဆက်သုံးလေ့ မရှိဘူး ငါတို့နာမည်တွေက လွတ်လပ်တယ် စသဖြင့် ရှင်းပြရတာတွေကလည်း မောလောက်ပါသည်၊ ဒါဆို မိုက်ကယ်ဘအေး ဆိုသည့် နာမည် ဘယ်လိုရလာသနည်း မေးဖို့ လိုပါလိမ့်မည်၊ သူအမေက သူ့ကို မိုက်ကယ်ဟုခေါ်သည်၊ သူ့အဖေက လူလေးဟု၎င်း အိမ်မှာဗိုလ်ကျသဖြင့် ဘုရင်လေးဟု၎င်း ခေါ်သည်၊ မူကြိုကျောင်းအပ်တော့ မိုက်ကယ်အောင်နိုင်ဝင်း ဟု နာမည်ပေးသည်၊ သူ့အဖေက မကြိုက်၊ မိုက်ကယ်ဝင်း၊ မိုက်ကယ်အောင် ဒါတွေကိုလည်း သူ့အဖေ တစ်ခုမှ မကြိုက်၊ နောက်ဆုံး သူ့အမေက မိုက်ကယ်ဘအေး ဆိုပြီး နောက်က အဖိုးနာမည် ထည့်ပေးလိုက်သည်၊ သူ့အရပ်နှင့်သူ့ဇာတ်မို့် မိုက်ကယ်ဘအေး နာမည်တွင်သွားခဲ့သည်၊ သူ့ကျောင်းတွင်တော့ သူနာမည်သည် သူငယ်ချင်းတွေကြား အထူးအဆန်းတစ်ခုပါ၊ တကယ်တော့ သူ့အဖေက သူသားကို ထူးထူးဆန်းဆန်း မြန်မာဘုရင်တစ်ပါး၏ နာမည်ကိုပေးဖို့ စိတ်ကူးထားသည် ဆို၏။  

မိုက်ကယ်ဘအေးကို အိုဘားမားနဲ့ နှိုင်းယှဉ်လို့ရသည်၊ အိုဘားမားနဲ့ နှိုင်းယှဉ်လို့ရသည်ဆိုတော့ အထူးအဆန်း ဖြစ်သွားသလို ဖြစ်သည်၊ တကယ်တော့ အိုဘားမားသည် အဖြူတစ်ဝက် အာဖရိကန်တစ်ဝက် ကပြား ဖြစ်သည်၊ မိုက်ကယ်ဘအေးသည်လည်း အဖြူတစ်ဝက် မြန်မာတစ်ဝက် ကပြား ဖြစ်သည်၊ သည်နိုင်ငံတွင် အရောအနှောများ ကပြားများ အများအပြား ရှိသည့်အတွက် မထူးဆန်းသော်လည်း သူ့အဖေ ဦးအောင်နိုင်ဝင်းတို့ အသိုင်းအဝိုင်းတွင် အထူးအဆန်း ဖြစ်သွားသည်၊ မိုက်ကယ်ဘအေးကို ကြည့်လျှင် အရပ်အလွန်မြင့်သော မြန်မာတစ်ယောက် အသားဖြူအောင်လုပ်ပြီး ဆံပင်ကိုကောက်ကာ ရွှေရောင်ဆိုထား သည်နဲ့တူသည်၊ အိုဘားမားသည် အဖြူတစ်ဝက် အာဖရိကန်တစ်ဝက် ဖြစ်သော်လည်း အများက အမဲအဖြစ်သာ လက်ခံကြသည်၊ ဘယ်လိုပင် တဝက် ကပြား ဖြစ်နေစေဦးတော့ သူ့ကိုလည်း မြန်မာ မြန်မာ ဟု အလွယ်တကူ ကျောင်းမှာခေါ်ကြသည်၊ Racist ကိုနားလည်သော ဆရာ တစ်ချို့၏ ပညာပါပါ ပြုပြင်ပေးမှုကြောင့် ကျောင်းသားအနည်းအကျဉ်းသာ ခေါ်ကြတော့သည်၊ ထိုဆရာကပင် nick name ကို ကိုယ်ဟာကိုယ်ပေးရန် ပြောသောအခါ အဖေနဲ့တိုင်ပင်၍ ဘုရင် (Bayin)ဟု ပေးလိုက်သည်၊ ဟလို ဘုရင်၊ ဘုရင် နေကောင်းလား စသဖြင့် ခေါ်ကြသောအခါ သူနှင့်သူ့အဖေတို့ ပြုံးမိကြသည်၊ ဒီနိုင်ငံ၏ အထက်တန်းကျောင်း တစ်ကျောင်းတွင် လူတိုင်းက ဘုရင် ဘုရင်လို့ ခေါ်နေသာ မြန်မာကျောင်းသား တစ်ယောက်ရှိနေသည်၊ ပို၍ ဆိုးသည်က ကျောင်းသားဆိုးများက သူ့ကို မြန်မာဘုရင် (Myanmar/ Burmese bayin) လို့ တွဲခေါ် နေသောကြောင့်ဖြစ်သည်၊ မြန်မာတွေ သိရှိသွားပါက ဒီအထက်တန်းကျောင်းတွင် မြန်မာဘုရင် ရှိနေသည်ဆို၍ အထူးအဆန်းဖြစ်တော့မည်၊ ရေသန့်ဘူးတွင် အရိပ်ပေါ်သလို ဂျာနယ်တွေ သတင်းစာတွေထဲ ရေးကြမည်လားမသိပါ။

ဘုရင်ခေါ် မိုက်ကယ်ဘအေး၏ အဖေကလည်း ခေသူမဟုတ်ပါ၊ သင်္ဘော အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့ပြီး၊ လောလောဆယ်တွင် အကြီးတန်း အင်ဂျင်နီယာအဖြစ် အစိုးရဌာန တစ်ခုတွင် လုပ်ကိုင်နေသည်၊ သင်္ဘောလိုက်ပြီး အမေရိကားကို ရောက်ခဲ့ခြင်းဖြစ်သည်၊ အမေရိကန်သူ မိုက်ကယ်ဘအေးအမေနှင့် အကြောင်းပါသည်၊ အမေရိကားမှာ အခြေချ ဖြစ်ခဲ့သည်၊ မိုက်ကယ်ဘအေးအမေနှင့် အဖေတို့သည် မိုက်ကယ်ဘအေး ၄နှစ်အရွယ်တွင် လမ်းခွဲလိုက်ကြသည်၊ ထိုအချိန်မှစ၍ မိုက်ကယ်ဘအေးတစ်ယောက် အမေကို ဓါတ်ပုံတွေ ပို့စကဒ်တွေနဲ့သာ ရင်နှီးခဲ့ရသည်။

အဖေနှင့်သာ နေထိုင်ခဲ့ရသဖြင့် အမေသည်လည်း အဖေဖြစ်ခဲ့ရသည်၊ သူတို့သားအဖနှစ်ယောက် အိမ်တွင် မြန်မာလိုပဲပြောသည်၊ မိုက်ကယ်ဘအေး အဖေသည် သူ့အချိန်တော်တော်များများကို မြန်မာဗီဒီယိုဇာတ်လမ်းတွေ ကြည့်ရင်း ကုန်ဆုံးခဲ့သည်၊ သည်အတွက်လည်း မိုက်ကယ်ဘအေး တစ်ယောက် မြန်မာဗီဒီယိုဇာတ်လမ်းတွေနဲ့ ငယ်ငယ်ထဲက ရင်းနှီးခဲ့သည်၊ ကျော်ဟိန်းမှသည် ဒွေး၊ လွင်မိုး နေတိုးအထိ အကုန်သိသည်၊ ခုလောလောဆယ်တော့ မင်းသမီး ‘မယ်လိုဒီ’ ပါတဲ့ ဇာတ်လမ်းတွေ ကြည့်ဖြစ်နေသည်၊ ထိုကြောင့်လည်း မိုက်ကယ်ဘအေး မြန်မာစကားပြောလျှင် ရုပ်ရှင်ဆန်ဆန် ဇာတ်ဆန်ဆန် ပြောတတ်သည်၊ ဒီအတွက် မြန်မာပြည်က ရောက်လာသော ဆယ်ကျော်သက် မြန်မာမလေးတွေ မိုက်ကယ်ဘအေး၏ အပြောတွေကို သဘောကျ ကြသည်၊ မိုက်ကယ်က အရမ်းခင်လို့ ကောင်းတာပဲ ဖြစ်ကုန်၏။

မိုက်ကယ်ဘအေး၏ အဖေသည် မိန်းမနောက်ထပ် လက်ထပ်မယူသော်လည်း ဒီနေ့အထိ အနည်းဆုံး အမျိုးသမီး ဆယ်ယောက်လောက်နဲ့ တွဲခဲ့သည်၊ ထိုအထဲတွင် မြန်မာပြည်မှ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ရောက်လာသော မြန်မာအမျိုးသမီး လေးငါးယောက်လောက်ပါမည်၊ ဒီအတွက် အဖေနှင့်အတူ ကြီးပြင်းလာရသော မိုက်ကယ်ဘအေးအဖို့ မိန်းမတွေသည်မဆန်း အရေးတယူလည်း မရှိ၊ အဖေခြေရာထက်ကျော်ကာ ၁၅နှစ်သားလောက်ထဲက ရီးစားလိုလို ဘာလိုလိုတွေ အများကြီး တွဲဖြစ်ခဲ့သည်၊ မိုက်ကယ်ဘအေးအဖေသည် လောလောဆယ်တွဲနေသော အမျိုးသမီးနဲ့တော့ တွဲလာတာ ၂နှစ်ပြည့်တော့မည်ဆိုတော့ တော်တော်ကြာကြာ တွဲဖြစ်သည်ဟု ဆိုနိုင်သည်၊ ‘စိုးစိုးက မြန်မာဆန်လို့ကွ’ လို့ဆိုတော့ မိုက်ကယ်ဘအေးအတွက် မြန်မာဆန်သည်ဆိုသည်ကို အထူးအဆန်းဖြစ်နေခဲ့သည်၊ ဒီအမျိုးသမီးကို ကြည့်ကာ မြန်မာဆန်သည်ဆိုတာ ဘာလဲ ခဏ ခဏ စဉ်းစားမိသည်၊ တကယ်တော့ စိုးစိုး ဆိုသော အမျိုးသမီးသည် သူ့ထက် ဆယ်နှစ်ကျော်ကြီးကာ သူ့အဖေထက် အနှစ်နှစ်ဆယ်လောက် ငယ်သည်၊ သူကတော့ ဒီအမျိုးသမီးကို ခပ်ကြောင်ကြောင် တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ဒီအမျိုးသမီးကြောင်ပုံတစ်ခုကတော့ အမှတ်ရစရာပါ၊
ရောက်ခါစက မိုက်ကယ်ဘအေး၏ သူငယ်ချင်းတွေက မိုက်ကယ်ဘအေးကို လာခေါ်သည် ‘မြန်မာဘုရင်’ ‘မြန်မာဘုရင်’ လို့ အိမ်ရှေ့မှာ လာခေါ်နေသည်ကို ဘာအတွေးပေါက်သွားလည်းမသိ စိုးစိုးပြန်ပြောလိုက်သည်က၊
‘မြန်မာဘုရင’် ‘မြန်မာဘုရင်’
“မြန်မာဘုရင်ဆိုတာ မရှိတော့ဘူး၊ သေသွားတာကြာပြီ”
‘ဗျာ၊ ဘယ်လို၊ ဘယ်တုန်းကလဲ၊’ သူငယ်ချင်းတွေ အလန့်တကြားဖြစ်သွားသည်၊
“ကြာပေါ့”
‘တကယ်လား၊ ဘယ်နေရာမှာ ဘာဖြစ်တာလည်း’
“အိန္ဒိယမှာ စိတ်ဓါတ်အရ သတ်စရာမလိုပဲ သတ်လိုက်တာ၊”
‘ဘာ အင်ဒီယန်းတွေက သတ်လိုက်တာ၊ ငါတို့ မကြားမိဘူး၊ ဟိုတစ်နေ့က ဖုန်းဆက်သေးတယ်’
“မဖြစ်နိုင်ပါဘူး သူက သေသွားတာကြာပြီ၊”
‘စိတ်မကောင်းစရာပဲ၊ မယုံပါဘူး၊’ ‘ဒါနဲ့ စကားမစပ် ခင်ဗျားက ဘယ်သူလည်း ဒီအိမ်မှာ မြန်မာဘုရင်နဲ့ ဘယ်လိုဆက်စပ်သလဲ၊’
“ငါက သမီးတော်၊” “ကဲပြန်တော့ ဒီမှာ မြန်မာဘုရင်ဆိုတာ မရှိဘူး၊ သေသွားတာကြာပြီ၊”
စိုးစိုး တစ်ယောက် မိုက်ကယ်ဘအေး သူငယ်ချင်းတွေကို မောင်းထုတ်နေသည်၊
ထိုအချိန်တွင် မိုက်ကယ်ဘအေးအဖေ ဦးအောင်နိုင်ဝင်း အခန်းထဲသို့ ဝင်လာသည်၊
‘ဟိုင်း အန်ကယ’် ‘အရမ်းဝမ်းနည်းပါတယ်’ ‘မြန်မာဘုရင်သေသွားပြီဆိုလို့ မယုံနိုင်စရာဖြစ်နေတယ်၊’
‘“မြန်မာဘုရင်မသေပါဘူး အခန်းထဲမှာ ရှိနေတယ် ဘယ်သူပြောတာလဲ သေသွားပြီလို့’” ဦးအောင်နိုင်ဝင်းကပြောလိုက်သည်၊
‘သမီးတော်က သေသွားပြီပြောတယ’် သူငယ်ချင်းတွေက ပြန်ဖြေသည်၊
‘“ဘယ်က သမီးတော်တွေ ရောက်လာတာ ဒီကောင်ရှုပ်ရှုပ်ရှက်ရှက် လုပ်ထားပြီ ထင်တယ်”’
‘သမီးတော်က သူလေ’ သူငယ်ချင်းတွေက စိုးစိုးကို လက်ညိုးထိုးပြလိုက်သည်၊
“အစ်ကိုကြီး ဒီလိုမပြောသင့်ဘူးလေ မြန်မာဘုရင်သေသွားပြီလေ သမိုင်းတွေ အစ်ကိုကြီးမေ့နေပြီ ထင်တယ်” စိုးစိုးက ဦးအောင်နိုင်ဝင်းကို လှမ်းပြောလိုက်သည်
‘“မြန်မာဘုရင် မသေပါဘူး အခန်းထဲမှာ ရှိနေတယ် စိုးစိုးတို့ နားလည်မှု လွဲနေတာပါ၊’” ဦးအောင်နိုင်ဝင်းက ပြောလိုက်ပြန်သည်၊
“နားလည်မှု လွဲနေတာ မဖြစ်နိုင်ပါဘူး၊ မြန်မာဘုရင် သေသွားပြီးတာ မြန်မာတွေအားလုံးသိတယ်”
စိုးစိုးက ဦးအောင်နိုင်ဝင်းကို ပြန်ငြင်းချက်ထုတ်သည်၊
သူငယ်ချင်းတွေကတော့ စိုးစိုးနှင့် ဦးအောင်နိုင်ဝင်းကြား ဘာတွေဖြစ်နေတာလဲ ပုံစံတွေနဲ့ ဖြစ်နေသည်၊

ထိုအချိန်တွင် မိုက်ကယ်ဘအေး အိမ်ရှေ့ခန်းထဲထွက်လာသည်၊
သူငယ်ချင်းတွေ အလန့်တကြား မိုက်ကယ်ဘအေးကို လက်ညိုးထိုးကာ
‘မြန်မာဘုရင်’ ‘မြန်မာဘုရင်’ ‘သူမသေဘူး’
စိုးစိုးက “သူက မြန်မာဘုရင် ဘယ်သူက ပြောတာလဲ”
သူငယ်ချင်းတွေက ‘သူ မြန်မာဘုရင်ဆိုတာ အားလုံးသိတယ်’
ဦးအောင်နိုင်ဝင်းက “‘စိုးစိုးရေ မိုက်ကယ်ကို ဒီမှာ မြန်မာဘုရင်လို့ ခေါ်ကြတယ် nick name ပေါ့၊’”
မိုက်ကယ်ဘအေးက ဘာတွေ ဖြစ်နေကြာတာလဲ
သူငယ်ချင်းတွေက ‘သမီးတော်က မင်းသေပြီလို့ပြောတယ’်
ဘယ်သူလဲ သမီးတော်ဆိုတာ မိုက်ကယ်ဘအေး မေးလိုက်သည်၊
အားလုံးက စိုးစိုးကို လက်ညိုးထိုးပြလိုက်ကြသည်၊

ထိုနေ့ကစပြီး မိုက်ကယ်ဘအေးတို့ အိမ်တွင် ခမည်းတော်၊ သမီးတော်နဲ့ မြန်မာဘုရင်တို့ နေထိုင်ကြလေသည်။


မိုက်ကယ်ဘအေးနှင့် မိုက်ကယ်ဘအေး

မိုက်ကယ်ဘအေးသည် သူတွင်ထူးဆန်းသော စိတ်ခံစားမှု သို့မဟုတ် စိတ်နယ်လွန် အဖြစ်တစ်ခုရှိသည်ဟု သူကိုယ်သူ ခံယူထားသည်၊ မိုက်ကယ်ဘအေးသည် ယခုခေတ် အမေရိကန်လူငယ် အများစုအတိုင်း Free thinker တစ်ယောက်ဖြစ်ပါသည်၊ ဒါပေမဲ့ society ဝင် တစ်ယောက်တော့ မဟုတ်ပါ၊ အမေက ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အဖေနှင့် ကြီးပြင်းလာရပေမဲ့၊ ပတ်ဝန်းကျင် အသိုင်းအဝန်းကြောင့် Free thinker ဖြစ်လာခဲ့သည်၊ ဘုရားကျောင်းများသို့ အကြိမ်များစွာ ရောက်ဖူး တက်ဖူးခဲ့သော်လည်း အရာရာကို ဘုရားသခင်က ဖန်တီးသည် ဆိုသည်ကို လက်မခံသူ တစ်ယောက်ဖြစ်သည်၊ ထိုအတူ ဗုဒ္ဓဘာသာ ရဟန်းသံဃာကို ငါးခါလောက်သာ တွေ့ဖူးကြုံဖူးသူ တစ်ယောက်ဖြစ်သည်၊ အိမ်တွင် ဘုရားစင်ရှိသော်လည်း အဖေကိုယ်တိုင်က တစ်ခါတစ်လေမှ ရှိခိုးနေလေတော့ သူလည်း အမှုမဲ့ အမှတ်မဲ့ပင်၊ အဖေပြောပြသည်ကလွဲလို့ ဗုဒ္ဓဘာသာ အကြောင်းသိပ်မသိပေ။

အဖေနှင့်ပတ်သက်၍ အိမ်ကို စိုးစိုးဆိုသော အမျိုးသမီး ရောက်လာတော့ သူ့စိတ်ထဲတွင် ဒီအမျိုးသမီးကို အလွန်ရင်းနှီး ကျွမ်းဝင်သည့် စိတ်ခံစားမှုမျိုးကို ခံစားရသည်၊ တစ်နေရာ တစ်ချိန်ချိန်က စိုးစိုးနှင့်သူ စကားတွေ အများကြီး ပြောဖူးသလို အတူသွားအတူလာ ရှိခဲ့သည် ဆိုသည့် စိတ်အာရုံ တစ်မျိုးဖြစ်ပေါ်စေသည်၊ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်လျှင် ဘာမှ မရေရာ ဘာမှ ပြန်မပြောနိုင်ပေ၊ ဒီနေရာကို ရောက်ဖူးသလိုလို၊ ဒီလူနှင့် စကားပြောဖူးသလိုလို၊ ဒီလူနှင့် ရင်းနှီးဖူးသလိုလို စသည့် ဒီလိုစိတ်မျိုးကို ငယ်ငယ်ကတည်းက သူတွင်ရှိကြောင်း သိရှိခဲ့ရသည်၊ သူအထက်တန်းကျောင်း ရောက်ခါစက ကျောင်းလေ့လာရေး ခရီးအဖြစ် West Virginia ရှိ Harpers Ferry သို့သွားရသည်၊ အမေရိကန် သမိုင်းတွင်ပါသော America revolutionary abolitionist ပထမဦးဆုံး ကျွန်တော်လှန်ရေး စဖြစ်ခဲ့သည့် နေရာဖြစ်သည်။

ဆရာမနှင့် ပြတိုက်တာဝန်ခံက သမိုင်းကို ရှင်းပြနေပြီး၊ ရုပ်လုံးကြွ သရုပ်ပြအခန်းသို့ ရောက်လာခဲ့သည်၊ အသံနှင့်အတူ ရုပ်လုံးကြွများ အသက်ဝင်ကာ တော်လှန်ရေးခေါင်းဆောင်John Brown ကို စစ်တပ်က ဝင်ဖမ်းသည့် အခန်း၊ John Brown ကို ကြိုးပေး သတ်ဖြတ်သည့် အခန်းများတွင် သူစိတ်သည် မြောပါသွားခဲ့သည်၊ ထိုအဖြစ်အပျက်ထဲတွင် သူကိုယ်တိုင်ပါနေသလို ခံစားရသည်၊ သူသည် စစ်သားတစ်ယောက်လား တော်လှန်ရေးသမား တစ်ယောက်လား မသိပါ၊ သေချာတာကတော့ သူသည်ရှေးဟောင်း သေနတ်တစ်လက်ကို ကိုင်ကာ ပစ်ခတ်ခဲ့ဖူးသည်၊ ဟိုတုန်းက သည်နေရာက အဆောက်အဦးပုံတွေ လူတွေသွားလာ လှုပ်ရှားနေပုံကို ပြန်မြင်လာသည်၊ သူငယ်ချင်းတစ်ယောက် က လာပြီး ဟေ့ ဘာရပ်လုပ်နေတာလည်း အားလုံး အောက်ရောက်နေပြီ ဆိုကာ သူကို နိုးသလို လာခေါ်မှ ဒီအာရုံတွေ သူဆီက ထွက်သွားသည်၊ ပြန်လည် စဉ်းစားတွေးကြည့်လျှင် ပြန်မမြင်ရတော့ပေ၊ တိုက်ဆိုင်မှသာ ပေါ်ပေါက်လာသည်ဟု သူထင်မိသည်။

တကယ်တော့ ဒီလို အဖြစ်မျိုးကို သူငယ်ငယ်ကလည်း ဖြစ်ဘူးခဲ့သည်၊ ငယ်သေး၍၎င်း ဘာကိုမှ သိပ်စိတ်မဝင်းစား၍၎င်း ထိုစဉ်က သူ အရေးတယူ မရှိခဲ့ပါ၊ မူလတန်းကျောင်းသား ဘဝတုန်းက နွေရာသီ ရက်ရှည် ကျောင်းလေ့လာရေး ထွက်ကြရာ ကယ်လီဖိုးနီးယား ပြည်နယ်သို့ သွားကြသည်၊ ထိုပြည်နယ်ရှိ ပြတိုက်လုပ်ထားသော သတင်းစာဆရာ သူဌေး တစ်ယောက်အိမ်သို့ ဝင်ရောက်လေ့လာကြရာ ထိုအိမ်ကြီးနှင့် သူရင်းနှီးသလို ခံစားရသည်၊ အိမ်ကြီးရှိ နေရာတော်တော်များများကို သူသိသလိုလို ရှိနေသည်၊ ဘေးကပါလာသော သူငယ်ချင်းကို ဟိုဘက်ကိုသွားလိုက် ရေကူးကန်ရှိမယ်၊ ဒါရုပ်ရှင်ပြတဲ့အခန်းကို သွားတဲ့နေရာ စသဖြင့် ပေါ်လာသလောက် ပြောကြည့်ရာ အကုန်မှန်နေ၍ သူငယ်ချင်းက မင်း ဒီကို ရောက်ဖူးသလားလို့ မေးခွန်းထုတ်ယူရသည့် အထိပင်။

ဒီအကြောင်းတွေကို အဖေကို ပြန်ပြောပြ ဖြစ်ခဲ့သည်၊
“အဖေကို ဘာကိုရှင်းပြရမလဲ၊ ဘယ်လိုပြောပြရမလဲ မသိဘူး၊ တစ်ချို့ အဖြစ်အပျက် အကြောင်းအရာ တွေမှာ၊ အဲဒီ အဖြစ်တွေကို သိနေသလိုလို၊ အဲဒီနေရာကို ရောက်ဖူးသလိုလို တိုက်ဆိုင်တာတွေ တွေ့ရင် အာရုံခေါ်မလား စိတ်ကူးအမြင် ထဲမှာ ပေါ်ပေါ်လာတယ်အဖေ” ဟုမေးခဲ့မိသည်၊
အဖေက ‘မင်းကတော့ တခြားသူနှင့်မတူ ထူးခြားနေတာလား၊ အတွေးလွန်တာလားတော့ မသိဘူး၊
ဒါပေမဲ့ အဖေတို့ ဗုဒ္ဓဘာသာမှာတော့ ဘယ်သူမဆို နိဗ္ဗာန်ကိုမရမချင်း ၃၁ ဘုံ ဘဝတွေမှာ ကျင်လည်ရတယ်၊ သံသရာလို့ ခေါ်တာပေါ့၊ အဲဒီ သံသရာလည်နေရတာကို ဆင်းရဲခြင်း ဖြစ်တယ်တဲ့၊ ဒီသံသရာက လွတ်မြောက်အောင် ဗုဒ္ဓဟောကြားလမ်းပြခဲ့တဲ့ တရားအတိုင်း မိမိကိုယ်တိုင် ကျင့်ကြံယူမှ သံသရာလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်မှာဖြစ်တယ်၊’
‘ဒါကြောင့်မို့ အရင်ဘဝဆိုတာ ရှိတယ်၊ အရင်ဘဝတွေကို ပြန်သတိရ မရ အဖေလည်း သိပ်မသိဘူး၊ ဆရာတော် တစ်ပါးလာတော့မှ မေးကြည့်ပေးမယ်၊’
“ဒါဆိုရင် ကျနော်က လူဖြစ်ရင်လည်း ဖြစ်ခဲ့မယ်၊ တိရိစ္ဆာန်ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်၊ နတ်ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်ပေါ့၊”
အဖေကို မေးလိုက်သည်၊ အဖေက ‘ဟုတ်တယ် ၃၁ဘုံ အကုန်ဖြစ်နိုင်တယ်၊ မင်းကို ဆရာတော် တစ်ပါးရေးထားတဲ့ ၃၁ ဘုံ အကြောင်းစာအုပ် ပေးဖတ်မယ်၊’
ဒီလို အဖေနှင့် စကားပြော ဖြစ်ခဲ့ပြီး အရင်ဘဝတွေ ဆိုတာကို စိတ်ဝင်စားသွားခဲ့သည်၊ တိရိစ္ဆာန်ဖြစ်ရင်လည်းဖြစ်ခဲ့မယ် ဆိုတာကို ပြန်တွေးကြည့်တော့ တစ်ခါက အိမ်နားက သူငယ်ချင်းက လေးမွှာပူးမွေးတယ် သွားကြည့်မလား ဆိုတော့ ကိုယ်ဝန်ရှိနေတဲ့ မစ္စစ်အမ်း တစ်ယောက်မွေးသည်ထင်၍ လိုက်သွားခဲ့သည်၊ ဟိုရောက်တော့ ခွေးလေးကောင် မွေးထာသော ခွေးမကြီးကိုပြသည်၊ အဲဒီမှာ သူငယ်ချင်း စနောက်နေမှန်း သိရတော့သည်၊ ဒါပေမဲ့ ခွေးလေးတွေကို ကြည့်ရင်း ခွေးလေးတစ်ကောင်လို အနံ့ခံကာ သွားလာဖူးသလိုလို ဟိုတိုးဒီတိုး သွားလာဖူးသလိုလိုကို အာရုံထဲမြင်မိခဲ့ဖူးတာကို သတိရသွားသည်၊ ဒီလိုဆိုလျှင် ဘဝတစ်ခုမှာ ခွေးဖြစ်ခဲ့ဖူးသလား မေးခွန်းပြန်မေးကြည့်ခဲ့မိသည်။

ဒီအတွေ့အကြုံတွေကို သူငယ်ချင်းတွေ ပြန်ပြောပြတော့ မင်းတော့ semi-prophetic abilities ရှိနေပြီထင်တယ် ဆိုပြီး အဆင့်မြင့် ဘိရှော့ကြီးတွေနဲ့ သွားတွေ့ဘို့ အကြံပြုသည်၊ သူတို့ယုံကြည်သော Faith healing ကို သူတို့ အကြံပြုခြင်း ဖြစ်ပါသည်၊ အရင်ဘဝဆိုတာကို ယုံကြည်ကြသူများ မဟုတ်ကြပေ၊ အကန့်အသတ်တွေကြောင့်လည်း အများစုသည် နေ့စဉ် ကြုံတွေ့နေရသော အဖြစ်အပျက်များမှ တဆင့် ဘာသာတရားနဲ့ ကင်းကွာလာကြသည်၊ ထိုအတွက် သူ့လိုပဲ Free thinker တွေ များလာကြခြင်းဖြစ်မည်၊ တစ်ချို့ကလည်း မင်းစာအုပ်တွေဖတ် တီဗွီဇာတ်လမ်းတွေကြည့်ပြီး အတွေးလွန်နေပြီလို့ ဆိုကြသည်၊ Eckankar တွေနဲ့ ဆက်သွယ်ဘို့ ပြောကြသည်၊ Eckankar ဆိုသည်မှာ ကျမ်းစာအုပ်တွေထဲက ခွဲထွက်လာသော အကြောင်းကံ၊ ပြန်လည်မွေးဖွားခြင်း၊ အတိတ်ဘဝနှင့် ဝိညာဉ် တို့ကို လက်ခံသော အမေရိကန် ကိုးကွယ်ယုံကြည်မှု ဘာသာတရား တစ်ခုဖြစ်သည်၊ သူတို့သည် ဟူ HU ဆိုသော ဘုရားကို ကိုးကွယ်ကြသည်။

မိမိကိုယ်ကို မိမိစိတ်ဝင်စားရင်း၊ ဒီ ပါရာနော်မယ် (Paranormal) အဖြစ်များက သူအတွေးကို ကြီးစိုးထားသည်၊ ကောလိပ်ပြီးရင် Parapsychology အထူးပြု Human Sciences ဘာသာကို ယူမလို့ စိတ်ကူးထားသည်၊ အဖေကတော့ အာကာသ အင်ဂျင်နီယာ သူကိုဖြစ်စေချင်သည်၊ ဒါမှ မဟုတ် Human Sciences ကို Virginia Tech တက္ကသိုလ် မှာပဲ တက်စေချင်သည်၊ သားကိုအနီးနားမှာပဲ နေစေချင်သည်၊ သူကတော့ စိတ်ဝင်စားရာ Anthropology နှင့် Parapsychology ဘာသာရပ်တွေကို ကောင်းကောင်းသင်သော Pennsylvania မှာ သွားတက်မလို့ စိတ်ကူးထားသည်။

အထူးအဆန်းများကို လေ့လာစူးစမ်းလိုသူ မိုက်ကယ်ဘအေးတစ်ယောက် ပို၍ဆန်းကြယ်သော ပါရာနော်မယ်အထူးအဆန်းများနှင့် ကြုံလာရသောအခါ သူ့အဖိုး ဦးဘအေးကိုတွေ့ချင်စိတ်၊ သူ့အဖိုးအကြောင်းသိချင်စိတ်များ ပိုပြင်းပြလာခဲ့သည်။


ခဏ ရပ်ပါဦးမည်၊







 
 

Friday, December 2, 2011

ခွေးလို ဝက်လို လူတွေ


လူနှင့်စိတ်နဲ့ မကပ်ဘူး စိတ်နဲ့လူနှင့် မကပ်ဘူး
ပြောဘူးကြ ဖြစ်ဘူးကြပါလိမ့်မည်၊
တစ်ခါတစ်လေ စိတ်သွားတိုင်း ကိုယ်မပါဖူးကွာ ဆိုပြီး ညည်းကောင်းညည်းမိ ကြပါလိမ့်မည်၊
ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ လုပ်ချင်တာတွေ မလုပ်နိုင် မပြီးနိုင်တဲ့အခါများမှာ သုံးမိလေ့ရှိသည်၊
မည်သို့သော အဓိပ္ပါယ်ဖြင့် ဘယ်နေရာတွင် သုံးရမည်ကိုတော့ မြန်မာစာဆရာများကို သွားမေးလျှင် ဖြေနိုင်လိမ့်မည်ဟု ထင်ပါသည်၊
စိတ်နှင့် လူနဲ့ကပ်ဖို့၊ စိတ်သွားတိုင်း ကိုယ်ပါဖို့ကတော့ စိတ်က အရေးကြီးသည်၊
စိတ် ကြီးစိုးသွားသည့်အခါ အသိမလိုက်ပါနိုင်ပဲ သတိလက်လွတ်က အလွဲလွဲ အချော်ချော် ဖြစ်ကုန်သည်ဟု ထင်မြင်ယူဆမိပါသည်။

…………………………………………………………………………..

မနက်ဖြန်တွင် အထိမ်းအမှတ် တစ်ခုအတွက် အာရုံဆွမ်း ဆရာတော် တစ်ပါးကို ကပ်လှူမည်ဟု စီစဉ်ထားပြီး ဖြစ်သည်၊ ထိုသို့အလှူအတန်း ကုသိုလ်ရေးကို လုပ်လေ့လုပ်ထ မရှိသူ တစ်ယောက်ဖြစ်သည့်အတွက် အကဲပိုသည်ဟု ပြောရပါလိမ့်မည်၊ နေရာတကာ အစီအစဉ်ဆွဲ လုပ်လေ့ရှိသောကြောင့်လည်း ဘာပြီးရင်ဘာလုပ်၊ ဘယ်အချိန်မှာဘာ ဘယ်နေရာမှာ ဘာလုပ် ဆိုပြီး ကိုယ်ရဲ့စိတ်ကို ကိုယ်ကိုတိုင် ဒုက္ခပေးထားတတ်သည်။

အိမ်တွင်လူရေကြည့်မှ သုံးယောက်ထဲရှိသည်၊ အစီအစဉ်ဆွဲသူကလည်းကိုယ် အများဆုံး နောက်ကလိုက် လုပ်သူ (follow up) ကလည်းကိုယ် ကျန်နှစ်ယောက်ကတော့ အရံပရိသတ်လို့ပဲ သဘောထား လိုက်ပါစို့၊ု တကယ်တော့ ဘုန်ကြီးတစ်ပါးကို အိမ်ပင့်ပြီး အိမ်သားသုံးဦက အာရုံဆွမ်းကပ် ကုသိုယ်ယူတဲ့ပွဲကလေးပါပဲ၊ များများစားစား လုပ်ရတာ မဟုတ်လို့ အာရုံဆွမ်းကို ရွေးပြီးကပ်ခြင်း ဖြစ်သည်၊
ထူးထူးခြားခြားလေးတော့ လုပ်ပါဦးဆိုသော တစ်ယောက်သောသူရဲ့ ဆန္ဒအရ ထူးခြားအောင်လည်း စီစဉ်ရသည်၊ ဂျပန်ခေါက်ဆွဲကြော်၊ ကြက်ဟင်းချို၊ ကြက်သွန်ချဉ်၊ မုန့်မျိုးစုံ၊ ကော်ဖီ၊ အသီးမျိုးစုံဖြင့် အာရုံဆွမ်း ဘုန်းကြီးအတွက် လုံလောက်ပြီထင်သည်၊ တစ်ယောက်သောသူက ရန်ကုန်က ဘီးမုန့်(ဘိန်းမုန့်)ကို ကပ်ချင်သည်ဟု ဆိုလာသည်၊ ရန်ကုန်က သူကြိုက်သော နာမည်ကြော် ဘီးမုန့်ကို အကောင်းအတိုင်း အာရုံဆွမ်းကပ် အမှီရောက်အောင် ဘယ်လိုလုပ်မလဲ စီစဉ်ရတော့သည်၊ ပီတိကုသိုလ်ကို ဖြစ်စေချင်တဲ့ သဘောပါ၊ ကြွလာမဲ့ ဆရာတော် ဘုန်းဘုန်းကလည်း မြန်မာအစားအစာတွေကို အများအားဖြင့် ဘုန်းပေလေ့ရှိသည်ဟု သိထားသည်၊ ဒီလိုနဲ့ ရန်ကုန်ကနေ စင်္ကာပူကို အချိန်မှီ အကောင်းအတိုင်း ဘီးမုန့်ရောက်အောင် စီစဉ်ရတော့သည်။

ရန်ကုန်ကလည်း မဖြစ်ဖြစ်အောင် စီစဉ်ပေးကြသည်၊ အကောင်းဆုံး လူကြုံနဲ့ အချိန်ကိုက်ခါ သေချာထုပ်ပိုး ထည့်ပေးလိုက်သည်၊ အချိန်မှီသွားယူကာ ရေခဲသေတ္တာထဲထည့် ပြီးရင် မနက်ကြလျှင် ဘယ်လိုနွေးရန် စီစဉ်ထားသည်၊ အဲဒီအတိုင်းလိုက်နာလျှင် ဘီးမုန့်ပူပူနွေးနွေးကို အရသာမပျက် ကပ်နိုင်မည်ဆိုသည်။

လူကြုံက ၃နာရီလေယာဉ်ပျံနဲ့လာ၍ သူအိမ်ကို ၃နာရီ ၄၅မိနစ်လောက်ရောက်မည်၊ ၄နာရီလောက် လူကြုံ၏အိမ်တွင် သွားယူရန် စီစဉ်ထားသည်၊ ထိုစီစဉ်ထားသည့်အတိုင်း ဒီနေ့ရုံးက ၃နာရီခွဲလောက်မှာ စောထွက်ရလိမ့်မည်။

ရုံးတွင် မနက်ပိုင်းထိ အဆင်ပြေနေရာမှ မွန်းလွဲ၂နာရီခွဲတွင် အရေးပေါ် အစည်းအဝေးတစ်ခု ပေါ်လာသည်၊ နာရီဝက်ပဲကြာမည်ဟု MDကပြောသည်၊ ဒါပေမဲ့ အစည်းအဝေးက Customer စက်ရုံမှာ လုပ်မည်ဖြစ်သည်၊ စက်ရုံက စင်္ကာပူ၏ အနောက်ဘက်အစွန် Tuas ဧရိယာတွင်ဖြစ်သည်၊ ‘ငါအစည်းအဝေးပြီးတာနဲ့ အပြင်သွားတော့မယ်ဆိုတော့’ MDကလည်းခွင့်ပြုသည်၊ ဒီလိုနဲ့ ကျနော်နှင့်MDတို့ Customer စက်ရုံကို မွန်းလွဲ၂နာရီ မခွဲခင်တွင် ရောက်သွားသည်၊ အစည်းအဝေးကို မွန်းလွဲ၂နာရီ ခွဲတိတိတွင် စဖြစ်သည်၊ ချိန်ထားသည့်အတိုင်း နာရီဝက်အတွင်း ပြီးသွားသည်၊ ဒါပေမဲ့ သူတို့ဘက်က လက်မှတ်ထိုးမည့် Technical Director အစည်းအဝေးထဲတွင်မပါ၊ အရေးကြီးကိစ္စတစ်ခုကြောင့် အနည်းငယ်နောက်ကြမည်ဆို၏၊ အစည်းအဝေးအပြီး ၃နာရီကျော်ကျော်လောက် ဒီငနဲရောက်လာသည်၊ အဖြူကောင် အမေရိကန်ဖြစ်သည်၊ သူ့လူတွေက သူ့ကိုပြန်ရှင်းပြနေသည်၊ သူကလည်း ကျနော်တို့ကို ပြန်မေးနဲ့ နောက်ထပ် အစည်းအဝေးတစ်ခုလို ဖြစ်သွားသည်၊ စိတ်ထဲမှာ ဒီငနဲကို နည်းနည်း တင်းသွားခဲ့သည်၊ ဒီလိုနဲ့ ၄နာရီထိုးတော့မည်၊ အစည်းအဝေးထဲမှာပင် လူကြုံယူလာသည့်သူထံသို့ SMS ခိုးပို့လိုက်သည်၊ ၄နာရီမရောက်နိုင်တော့ ၆နာရီမှ လာယူမည် ရေခဲသေတ္တာထဲ ထည့်ထားပေးရန် အကူအညီတောင်းလိုက်သည်။

တကယ်တော့ အစည်းအဝေးကို ကျနော်စိတ်မဝင်စားတော့၊ ရှင်းပြရတာ အပ်ကြောင်းထပ်နေပြီ၊ ၄နာရီခွဲတွင် ဒီငနဲ လက်မှတ်ထိုးလိုက်သည်၊ MDကလည်း သူလိုချင်တာရသွား၍ ကျေနပ်သွားသည့်ပုံစံ ဖြစ်နေပြီ ဖြစ်သည်၊ ဒီငနဲက မဆီမဆိုင် နိုင်ငံရေးသမားတွေကြောင့် အမေရိကန်၏ စီးပွားရေ အကျပ်အတည်းနှင့် ဥရောပအကြွေးတွေအကြောင်း ဆရာကြီးပုံစံနဲ့ ဆက်ပြောနေသည်၊ Customer First ဦးစားပေးရမည် ဆိုသောကြောင့် သည်းခံနားထောင် နေလိုက်သည်၊ ၅နာရီ မထိုးခင်လေး သူ့အပြောတွေရပ်ကာ အစည်းအဝေး ပြီးသွားခဲ့သည်၊ အားလုံးလက်ဆွဲ နူတ်ဆက်ချိန်မှာတော့ မျက်နှာက သူ့ကိုပြုံးပြနေသော်လည်း စိတ်ထဲက ‘ငါ--- မသားကြီး’ မင်းကြောင့် ငါအစီအစဉ်တွေ လွဲကုန်တော့မယ်လို့ ကြိတ်ပြော နေမိခဲ့သည်။

လူကြုံဆီကို ၅နာရီခွဲရောက်မည်ဟု ဖုန်းဆက်လိုက်သည်၊ ‘ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့ပါ၊ ရေခဲသေတ္တာထဲက ထုတ်ပြီးအဆင့်သင့် လုပ်ထားပေးမည် ဟုဆိုသည်၊ လူကြုံအိမ်က Clementi Town တွင်ရှိသည်ဆိုတော့ Tuas ကနေ နာရီဝက်လောက်မောင်းလျှင် အေးအေးဆေးဆေး ရောက်သည်၊ MDကို နူတ်ဆက်ပြီး အမြန်မောင်းထွက် လာလိုက်သည်၊ AYE အဝေးပြေး လမ်းမကြီးအတိုင်းသွားရမည် မဟုတ်ပါလား။

AYE အဝေးပြေး လမ်းမကြီးအတိုင်း ၁၀မိနစ်ခန့်မောင်းပြီးသောအခါ ကားတွေရုတ်တရက် အရှိန်နှေးသွားလေသည်၊ Jurong Town hall အထွက်တွင် jump ဖြစ်လို့နေပြီ၊ ဘာတွေဖြစ်နေတာလဲလို့ စိတ်ထဲကရေရွတ်ရင်း ဒီအချိန်ဖြစ်တတ်တာပဲလို့ မှတ်ချက်ချရင်း တဖြေးဖြေးချင်း ယာဉ်ကြော အတိုင်းလိုက်လာခဲ့သည်၊ ရှေ့လမ်းခွဲနှစ်ခုပြီးလျှင် ကိုယ်သွားရမည့် လမ်းထဲရောက်မည် မဟုတ်လား၊ မှီနိုင်ပါတယ်လို့ တွေးလိုက်မိပြန်သည်၊ စိတ်မရှည်စရာ တစ်ခုကဖြစ်လာသည် ရှေ့ကကားက သူ့ရှေ့ကကားနဲ့ ခွာကာမောင်းနေသည်၊ ကားတစ်စီးစာ မကပေ၊ ဒီအတွက် သူ့ရှေ့က တစ်ဘက်လမ်း ယာဉ်ကြောက ကားများ တစ်စီးပြီးတစ်စီး ဖြတ်ဝင်သွားကြသည်၊ ဒီလိုနဲ့ဆိုရင်တော့ လိုသည်ထက် ပိုကြာလိမ့်မည်၊ ဒီမှာကဟွန်းတီးလေ့မရှိ စိတ်ထဲဒေါသတွေ ထွက်လာသည်၊ ‘ခွေးလိုဝက်လို မောင်းနေတာလားကွ’ ကိုယ်ကားထဲမှာပင် မြန်မာလို အော်ပစ်လိုက်သည်၊ သူလည်းကြားနိုင်မည် မဟုတ်ပါ၊ သူ့ကားနားကပ်ပြီး အင်ဂျင်သံကိုဗွမ်းဗွမ်း လုပ်ပေးလိုက်သည်၊ ဒီတော့မှ ရှေ့ကိုနည်းနည်းကပ် သွားသည်၊ သူနောက်လိုက်နေလို့တော့မဖြစ် ကိုယ်လဲပဲ ရှေ့မှာထွက်ရတော့မည်မို့ အလယ် ယာဉ်ကြော လမ်းကို ချိန်းဖို့ဆုံးဖြတ်လိုက်သည်၊ လမ်းချိန်းရန် ဆင်ဂနယ်မီးပြလိုက်သည်၊ ရှင်းနေ၍ လမ်းချိန်းမည်အလုပ် ယာဉ်ကြောက လာနေသည်ကားက ဖြည်းဖြည်းမောင်းနေရာမှ သူ့လမ်းကြောင်းထဲ ကိုယ်ဝင်မည်သိ၍ အရှိန်တင်လိုက်သည်၊ ကိုယ်ဝင်လို့မရအောင် လုပ်လိုက်ခြင်းဖြစ်သည်၊ ဒီလိုနဲ့မချိန်းဖြစ်တော့ စလုံးကားမောင်းသမားတွေရဲ့ အောက်ကျတဲ့အကျင့် တစ်ခုပင်ဖြစ်သည် ကြုံနေကြပါ၊
‘Fxxxx’ ‘ငါ--- မသား’လို့ အင်္ဂလိပ်လိုရော မြန်မာလိုပါ ဆဲလိုက်မိသည်၊ သူလည်းကြားနိုင်မည် မဟုတ်ပါ၊ ထိုသူကတော့ ခပ်တည်တည်ပင် ဖြည်းဖြည်းခြင်း ဆက်မောင်းနေသည်၊ ထိုအချိန်တွင် ရှေ့ကကားက ကိုယ်တို့ထားသဖြင့် အမြန်မောင်းလာသည်၊ ဆက်လိုက်ရင်း အခြေအနေ ပေးလာ၍ ရုတ်ချည်း လမ်းချိန်းလိုက်သည်၊ ဒီတစ်ခါတော့ ဆင်ဂနယ်မီးမပြတော့၊ ဆင်ဂနယ်မီးပြနေလျှင် လမ်းမပေးပဲ အလုပ်ခံနေရဦးမည်၊ ခုနက လမ်းမပေးသည့်ကားထက်ကို လေးစီးကျော်လောက် ရောက်သွားခဲ့သည်၊ ဆက်မောင်းရင်း Clementi လမ်းခွဲရောက်လာသဖြင့် ဆင်ဂနယ်မီးပြပြီး ချိုးဝင်လိုက်သည်၊ အဲဒီအချိန်မှာပင် ဆိုင်ကယ်တစ်စီးက ဖြတ်ပြီးရှေ့ကဝင်သွားသည် ဘရိတ်အမြန် အုပ်လိုက်ရသည်၊ ‘ခွေးမသားတွေ သေတာလည်း ဒီကောင်တွေပဲ’ ‘သေချင်လို့လား’လို့ မလေးလိုရော မြန်မာလိုပါ ကျိန်ဆဲလိုက်မိသည်၊ စင်္ကာပူတွင် လမ်းပေါ်တွင် အသေဆုံးက ဆိုင်ကယ်သမားများ အများစုပင် ဖြစ်သည်။

Clementi လမ်းတွေက ဒီအချိန်မှာ ရှုပ်သည်၊ Bus တွေ လူတွေ Taxi တွေ ကားတွေနဲ့ ပြည့်နေသည်၊ အချိန်က ၅ မိနစ်ပဲကျန်တော့၍ အမြန်မောင်းလာမိသည်၊ မီးပွိုင့်နီနေ၍ ရပ်ရန်အရှိန်လျှော့လိုက်သည်၊ Taxi တစ်စီးရှေ့ကဖြတ်ဝင်လာသည်၊ ဘရိတ်အုပ်လိုက်ရပြန်သည်၊ Taxi က လမ်းကြောနောက်တစ်လမ်းတောင် ချိန်းလိုက်သေးသည်၊ နောက်လမ်းကြောက ကားက ဒီတစ်ခါတော့ ဟွန်းတီးသည်၊ Taxi ကတော့ မီးပွိုင့်ရှေ့တွင်ရပ်သွားသည်၊ Taxi driver က သူဘာမှမလုပ်သည့်ပုံစံ၊ တော်တော်လည်းတတ်နိုင်သည့်လူတွေ၊ ဒီနေ့တစ်နေ့လုံး ခွေးလို ဝက်လို လူတွေနဲ့ တွေ့နေရပါလား လို့ မှတ်ချက်ချလိုက်မိသည်။

မီးပွိုင့်စိမ်းတော့ မလိုလိုမှာ လူတစ်ယောက် အတင်းဖြတ်ပြေးသည်၊ ခုန Taxi က ဝူး ဆိုလုပ်လိုက်သံကြားရသည်၊ လမ်းဖြတ်ပြေးသူကို ခြောက်လိုက်ခြင်းဖြစ်သည်၊ ကြည့်လိုက်တော့ လမ်းဖြတ်ပြေးသူသည် ရွှေမြန်မာတစ်ယောက်ဖြစ်ဖို့များသည် သေချာပြီ ကတ္တီပါဖိနပ်နဲ့ ‘စည်းမရှိကမ်းမရှိမြန်မာတွေ’ လို့အသံထွက်ပြောလိုက်မိသည်၊ သူမကြားနိုင်ပါ၊ ဒီလောက်နဲ့ မကျေနပ်သေးပဲ မှန်တံခါးကိုဖွင့်ကာ ကြားအောင် “သေချင်လို့လားကွ” လို့ မြန်မာလိုအော်ပစ်လိုက်သည်၊
မီးစိမ်းသွား၍ လူကြုံတိုက်တွေရဲ့ ကားရပ်သည့်နေရာ car parkသို့ မောင်းလာခဲ့သည်၊ ခုန အော်လိုက်ရသဖြင့် ရင်ထဲကဒေါသတွေ အစိုင်အခဲတွေ လျှော့သွားသည်ဟု ထင်လိုက်မိသည်။

လူကြုံအိမ်ကို ရောက်သောအခါ ကျနော့်ကိုစောင့်နေကြသည်ကို တွေ့ရသည်၊ လူကြုံယူလာသော ဦးလေးကြီးကို တွေ့ရသောအခါ ကျနော်သည် အမျိုးအမည်မသိသော ခံစားမှုကို ခံစားလိုက်ရသည်၊ ရှက်ခြင်းလား ဝမ်းနည်းခြင်းလား စိတ်မကောင်းဖြစ်ခြင်းလား မသိပါ၊ အပြစ်ရှိသူတစ်ယောက်လိုပါပဲ၊
‘လေယာဉ်ပျံစီးလာပြီး ခေါင်းနောက်လာတာ အောက်ဆင်းပြီး သူဟာသူ ဆေးသွားဝယ်တာ၊ မင်းလာလျှင် မှီရအောင်ဆိုပြီး အမြန်ပြန်လာတာ၊ လမ်းမှာ မီးပွိုင့်မစိမ်းခင် အတင်းဖြတ်ပြေးတာ ကားတိုက်ခံရတော့မလို့ မြန်မာလိုတောင် အအော်ခံလိုက်ရသေးတယ်တဲ့၊ မင်းဦးလေးကတော့လေ၊’ ဦးလေးကြီး၏ ဇနီးသည်ကပြောသည်၊
“အေးကွာ မင်းကိုငယ်ငယ်ကပဲ မြင်ဖူးတာ၊ မင်းအဖေက ကျေးဇူးရှိတယ်လေ၊ မင်းအလှူအတွက်ဆိုတော့ မင်းအဖေ မှာတဲ့အတိုင်း သေချာလုပ်ရတာ လွဲချော်မှာ မဖြစ်စေချင်လို့ပါ၊ မင်းကိုတွေ့ပြီး သေချာပြောချင်လို့၊ ဦးလေးတို့လည်း ကုသိုလ်ရတယ်လေ”
‘ရော့ ဒီမှာသေချာထည့်၊ အိမ်ရောက်တာနဲ့ ဘူးပြောင်း ရေခဲသေတ္တာထဲထည့်၊’ ဦးလေးကြီးက ဆက်ပြောရှင်းပြနေသည်၊
ကျနော် ဘာမှ ပြန်မပြောနိုင်ခဲ့ပါ၊ အစီအစဉ်ထဲတွင် မပါသော ဦးလေးတို့ မိသားစုကို မနက်အလှူအတွက်ဖိတ်ရင်း အိမ်အပြန် ကားကို ဖြည်းဖြည်းပဲ မောင်းလာခဲ့မိသည်။

မနက် အာရုံဆွမ်းကပ် အားလုံးအဆင်ပြေပါသည်၊ ဆရာတော်ဘုရားလည်း ဘီးမုန့်ကို ဘုန်းပေးပါသည်၊ ဦးလေးကြီးတို့ မိသားစုလည်း လာပါသည်၊
ထိုနေ့မနက်က ဆရာတော်ဘုရား ပေးသော တရားထဲတွင် အလှူတွင် စိတ်ကအရေးကြီးသည်၊
လှူတတ်မှ ကုသိုလ်ရသည် မလှူတတ်လျှင် အကုသိုလ်ဖြစ်သည်တဲ့၊
နောက်ပြီး ဆရာတော်ကြီးက ပဋ္ဌာန်း တရားတော်ထဲက ကမ္မပစ္စည်း အကြောင်းအနည်းငယ် ဟောသွားသည်၊
ဒီထက်မက ကုသိုလ် လုပ်နေစဉ် ကုသိုလ် လုပ်ဖို့အတွက် အကုသိုလ်တွေ ဖြစ်ပေါ်တတ်သည်တဲ့၊
ကောင်းမှုပြုနေစဉ်မှာပင် မကောင်းမှုတွေပြုလုပ်နိုင်သည်၊
အကုသိုလ် တွေလုပ်မိရာမှ သတိ အသိ စိတ်လေးဖြင့် ကုသိုလ်တွေလုပ်မိလာတတ်သည်တဲ့၊
အဓိကကတော့ စိတ်ပင်ဖြစ်သည်၊
ဘုန်းကြီးကိုဆွမ်းကပ်ခြင်း လူတွေကိုကျွေးမွေးခြင်းသည် ကောင်းသောအလှူဖြစ်သည်၊ ကုသိုလ်ပြုလုပ်မှုပင်ဖြစ်သည်၊
သို့သော် ထိုအလှူဖြစ်မြောက်ရေးအတွက် ငါဖြစ်ချင်သလို မဖြစ်ရကောင်းလားဆိုသောစိတ်နဲ့ ဒေါသ မောဟ လောဘစိတ်များဝင်ကာ အကုသိုလ်တွေ အများကြီး ကျနော်ပြုလုပ်ခဲ့မိသည်၊
အကုသိုလ်တွေ ပြုလုပ်မိသည်ကို သတိဝင်လာသောအခါ အသိစိတ်လေးဖြင့် ဦးလေးကြီးတို့ မိသားစုလေးကို အလှူဖိတ်ခဲ့မိသည်၊ ထိုအတွက် ကုသိုလ်ကောင်းမှု ပြန်လုပ်နိုင်ခဲ့ပြန်သည်။

ဆရာတော်ကြီးက ကျနော်ကို ရည်ညွှန်းပြီး ဟောနေသလို ခံစားလိုက်ရသည်။

ဖြစ်ချင်သလို မဖြစ်သော စိတ်အတွက် လူတွေကို ခွေးလို ဝက်လို လူတွေ ဆိုပြီး အရေမရအဖတ်မရ ဆဲဆိုကျိန်ဆဲ ခဲ့သေးသည်၊ တကယ်တော့ အဲဒီ့အချိန်မှာ ကိုယ်တိုင်လည်း ခွေးလိုဝက်လို အသိတရားကင်းမဲ့ နေမိသည်ကို ခုမှ ဆင်ခြင်မိတော့သည်။

ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဖြစ်ခဲ့သော အဖြစ်ကို ပြန်လည်သုံးသပ်ရင်း စိတ် သတိ အသိ ကို ထိမ်းနိုင်ဖို့ ကိုယ်အတွက် အများကြီးလိုသေးကြောင်း သိလိုက်ရသည်။

စိတ် သတိ အသိ ကိုမထိမ်းနိုင်သေးသမျှ
ကောင်းသောအပြုကို မိမိပြုလုပ်နေသည် ထင်သော်လည်း မကောင်းမှုတွေ တွဲပါလာတတ်သည်၊
မကောင်းမှုတွေ ပြုလုပ်နေသူလည်း စိတ် သတိ အသိ တွေကြောင့် ကောင်းမှုတွေ ပြုလုပ်တတ်ကြသည်၊
သေတဲ့အထိ အရေးကြီးသည်က ဒီစိတ်ပင်ဖြစ်ပါသည်။


စိတ် သတိ အသိ ကိုထိမ်းရင်း အကောင်းမြင်လျှက် ကောင်းမှုတွေ အများဆုံး ပြုလုပ်နိုင်ကြပါစေ။

Thursday, November 10, 2011

ဒေါ်အောင်ဆန်းစုကြည်, ကျနော် နှင့် သူငယ်ချင်းများ

ငါကလည်း မင်းရှိတဲ့ နေရာကို လာမှာ မဟုတ်ဘူး၊
မင်းကလည်း ငါရှိတဲ့ နေရာကို လာမှာ မဟုတ်ဘူး၊
ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုတွေ့ကြမလဲ။

မင်းကလည်း အဲဒီနေရာမှာ ငါရှိတယ်ဆိုရင် သွားမှာ မဟုတ်ဘူး၊
ငါကလည်း အဲဒီနေရာမှာ မင်းရှိတယ်ဆိုရင် သွားမှာ မဟုတ်ဘူး၊
ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုဆုံ ကြမလဲ။

ငါကလည်း မင်းဆိုတဲ့ အသံကိုကြားတာနဲ့ ရှောင်ပွဲလုပ်သွားမှာပဲ၊
မင်းကလည်း ငါဆိုတဲ့ အသံကိုကြားတာနဲ့ ရှောင်ပွဲလုပ်သွားမှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုညှိ ကြမလဲ။

မင်းကလည်း ငါကောင်းတာလုပ်နေပါဦး ငါလုပ်တာဖြစ်တဲ့အတွက် မကောင်းဘူးပြောမှာပဲ၊
ငါကလည်း မင်းကောင်းတာလုပ်နေပါဦး မင်းလုပ်တာဖြစ်တဲ့အတွက် မကောင်းဘူးပြောမှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုနိုင်းယှဉ်ကြမလဲ။

ငါကလည်း မင်းကြိုက်တယ် ဆိုတဲ့အရာကို ငါကြိုက်နေပါဦး မကြိုက်ဘူးပြောမှာပဲ၊
မင်းကလည်း ငါကြိုက်တယ် ဆိုတဲ့အရာကို မင်းကြိုက်နေပါဦး မကြိုက်ဘူးပြောမှာပဲ၊


ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုကြိုက်ခြင်း တူကြမလဲ။



မင်းကလည်း ငါနဲ့ပေါင်းတဲ့လူကို ငါလူလို့ထင်ပြီး ကောင်းနေပါစေ မကောင်းတဲ့သူလို့ပြောမှာပဲ၊
ငါကလည်း မင်းနဲ့ပေါင်းတဲ့လူကို မင်းလူလို့ထင်ပြီး ကောင်းနေပါစေ မကောင်းတဲ့သူလို့ပြောမှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ ဘယ်လိုပေါင်းသင်းကြမလဲ။

ငါကလည်း မင်းကဟုတ်တယ် ဆိုတဲ့အရာကို ဟုတ်နေပါဦး မဟုတ်ဘူးပြောမှာပဲ၊
မင်းကလည်း ငါကဟုတ်တယ် ဆိုတဲ့အရာကို ဟုတ်နေပါဦး မဟုတ်ဘူးပြောမှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ အဖြေ ဘယ်သူမှန်တယ် ထင်သလဲ။

မင်းကလည်း ငါနိုင်တုန်း မင်းကို နည်းနည်းလေး လုပ်လိုက်တာနဲ့ ငါကိုလက်ညှိးထိုး တအားအော်မှာပဲ၊
ငါကလည်း မင်းနိုင်တုန်း ငါကို နည်းနည်းလေး လုပ်လိုက်တာနဲ့ မင်းကိုလက်ညှိးထိုး တအားအော်မှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ ရှာကြည့် ဘယ်သူတရားလဲလို့။

ငါကလည်း မင်းရှိမှဖြစ်မယ်လို့ပြောရင် တကယ်လိုအပ်နေပါဦး မင်းမရှိလည်း ဖြစ်တယ်လို့ပြောမှာပဲ၊
မင်းကလည်း ငါရှိမှဖြစ်မယ်လို့ပြောရင် တကယ်လိုအပ်နေပါဦး ငါမရှိလည်း ဖြစ်တယ်လို့ပြောမှာပဲ၊
ကဲ မင်းနဲ့ငါနဲ့ ဒီမှာဘယ်သူနေသင့်သလဲ။

ငါကလည်း ငါ့ ၂၁နှစ်တုန်းကအနိုင် ငါ့ကြေညာစာတမ်းကို အထိမခံ တစက်လေးမှ လျှော့မှာမဟုတ်ဘူး၊
မင်းကလည်း မင်းရဲ့စည်း မင်းရဲ့ဘောင် မင်းရဲ့စင်ပေါ်က အစီအမံတွေကို တစက်လေးမှ အဖျက်မခံဘူး၊
ဒါဆို ငါကငါ့အတွက်လုပ်နေပြီး မင်းကမင်းအတွက်လုပ်နေတာပေါ့၊
ကဲ လူသန်း၅၀ ကျော်အတွက် ဘယ်သူလုပ်ပေးမလဲ။

ဒါပေမဲ့ မင်းနဲ့ငါနဲ့ လက်ရှိမှာလို ပန်းတိုင်ကို အတူသွားမှဖြစ်မယ် ဆိုတော့
ကဲ မေးကြရအောင် သူငယ်ချင်းတွေကို
မင်းနဲ့ငါကို သူတို့တတွေ ဘာလုပ်ပေးနိုင်သလဲ။

တစ်ယောက်ကတော့ သူ့အထင် ဒေါ်စုကြည်က ရွဲ့ပြောတယ်လိုမြင်တယ်
တစ်ခါတစ်လေမှာ တည့်ပြောလို့မရတာတွေရှိသလို
ထည့်ပြောလို့ မရတာတွေလည်းရှိတယ် ဆိုတာ နားလည်

ကြားဘူးမှာပေါ့ ‘ပဒေသာပင်ဆိုတာ မြေကြီးထဲက ပေါက်လာတာ မဟုတ်ဘူး’
‘လှေနံဒါးထစ်နဲ့ သွားနေလို့ကတော့ လိုရာဘယ်တော့မှ မရောက်’
အဆို ဒီလို စကားတွေ ရှိတယ် ဆိုတာ နားလည်။

အဝေးဘေးက တစ်ယောက်ရေ
မင်းရမဲ့ တစ်ဆင့် တစ်ပဲ လေးအတွက်
ထပ်ပြီးအကွက်ဆင် ခွက်ပြင်ချင်နေလည်း
မင်း တစ်ခြားကျားကွက်ကို ရွေ့ပါ
အဲဒီမှာ တောပြောင်းတဲ့ကျားတွေနဲ့ ခေါတောသူတောင်းစားတွေပဲရှိတယ်၊

ဒီဘက်မှာတော့ မင်း ဘာလုပ်ပေးခဲ့သလဲ
တစ်ခုခုလုပ်ပေးခဲ့တယ်လို့ မင်းကိုယ်မင်း ထင်ရင်တော့
မင်းကိုယ်မင်းပဲ ကျေးဇူးတင်လိုက်ပါတော့။

sosegado





ဓါတ်ပုံ နယ်ဆင်ထွန်း ဖေ့ဘွတ်ခ်ရှယ်မှ ယူပါသည်

Thursday, October 13, 2011

ခင်မိုးဝါ၊ မီမီအေးနှင့် ကျော်နိုင်စိုး၏သမီးလေး ခင်ရူပါစိုး


ခင်မိုးဝါ


ဒီနေ့ အေမီအောင် တစ်ယောက် တော်တော် စိတ်လှုပ်ရှားနေမိသည်၊ စိတ်ဗျာများနေသည်ဟုပြောလျှင် ပိုမှန်ပါလိမ့်မည်။

ဒီလိုအလုပ်မျိုးကို အေမီအောင် မလုပ်ချင်ပါ၊ သူလုပ်နေရခြင်းက ဘာသာပြန်လုပ်နေရခြင်းဖြစ်သည်၊ သူ၏အလုပ်တော့ မဟုတ်ပါ အကူအညီပေးခြင်းသာဖြစ်ပါသည်၊ သို့သော် တစ်ခါကူညီမိရာမှ နှစ်ခါသုံးခါ ဒီနောက်မှာတော့ အကြိမ်ပေါင်းများစွာဖြစ်လာခဲ့သည်၊
ပို၍ရှင်းပြရလျှင် လူနာ၊ လူနာရှင်တွေနဲ့ ဆရာဝန်၊ ဆေးရုံအမှုထမ်းတွေကြား ဘာသာစကား ပညာရပ်စကားတွေကို ဘာသာပြန် လုပ်ပေးနေရခြင်းဖြစ်သည်၊ တစ်ခါတစ်လေ သူ့ကိုနားမလည်သော လူနာရှင်တွေကို ကျမလည်း ဆရာဝန်ပါလို့ ပြောယူရတဲ့အထိ စိတ်ရှည်ခဲ့ရသည်။

ဒီနေ့ case ကတော့ အေမီအောင် တစ်ခါမှ မကြုံဘူးပါ၊ ထိုအတူ ဒီ JJ ဆေးရုံကြီးနှင့် ဆရာဝန်တွေလည်း မကြုံဘူးပါ၊ ကြားထဲဘာသာပြန်ပေးသူ အေမီအောင် တောင် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရလျှင် လူနာ၊ လူနာရှင်၊ ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေဆို ဘယ်လိုနေမလဲ မတွေးမိတော့ပါ၊ ဆေးရုံရော လူနာရှင်တွေရော တောင်းပန်ချက်အရ ညတောင်အိပ်ရမည်ထင်သည်၊ သူကလည်း ကိုယ်ချင်းစာစိတ် ဆရာဝန်စိတ်တွေကြောင့် အဆုံးထိ ကူညီရန် ဆုံးဖြတ်ခဲ့သည်။

လူနာ နာမည်က ခင်မိုးဝါဖြစ်သည်၊ မွေးလူနာလို့ပြောလျှင် ပိုမှန်ပါလိမ့်မည်၊ သူ့အမျိုးသားနာမည်က ကျော်နိုင်စိုးဖြစ်သည်၊ အရပ်မြင့်မြင့် ရုပ်ချောသူဟု ဆိုနိုင်သည်၊ ရန်ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှဖြစ်သည်၊ ခင်မိုးဝါ၏မိဘနှစ်ပါးနဲ့ အစ်မတို့ကိုလည်း အပြင်ခန်းမှာတွေ့ရသည်၊ သူတို့၏စိုးရိမ်စိတ်များနှင့် ဆရာဝန်များ၏ pressure များသည်လည်း အေမီအောင်ဆီသို့ ကူးစက်လာခဲ့သည်။

ခင်မိုးဝါ၏ အစ်မဆီက ကြားသိရသည်မှာ ခင်မိုးဝါသည် ပထမဦးဆုံး ကိုယ်ဝန်ဆောင်ခြင်းဖြစ်သည်၊ ခင်မိုးဝါ ကိုယ်ဝန်ရှိကြောင်း သိရသည်နဲ့ လင်မယားနှစ်ယောက်လုံး နှစ်ဘက်မိသားစု အားလုံးဝမ်းသာပျော်မြူးမိကြသည်၊ Ultrasound ထဲမှာ သမီးလေးလို့ သိရပြီးနောက်၊ ကိုယ်ဝန် ၂၄ပတ်ပြည့်သည့်နေ့က လင်မယားနှစ်ယောက်လုံး သဘောတူကာ သမီးလေးကို ခင်ရူပါစိုးဟု နာမည်ရွေးခဲ့ကြသည်၊ ထိုပျော်ရွှင်မှုများသည် သူတို့အတွက် သိပ်မကြာရှည်ခဲ့ပါ၊ ၂၅ပတ်ရောက်လာသောအခါ ကိုယ်ဝန်အပ်ထားတဲ့ OG အထူးကု ဆရာဝန်မကြီးက Ultrasound ထဲမှာ ကလေးလက်လှုပ်ရှားမှုမရှိဘူးလို့ ဆိုလာသဖြင့် အားလုံးစိုးရိမ်မှုများ ဖြစ်လာသည်၊ နောက်ဆုံးပိုက်ဆံရှိသော အသိုင်းအဝိုင်းဖြစ်သည့်အလျှောက် စင်္ကာပူတွင် လာပြရန်ဆုံးဖြတ်လိုက်ကြသည်။

ပထမဦးဆုံး ပိုက်ဆံရှိ မြန်မာတွေအပြများသည် Mount Marina ဆေးရုံတွင် ပြမိသောအခါ ကလေးအခြေအနေကို အတိအကျမပြောနိုင်ပေ၊ ပုံမှန်မဟုတ်သော ကလေးအခြေအနေဟုသာ မှတ်ချက်ပေးပြီး နောက်ထပ်စမ်းသပ်မှုများ လုပ်ရမည် ဖြစ်ကြောင်းပြောသည်၊ ရှင်းလင်းပြတ်သားသော ကျေနပ်လောက်သော အဖြေကိုမရခဲ့သဖြင့် နောက်ဆုံး JJ ဆေးရုံကြီးဆီရောက်ခဲ့ရခြင်းဖြစ်ပါသည်။

JJ ဆေးရုံကြီးက နာမည်အကြီးဆုံး ကမ္ဘာအဆင့်အတန်းဝင် တော်ဝင်သမားတော်ပါရဂူကြီးထံ ပြသခဲ့ကြသည်၊ နောက်ဆုံးပေါ် ခေတ်မှီစက်ကရိယာတွေ အကူအညီနဲ့ စမ်းသပ်မှုများလုပ်ခဲ့သည်၊ ပါရဂူကြီးက ကလေးသည် ပုံမှန်လှုပ်ရှားနေကြောင်း မှတ်ချက်ချပေးသည်၊ ထွက်လာသော အဖြေတစ်ခုက မိသားစုအားလုံးကို စိုးရိမ်စိတ်များ ပိုပေးစေခဲ့သည်၊ ကလေးသည် down syndrome ဖြစ်နိုင်ချေ ၂၅%ရှိသည်ဆိုသည်၊ ထိုအတွက် စင်္ကာပူတွင်မွေးဘို့ ဆုံးဖြတ်လိုက်ကြသည်၊ ခင်မိုးဝါ၊ ခင်မိုးဝါအမေနှင့် အစ်မတို့သည် စင်္ကာပူတွင် အိမ်ခန်းငှါးနေထိုင်ပြီး ကျော်နိုင်စိုးနဲ့ ခင်မိုးဝါအဖေကတော့ ကူးချည်သန်းချည်လုပ်နေခဲ့သည်၊ သူများတွေ ကိုယ်ဝန်ဆောင်နေတာ ဘာမှမဖြစ်ပေမဲ့ သူ့အတွက် ဘာလို့ အဆင်မပြေမှုတွေ ဖြစ်နေရတာပါလဲလို့ ခင်မိုးဝါစဉ်းစားမိခဲ့သည်။

ဒီလိုနဲ့ ခွဲစိတ်မွေးဖွားမည့်နေ့သို့ ရောက်လာခဲ့သည်၊ မခွဲစိတ်မှီ လူနာကို စမ်းသပ်ကြည့်သောအခါ မထင်မှတ်သော အခြေအနေတို့ကို တွေ့ရသဖြင့် ပါရဂူကြီးနဲ့ ဆရာဝန်တွေအားလုံး နားမလည်နိုင်အောင်ဖြစ်ရသည်၊ လူနာရှင်များလည်း ဗျာများသွားသည်၊ ခင်မိုးဝါသည် ICP disorder ဖြစ်နေသည်၊ ပြီးနောက် thrombocyte level မြင့်တက်နေသည်၊ WBC, hemoglobin လုံးဝမငြိမ်၊ သွေးတိုင်းတာမှု CBC upset ဖြစ်နေခြင်းဖြစ်ပါသည်၊ ပါရဂူကြီးနဲ့ ဆရာဝန်တွေအားလုံး ခေါင်းခြောက်ကုန်သည၊် ပြီးခဲ့တဲ့အပတ်က လူနာကို စမ်းသပ်မှု အကုန်လုပ်ခဲ့သည် ဘာလက္ခဏမှာမပြ ဒီနေ့ဘယ်လိုဖြစ်သွားရပါလိမ့်၊ မေးခွန်းများကို ဘယ်သူမှ မဖြေနိုင်အားကြပါ၊ သေချာတာက C section လုပ်လို့မရ လူနာ သွေးလွန် excessive hemorrhage ဖြစ်ပြီး သေဆုံးသွားနိုင်သည်၊ ပါရဂူကြီးကတော့ လိုလိုမယ်မယ် Blood bank နှင့် Internal medicine ကို advance အကြောင်းကြားထားသည်၊ လူနာကမွေးချိန်တန်နေပြီ မဟုတ်ပါလား။

နောက်ဆုံးပေါ် ကရိယာတွေ စက်တွေသုံးပြီး စမ်းသပ်မှုမျိုးစုံကို လုပ်နေကြသည်၊ လူနာရှင်များ၏ စိုးရိမ်တကြီးမေးသံများ ဆရာဝန်များ၏ အဖြေများကြားတွင် အေမီအောင်တစ်ယောက် ဗျာများနေခဲ့သည်၊
ပါရဂူကြီး၏ What is happening! What is happening! ရေရွတ်သံက အကြိမ်မနည်းတော့၊ လူနာရှင်များ၏ ဘယ်လိုဖြစ်တာလဲ ဆရာမရယ် လုပ်ပါဦး ပြောပေးပါဦး ဆိုသံများကလည်း အကြိမ်မနည်းတော့ပေ၊ ပါရဂူကြီး၏ အကြောင်းကြားချက်အရ သွေးဘက်ဆိုင်ရာနှင့် ကလေး ပါရဂူကြီးနှစ်ဦး ထပ်ရောက်လာသည်၊ နောက်ထပ်စမ်းသပ်မှုတွေလုပ်ပြန်သည် အဖြေကမရသေးပေ၊ ကလေးBP မကောင်းဘူးဟုပြောသံကြားလိုက်ရသည်၊ စမ်းသပ်မှုတွေထပ်လုပ်ပြန်သည်၊ ကလေး Fetal distress ဖြစ်နေပြီဆိုတာကို ဆရာဝန်လေးတစ်ယောက် အလန့်တကြား အော်လိုက်သောအခါ၊ ပါရဂူကြီးက This is I don’t want to hear ဆိုပြီး မျက်စိမျက်နှာ ပျက်၍နေပြီ၊ ကလေးကို Amniotic fluid test လုပ်ထားတာမကြာသေး အဖြေတွေက ဘယ်လိုဖြစ်တာလဲ၊ ပါရဂူကြီး နောက်တစ်ကြိမ် Nothing is 100% accurate လို့ထပ်ပြောလိုက်သည်၊ ထိုအချိန်တွင် မွေးလူနာကလည်း ကယောင်ကတမ်းတွေ ပြောလို့လာသည်၊ ခန္ဓာကိုယ်က တဆတ်ဆတ်လှုပ်လို့လာသည် ပါရဂူကြီးတွေနဲ့ ဆရာဝန်တွေ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ပေ၊ ထိုအချိန်တွင် ခွဲစိတ် ပါရဂူကြီးက လူနာကို မေ့ဆေးပေးလိုက်လို့ ပြောလိုက်သည်၊ သူပြောသည့်အတိုင်း မေ့ဆေးဆရာဝန်က လုပ်လိုက်သည်၊ ကန့်ကွက်မည့်သူမရှိ၊ ခွဲစိတ်ပါရဂူကြီးသည် တခြားပါရဂူကြီးတွေ ဟိုစမ်းသပ်ဒီစမ်းသပ်ခိုင်းသည်ကလွဲလို့ ပထမဦးဆုံး action လုပ်ခိုင်းသူလည်းဖြစ်သည်။

လူနာမေ့မြောသွားသောအခါ ဘယ်သူမှ ဘာဆက်လုပ်ရန်မညွှန်ကြားတော့၊ ဒီအချိန်မှာ ပါရဂူကြီးက သွေးCBC လုပ်ခိုင်းလိုက်သည်၊ အမြန်ဆုံးလုပ်ရန် ညွှန်ကြားလိုက်ပြန်သည်၊ ခဏနေကြာ ဆရာဝန်လေးတစ်ယောက်က everything is normal ဆိုပြီး resultကို OGပါရဂူကြီးထဲထည့်လိုက်သည်၊ ပါရဂူကြီးသည် Oh my God! လို့ဆိုပြီးရေရွတ်လိုက်ပြီး၊ C section ခွဲစိတ်မှုစမယ်ဆိုပြီး resultကို တစ်ခြားပါရဂူကြီးတွေကို လက်ဆင့်ကမ်းလိုက်သည်၊ ပါရဂူကြီးဘဝတွင် ပထမဦးဆုံး စိတ်လှုပ်ရှားစွာ ခွဲစိတ်မွေးဖွားမှုပင်ဖြစ်သည်၊ အလွဲလွဲအမှားမှားတွေက အကြိမ်ကြိမ်ပင်၊ ဆရာဝန်ငယ်နှစ်ယောက်ကို ပါရဂူကြီးသည် အလွဲလွဲအမှားမှားတွေအတွက် ခွဲစိတ်ခန်းထဲက မောင်းထုတ်ပစ်ခဲ့သည်၊ JJ ဆေးရုံကြီးသမိုင်းတွင် သမားတော်ကြီးများ ပါရဂူကြီးများ အများဆုံးပါသော ခွဲစိတ်မွေးဖွားမှုပင်ဖြစ်သည်။

ပါရဂူကြီးတွေ ခွဲစိတ်မွေးဖွားနေချိန်မှာတော့ လူနာရှင်တွေ စိုးရိမ်တကြီးနဲ့ ငိုယိုနေကြသည်၊ အေမီအောင် တစ်ယောက်ကတော့ ပရိတ်ကြီးတရားတော်တွေကို အဆက်မပြတ်ရွတ်ဆိုပေးနေသည်၊ ခဏနေကြာ နပ်စ်တစ်ယောက်က အေမီအောင်နှင့် ကျော်နိုင်စိုးကို ခွဲစိတ်ခန်းထဲသို့ခေါ်သဖြင့် ဂျမ်းဆု ဝတ်စုံများလဲကာ ဝင်လာခဲ့သည်၊ အေမီအောင်တို့ နှစ်ယောက်အထဲသို့ရောက်သောအခါ ကလေးကိုဆွဲထုတ်ကာ ချက်ကြိုးဖြတ်နေပြီဖြစ်သည်၊ ပါရဂူကြီးက အေမီအောင်နားကပ်ပြီး အမေအဆင်ပြေကြောင်း ကလေးအသက်မရှုကြောင်းပြောလိုက်သည်၊ ကလေးကို ကလေး ပါရဂူကြီးက ၅မိနစ်လောက် စမ်းသပ်ကြည့်ပြီး ခင်မိုးဝါမွေးသောကလေး မိန်းခလေး နာမည် ခင်ရူပါစိုး ဘယ်နေ့ ဘယ်အချိန်တွင် သေဆုံးပြီဖြစ်ကြောင်း ကြေညာလိုက်သည်၊ ဆရာဝန်ငယ်များကို လိုအပ်သည်များကို ဆက်လုပ်ရန် ညွှန်ကြားလိုက်သည်၊ ပြီးနောက်ကလေးကို ကျော်နိုင်စိုးလက်ထဲထည့်လိုက်သည်။

ကျော်နိုင်စိုးသည် ကလေးလက်ထဲ ရောက်လာသောအခါ အဆက်မပြတ် ငိုကြွေးနေတော့သည်၊ ကလေးမျက်နှာတွင် မွေးရာပါ ဒဏ်ရာလိုမျိုး ခြစ်ရာကြီးတစ်ခု အပေါ်နှုတ်ခမ်းကနေ ပါးထိပါရှိကြောင်း အေမီအောင်သတိထားမိလိုက်သည်၊ ကျော်နိုင်စိုးသည် ကလေးကို အေမီအောင်ကိုပေးကာ ခင်မိုးဝါကို ဖက်၍ ငိုနေလေတော့သည်၊ ခင်မိုးဝါကား သတိမရသေးပေ၊ အေမီအောင်သည် ကလေးမျက်နှာလေးကိုကြည့်ကာ ခေါင်းကလေးကို ပွတ်သတ်ပေးနေမိသည်။

မီမီအေး

မီမီအေး တစ်ယောက် လက်ချောင်းလေးများ နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ခံနေခဲ့သည်၊ ခုတော့ နာကျင်မှုက ထုံစေတတ်သလားမသိ နာမှန်းမသိတော့ပေ၊ မီမီအေးရဲ့ မျက်နှာမှာတော့ နာကြည်းမှု အပြည့်ကိုတွေ့ရသည်။
 
တကယ်တော့ မီမီအေးတစ်ယောက် နတ်ပူဇော်နေခြင်းဖြစ်ပါသည်၊ ဘေးနားက လုပ်ဆောင်ပေးသူ ဒေါ်လုံး ကတော့ ပါးစပ်က ဘာတွေရွတ်ဖတ် နေသလဲမသိပါ၊ အရင်တုန်းကတော့ ပူဇော်ပသမှုတွေကို ဒေါ်လုံးအိမ်မှာပဲ လုပ်သော်လည်း ဒီနေ့ပိုမိုအစွမ်းထက်စေရန် ဒေါ်လုံးအကြံပေးသည့်အတိုင်း ရွာအဝင် နတ်စင်တွင် လုပ်ခဲ့ခြင်းဖြစ်သည်၊ ဒေါ်လုံးတို့ရွာက ကျောက်တန်းကနေ ပင်လယ်ဘက် ၄မိုင်လောက်သွားရသော ပြင်စာရွာကလေးဖြစ်သည်၊ တစ်ရွာလုံးတော်တော်များများသည် တံငါသည်များ ဖြစ်ကြသည်၊ ဒီနတ်စင်ကလည်း ရာဇဝင်နဲ့ဖြစ်သည် ဒီနတ်စင်ဆောက်၍ ပူဇော်လိုက်မှ ရွာနှင့်ရွာနီးပတ်ဝန်းကျင်တို့တွင် အသေအပျောက်များ နာမကျန်းမှုများ ရပ်ကုန်ခဲ့သည်ဆို၏၊ ဒါကြောင့် ဒေါ်လုံးတို့လို ပညာသည်တွေအတွက် ဒီနတ်စင်သည် အရေးပါခဲ့သည်၊ ဒီနယ်တစ်ဝိုက်မှာတော့ အောက်လမ်းလို့ခေါ်မလား အစီအမံလို့ခေါ်မလား ဒေါ်လုံးကနာမည်ကြီးပင်ဖြစ်သည်၊ ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာသော ပညာဖြစ်သည်ဟု ဆိုကြသည်။
 
ဒီကျောက်တန်း သန်လျင်ဘက်မှာ နေရာတော်တော်များများတွင် နတ်စင်အများအပြားကိုတွေ့နိုင်သည်၊ သန်လျင်ဘက်တွင် နတ်စင်တစ်ရာတောင်ရှိလိုက်သေးသည်၊ ရှေးက မွန်မြို့ကြီးများ ထွန်းကားရာဒေသဖြစ်သဖြင့် ရှေးဟောင်းမွန်ရိုးရာနတ်စင်များလည်း အများအပြားရှိသည်၊ စင်တင်ထားသော နတ်များ နတ်စင်များသည်လည်း နတ်စင်တစ်စင်နဲ့တစ်စင် တူညီကြမည်မဟုတ်ပေ၊ ယခုနတ်စင်ကိုတော့ မယ်အိုနတ်စင် ခေါ်သည်ဟု ဒေါ်လုံးကပြောသည်၊ ဒေါ်လုံးအမြဲပသနေသော ရွာနတ်ပင်ဖြစ်သည်။
 
ဒီနေ့နတ်စင်တွင် ပူဇော်ထားတာတွေက အထူးအဆန်းတော့မဟုတ်ပေ၊ ကြက်ကြော်၊ ကောက်ညှင်းပေါင်း၊ ငှက်ပျောသီး၊ ငါးလေးကြော်တွေဖြစ်သည်၊ အုန်းသီးကိုခွဲ အုန်းရည်တွေကို နတ်စင်ကိုဝိုင်းကာ ပက်ဖြန်းထားသည် စည်းချထားခြင်းဖြစ်သည်ဟု ဒေါ်လုံးကပြောသည်၊ နောက်ပြီး ခေတ်မှီမှီ မယ်အိုကို Max လိမ္မော်ရည်ကပ်ထားသည်၊ နောက်တစ်ခုကတော့ ဒေါ်လုံး၏လျှို့ဝှက်ချက်ဖြစ်သည်၊ ငါးခူကောင်အကြီးကြီးကို ပြုတ်ကာ ငှက်ပျောဖတ်နဲ့ထုတ်ကာ ပူဇော်ထားသည်၊ ဒါကမယ်အိုအကြိုက်ဖြစ်သည်၊ ဒီငါးခူကောင်အကြီးတွေက ကျောက်တန်းရေလယ်ဘုရားက ခိုးဖမ်းထားသော ဘုရားငါးများဖြစ်သည်၊ ဘုရားငါးတွေကို ဘယ်လိုရအောင်ယူရမလဲ ဒေါ်လုံးတို့ကတော့ ယူနေကြ လုပ်နေကြဖြစ်သည်၊ ပွဲတွေရဲ့တဘက်တွင် ဖယောင်းတိုင်ထွန်းထားပြီး ငှက်ပျောအူ အကြီးကြီးတစ်ခုနဲ့ အသေးလေးတစ်ခုထောင်ထားသည်၊ ထိုငှက်ပျောအူများတွင် သံချွန်များ ထိုးစိုက်ထားသည်၊ အပ်တွေနဲလည်း ထိုးထားသည်၊ ငှက်ပျောအူတစ်ခုစီမှာ အပ်တစ်ခုစီက အပ်ချည်မျှင် အနီရောင်တွေကို သွယ်တန်းကာ မီမီအေး၏ လက်ချောင်းကလေးများတွင် ခပ်တင်းတင်း ရစ်ပတ်ထားသည်၊ ပြီးတော့ မီမီအေး၏ လက်ချောင်းကလေးများကို သွေးထွက်အောင် အပ်တွေနဲ့ထိုးဖေါက်ထားသည်၊ သွေးများက အပ်ချည်မျှင်ကို ပေစေရမည်ဖြစ်သည်၊ ဖယောင်းတိုင်ထွန်းပြီးသည့် အချိန်မှစ၍ ဒေါ်လုံးက မယ်အိုကို ရွတ်ဖတ် ပူဇော်ပသတော့သည်၊ မီမီအေးကတော့ ဒေါ်လုံးကသင်ထားပေးသည့်အတိုင်း ‘ငါခံသလိုနင်တို့ခံစေရမယ် ငါသမီးသေသလို နင်တို့သေစေရမယ်’ ဆိုပြီး ၁၅ မိနစ် တစ်ခါလောက်ရွတ်နေရသည်၊ ဒေါ်လုံးကတော့ ရွတ်ဖတ်လိုက် အုန်းသီးတွေကိုခွဲ အရည်တွေဖြန်းလုပ်လို့နေသည်၊ အုန်းသီးအနည်းဆုံး ဆယ်လုံးလောက်ပုံထားသည်၊ ဖယောင်းတိုင်တွေကလည်း ကာတွန်လိုက်ဖြစ်သည်၊ ဒေါ်လုံးရော မီမီအေးရော ပူဇော်နေချိန်တွင် အစာမစားရပါ၊ သောက်ရန်ဖျော်ရည်များကို ဘေးမှာချထားသည်။
 
အဘယ်ကြောင့် မီမီအေးတစ်ယောက် အနာခံပြီး ပူဇော်ပသနေသလဲ မေးစရာတွေရှိပါသည်၊

မီမီအေးသည် တောင်ဒဂုံဘက်ကဖြစ်သည်၊ အဖေသည် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည်၊ မီမီအေးဆယ်တန်းအောင်ပြီးသောအခါ တက္ကသိုလ်ဆက်တက်ရန် မဖြစ်နိုင်တော့သဖြင့် စာပေးစာယူတက်ရင်း ရန်ကုန်မြို့ထဲက ကုန်တိုက်တစ်ခုတွင် အရောင်းစာရေးဝင်လုပ်ဖြစ်သည်၊ အလုပ်ဝင်လုပ်ပြီး တစ်နှစ်လောက်အကြာတွင် ကျော်နိုင်စိုးနဲ့သိကျွမ်းခဲ့သည်၊ ဘေးကလည်းမြောက်ပေး အချစ်ကစားတတ်သော အရွယ်ဖြစ်သည့်အတွက် မီမီအေးနှင့်ကျော်နိုင်စိုးတို့ သမီးရည်းစားဖြစ်လာကြသည်၊ ကျော်နိုင်စိုးသည် မီမီအေးထက် ၆နှစ်လောက်အသက်ပိုကြီးသည်၊ မီမီအေးသည် ကျော်နိုင်စိုးကို အရမ်းလည်းချစ်သည် အားလည်းကိုးသည်၊ ဒီလိုနဲ့ရည်းစားသက်တမ်း ၃နှစ်ကျော်ကျော်လောက်မှာ ကျော်နိုင်စိုးကို သူ့အိမ်ကမိန်းမပေးစားဖို့စီစဉ်ကြသည်၊ ကျော်နိုင်စိုးက သူ့တွင် မီမီအေးရှိနေပြီလို့ အိမ်ကိုမပြော၊ ပိုရှုပ်ထွေးစရာက မီမီအေးတွင် ကိုယ်ဝန်ရှိလာခဲ့သည်၊ ကျော်နိုင်စိုးက အခြေအနေအရ အိမ်ကပေးစားသည့်မိန်းမကို ယူရမည်ဖြစ်ကြောင်း တစ်ဘက်တွင်လည်း မီမီအေးကို လက်ထပ်ပေါင်းသင်းမည်ဖြစ်ကြာင်း ပြောသည်၊ ကျော်နိုင်စိုးကို ချစ်သောစိတ်နဲ့ မီမီအေးတစ်ယောက် ကျော်နိုင်စိုးပြောသမျှ ယုံဖြစ်ခဲ့သည်၊ ကိုယ်ဝန်၆လလောက် ရှိလာချိန်မှာ ကျော်နိုင်စိုးတစ်ယောက် မီမီအေးကို ကိုယ်ဝန်ဖျက်ချရန် စည်းရုံးသည်၊ အသက်အန္တရာယ်ရှိကြောင်း မဖြစ်နိုင်ကြောင်း အမျိုးမျိုးငြင်းဆန်ပေမဲ့၊ ကျော်နိုင်စိုး၏ အပြောထဲတွင် မီမီအေးယုံကြည်ကာ ကိုယ်ဝန်ချက်ချဖို့ သဘောတူခဲ့သည်၊ ကျော်နိုင်စိုးက ကိုယ်ဝန်ဖျက်ချပေးသော ဆေးခန်းကိုခေါ်လာက ကိုယ်ဝန်ဖျက်ချခဲ့သည်၊ မီမီအေးတစ်ယောက် မသေရုံတမယ် ခံခဲ့ရသည်၊ ရက်စက်စွာ ဖျက်ချခံရသော ၆လလွယ်ထားသည့် မိမိသန္ဓေသားလေးကို မိမိကိုယ်တိုင်သဂြုင်္ိဟ် ခဲ့သည်၊ သမီးလေးလို့သိရသည်၊ သန္ဓေသားလေး၏မျက်နှာမှာတော့ ဖျက်ချစဉ်ကရခဲ့သော ဒဏ်ရာများနဲ့ဖြစ်သည်။

ပြောထားသည့်အတိုင်း မီမီအေးတစ်ယောက် ကျော်နိုင်စိုးကို စောင့်နေခဲ့သည်၊ ကျော်နိုင်စိုးတစ်ယောက်ကတော့ ပေါ်မလာတော့ပေ၊ တစ်နေ့မှာတော့ စောင့်နေသူမပေါ်လာပဲ မထင်မှတ်သောသူကရောက်လာခဲ့သည်၊ ရောက်လာခဲ့သူကတော့ ကျော်နိုင်စိုး၏မိန်းမ ခင်မိုးဝါပင်ဖြစ်သည်၊ ပိုက်ဆံမက်လို့ ငါ့ယောက်ျားကို လက်မလွတ်နိုင်တာလား ဆိုပြီး ရန်ဖြစ်ပါးရိုက်၊ ပိုက်ဆံထုတ်များနဲ့ပစ်ပေါက်ပြီး ပြန်သွားခဲ့သည်၊ ကိုယ်ဝန်ဖျက်ချစဉ်က ဒဏ်ရာနဲ့ နလန်မထူနိုင်သေးမို့ မီမီအေးတစ်ယောက် ဘာမှာပြန်မလုပ်နိုင်ခဲ့ပါ၊ ကျော်နိုင်စိုးကတော့ ပေါ်မလာခဲ့ပါ၊ မီမီအေးကို ဘာအဆက်အသွယ်မှလည်း မလုပ်တော့ပါ၊ မီမီအေးနှင့် ကျော်နိုင်စိုးတို့ ဇာတ်လမ်းရပ်သွားပြီလို့ပြောနိုင်ပါသည်။

ခင်မိုးဝါကပင် မီမီအေးအကြောင်းကိုသိသွားပြီး ကျော်နိုင်စိုးကို မီမီအေး၏ ကိုယ်ဝန်ကိုသွားဖျက်ချခိုင်းခြင်းဖြစ်သည် ဟုသိခဲ့ရသည်၊ ချစ်သူကိုယုံကြည်လွန်းခဲ့သော မီမီအေး၏ အမှားပင်ဖြစ်သည်။

ဒါဆို မီမီအေးတစ်ယောက် ကျော်နိုင်စိုးကို မုန်းသင့်ပါသလား? ခင်မိုးဝါကို မုန်းသင့်ပါသလား?

ကျော်နိုင်စိုးက ဇာတ်လမ်းရပ် မဆက်သွယ်တော့ပေမဲ့ မီမီအေးတစ်ယောက်ကတော့ ကျော်နိုင်စိုးတို့ အကြောင်းကို အမြဲစုံစမ်းလျှက်ရှိသည်၊ ကျော်နိုင်စိုးကို ချစ်လွန်းလို့တော့မဟုတ်ပေ၊ အမုန်းရန်ငြိုးများကို ပေးဆပ်ရန်အတွက်ဖြစ်သည်၊ ကျော်နိုင်စိုးမိန်းမ ခင်မိုးဝါ ကိုယ်ဝန်ရှိသည်လို့ကြားကတည်းက မီမီအေး၏အငြိုးနှင့် ဒေါသတို့သည် အထွက်အထိပ်သို့ရောက်ခဲ့သည်၊ သန်လျင်မှ လုပ်ဖေါ်ကိုင်ဖက်တစ်ယောက် ဆက်သွယ်ပေးချက်အရ အစီအမံကောင်းသော ဒေါ်လုံးနဲ့ဆက်သွယ်မိခဲ့သည်၊ အစီအမံများကို အဆက်မပြတ်လုပ်လာရာမှ ဒီနေ့ ခင်မိုးဝါမွေးဖွားမည်ကို သိရသဖြင့် အထူးအစီအမံများ ပြုလုပ်ကြခြင်းဖြစ်ပါသည်။

သမီးလေး ခင်ရူပါစိုး

၃၁ဘုံကျင်လည်ကြရာတွင် လူဘဝသည်ရရှိဘို့ မလွယ်ကူ၊ အကြောင်းကံတို့ကြောင့် လူဘဝသန္ဓေတည်ခွင့်ရသော်လည်း လူတစ်ယောက်မွေးဖွားလာဘို့ မလွယ်ကူကြောင်း သမီးကိုယ်တိုင်သိရှိခဲ့ရပါပြီ။

သမီး၏အတိတ်အကြောင်းကံတို့သည် သမီးကိုလူဖြစ်လာခွင့်မပေးခဲ့ပါချေ၊ လူလောကကြီးတွင် တစ်နာရီလောက်တောင် နေခွင့်တောင်မပေးခဲ့ပါသလား၊ တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ပါသည် တရားကြပါသလား လောကကြီးရယ်ဟု မေးလိုက်ချင်ပါသည်။

ပထမတွင် အမေ၏ဝမ်းထဲ ၆လအရွယ်မှာပဲ သမီးကို အဆုံးစီရင်ခဲ့ကြပါသည်၊ နာကျင်ခြင်းဝေဒနာကို လူသားအဖြစ်မရောက်ရှိသေးခင်မှာပဲ သမီးခံစားခဲ့ရသည်၊ ခံစားတတ်သည်ကို သူတို့သိရှိကြပါရဲ့လား၊ သမီးသေဆုံးခြင်းကို လူတစ်ယောက်သေဆုံးခြင်းလို့ သူတို့မှတ်ယူကြပါသလား၊ လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်းလို့လည်း သူတို့မှတ်ယူကြပါသလား။

လူမဖြစ်ခင်ကပင် သမီးလူတွေကိုမုန်းတီးနေမိပါပြီ၊ လူမဖြစ်ခင်ကပင် လူလောကကြီးကို သမီးတအားကြောက်၍နေပါပြီ၊ စစ်မှန်သော သစ္စာတရားများကိုရှာဖွေနိုင်သော လောကကြီးတဲ့ သမီးသံသယ ဖြစ်မိနေပါပြီ။

ပထမတစ်ခါသေဆုံးရတုန်းက သမီးမှာနာမည်တောင်မရှိခဲ့ပါ၊ မှတ်တမ်းလည်း မဝင်ခဲ့ပါ၊

ခုတစ်ခါတော့ သမီးရဲ့နာမည်လေးက ခင်ရူပါစိုး တဲ့၊ သေဆုံးကြောင်း မှတ်တမ်းတွေဘာတွေနဲ့ အဆင့်မြင့်မြင့် သေဆုံးရခြင်းပါလားလို့ တွေးမိခဲ့သည်၊

သမီး၏အတိတ်ကံအကြောင်းကလည်း သမီးကို လူဖြစ်စေချင်ပါသတဲ့လား၊

ဒီအဖေနဲ့ပဲ အမေနှစ်ယောက်စီမှာ သမီးလူဖြစ်ဖို့ ဖန်လာခဲ့ရသည်၊

ဒါပေမဲ့ သမီးလူသားတစ်ယောက် ဖြစ်ခွင့်မရခဲ့ပါ၊

ဒီအဖေကို သမီးအတိတ်ကြွေးတွေရှိခဲ့သလား သမီးကပေးဆပ်ဖို့လား အဖေကပေးဆပ်ဖို့လား၊ သံသရာဝဋ်ကြွေးတို့၏ ဆင်းရဲခြင်းကို သမီးသိခဲ့ရပါပြီ၊

သမီးရဲ့ကောင်းသောကုသိုလ်ကံ တစ်ချို့များကျန်နေသေးရင် သမီးကို လူဖြစ်ခွင့်ပေးကြပါ၊

သမီးသစ္စာတရားကို ရှာဖွေချင်လို့ပါ။

ပထမအမေရယ် အမေ့ဆီမှာသမီး ၆လသန္ဓေမှာ သမီးအသေဆိုးနဲ့ သေခဲ့ရပါတယ်၊ ဒီတစ်ခါလည်း အမေကသမီးကို သေစေချင်သတဲ့လား၊ သမီးအမေ့ကို ပေးဆပ်စရာရှိရင် ကျေပါတော့အမေရယ်နော်၊ အမေရဲ့ ရန်ငြိုးတွေအတွက် သမီးကို မပေးဆပ်ပါနဲ့အမေ၊

သမီးကို လူသားတစ်ယောက်အဖြစ် အသက်ရှင်ခွင့်ပေးပါ၊

အသက်ရှင်ခွင့်ရခဲ့ရင် သစ္စာတရားတွေနဲ့ အမေ့ကိုသစ္စာကျေးဇူး အတိတ်အကြွေးတွေ ဆပ်ပါမယ်ဆိုတာ သမီးကတိသစ္စာပြုပါတယ်အမေ၊ သမီးကို မသတ်ပါနဲ့တော့ အသက်ရှင်ခွင့် ပေးပါအမေ၊

သမီးကို မသတ်ပါနဲ့တော့ အသက်ရှင်ခွင့် ပေးပါအမေ၊

သမီးကို အသက်ရှင်ခွင့် ပေးပါအမေ။

………………………………………………………………………………..

မနက်စောစောထဲကနေ ညနေမိုးစချုပ်ပြီဆိုတော့ ဒေါ်လုံးရော မီမီအေးပါ ပင်ပန်းနေကြပြီဖြစ်သည်၊
မီမီအေးတစ်ယောက် ပူဇော်ပသနေရင်း မိုက်ခနဲ့ မိုက်ခနဲ့ ဖြစ်သွားသည်၊ မိုက်ခနဲ့ ဖြစ်သွားတဲ့အချိန်မှာ သေဆုံးသွားခဲ့သော မိမိသန္ဓေသားလေး ငိုနေတဲ့ပုံ ပေါ်ပေါ်လာသည်၊ မွေးစကလေး ငိုသံလိုလို ကြားမိပြန်သည်၊ မွေးစကလေး ငိုသံများက မီမီအေးစိတ်ကို ရိုက်ခတ်စေသည်၊ ဘေးကဒေါ်လုံးက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား အပြီးရောက်နေပြီ အဖျက်မဝင်စေနဲ့လို့ သတိပေးနေသည်။

ထိုအချိန်တွင် ဒါယိကာမကြီးတွေ ဘာလုပ်နေကြပါသလဲ ဆိုသံနဲ့အတူ ဘုန်းကြီးတစ်ပါးကိုတွေ့လိုက်ရသည်၊
ဒေါ်လုံးက တပည့်တော်တို့အလုပ် တပည့်တော်တို့ လုပ်နေတာပါ၊ ဘုန်းဘုန်းလည်း ဘုန်းဘုန်းသွားလိုရာကို သွားပါ ဆိုပြီး ဆက်ရွတ်ဖတ်နေသည်၊

မီမီအေးသည် ဘုန်းကြီးကို မော်ဖူးကြည့်လိုက်မိသည်၊
မေတ္တာတရားနဲ့ အနိုင်ယူကြပါ၊
ကလဲ့စားချေလိုခြင်း ရန်ငြိုးထားခြင်းကင်းဝေးကြပါစေ၊
သတ္တဝါအာလုံး ကျန်းမာချမ်းသာကြပါစေ၊
ဘုန်းကြီး၏မိန့်သံကို ကြားသောအခါ မီမီအေးလက်တို့ တုန်တုန်ရီရီဖြစ်သွားသည်၊
တုန်တုန်ရီရီ ဖြစ်သွားသည်မှာ ညင်ညင်သာသာဖြစ်သော်လည်း ဘာရယ်ကြောင့်မှန်းမသိ လက်နဲ့ငှက်ပျောအူသေးလေးနဲ့ ဆက်ထားသော ကြိုးများပြတ်ကုန်သည်၊ ဒေါ်လုံးသည် ဝမ်းနည်းဒေါသသံကြီးဖြင့် ပျက်ကုန်ပြီ စည်းပျက်သွားပြီ ညည်းလုပ်လိုက်တာပဲ၊ ညည်းဟာညည်းနေခဲ့တော့လို့ဆိုပြီး ဒေါသတကြီးနဲ့ပြောပြီး ရွာထဲသို့ဝင်ရောက်သွားသည်၊
မီမီအေးလည်း ဒေါ်လုံး ဒေါ်လုံးဆိုပြီး ထလိုက်မည်အပြုတွင် ဆက်ထားသောကြိုးကိုဆွဲမိသဖြင့် ငှက်ပျောအူအကြီးပြုတ်ကျသွားသည်၊ မီမီအေးလည်း လဲမလိုဖြစ်သွားသည်၊ မီမီအေးမထနိုင်တော့၊
ဘုန်းကြီးက နောက်ကဒါယိကာမတွေမြန်မြန်လာ ဒီဒါယိကာမလေးကို ကျောင်းခေါ်ခဲ့။

…………………………………………………………………………………….

ခွဲစိတ်ခန်းတစ်ခုလုံး သမားတော်တွေ ပါရဂူတွေ ဆရာဝန်တွေ နပ်စ်တွေ စိတ်ပျက်လက်ပျက်နဲ့ ဘာတွေဖြစ်နေတာလဲကို နားမလည်ဖြစ်နေကြသည်။

အေမီအောင်သည် ကလေးကို ခေါင်းကလေးပွတ်သတ်ပေးနေရာမှ မျက်နှာက အရာလေးကို ပွတ်သတ်ပေးလိုက်မိသည်၊
တစ်ခါနှစ်ခါ ပွတ်သတ်ပေးပြီးသောအခါ ကလေးသည် စူးစူးဝါးဝါးထငိုတော့သည်၊

အူငဲ၊ အူငဲ၊ အူငဲ

ကလေး၏ငိုသံကြောင့် သမားတော်တွေ ပါရဂူတွေ ဆရာဝန်တွေ နပ်စ်တွေ ခွဲစိတ်ခန်းတစ်ခုလုံး အထိန့်တလန့်ဖြစ်ကုန်ကြသည်၊ အေမီအောင်လည်း တုန်လို့သွားခဲ့သည်၊ သေပြီဆိုသော မွေးစကလေးလေးသည် သူမလက်ပေါ်တွင် ငိုယိုလို့နေပြီ၊
သေပြီဆိုသော ကလေးလေး၊ အသက်မရှုတော့သည့်ကလေးလေး ထငိုသည်ဆိုတော့ အာလုံးက အေမီအောင် ဘာလုပ်လိုက်သလဲဆိုသည့် မျက်လုံးများ အံ့သြမှုများဖြင့် ကြည့်နေကြသည်၊
ပါရဂူကြီးသည် အေမီအောင်ဆီက ကလေးကိုယူပြီး အနည်းငယ်စမ်းသပ်မှုများလုပ်ကာ၊ သမီးလေး ခင်ရူပါစိုးကို ဘယ်နေ့ ဘယ်အချိန်တွင် ဖွားမြင်ကြောင်း မှတ်တမ်းတင်ရန်ညွှန်ကြားလိုက်ပြီး၊ ကလေးကို ကလေးအထူးကုဆရာဝန်ကြီးထံ အပ်လိုက်သည်။

ကျော်နိုင်စိုးသည် အေမီအောင်ကို ထိုင်ရှစ်ခိုးမတတ် ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောလို့နေသည်။

ထိုနေ့က JJ ဆေးရုံကြီးသမိုင်းတွင် သမားတော်ကြီးများ ပါရဂူကြီးများ အများဆုံးပါသော အထူးဆန်းဆုံး ခွဲစိတ်မွေးဖွားမှုဖြစ်ခဲ့ပါသည်၊ သမားတော်ကြီးများ ပါရဂူကြီးများသည် ဘယ်လို Report ရေးရမလဲကို တော်တော်စဉ်းစားယူရမည်ဖြစ်သည်။

သမီးလေး ခင်ရူပါစိုးကို မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။

There is something modern medicine and medical technology cannot do.

There is something modern theory and knowledge cannot explain.

…………………………………………………………………………………

သမီးလေး ခင်ရူပါစိုးသည် ကျန်းမာကောင်းမွန်၍ Incubation တောင် မလိုတော့ဟုသိရပါသည်၊

သူမ၏ မျက်နှာ ကုသမှုကို JJ ဆေးရုံကြီးမှပင် သင့်တင့်လျှောက်ပတ်သောအချိန်တွင် အခမဲ့ ကုသပေးမည်ဖြစ်ကြောင်းသိရပါသည်၊

ခင်မိုးဝါမှာ အောက်ပိုင်းသေသလို ဖြစ်နေ၍ ဆေးဆက်လက် ကုသနေရပါသည်၊

မီမီအေးကို ဘုန်းကြီးက ကာလီဘီလူးမ တရားတော်များဟောကြားခဲ့ပါသည်၊

မီမီအေးသည် သန်လျင်တရားစခန်းတစ်ခုတွင် တရားစခန်းဝင်နေကြောင်းသိရပါသည်။



ပြီးပါပြီ၊



ဝထ္ထုဇာတ်လမ်းတစ်ပုဒ်ပါ။


ဆေးပညာအသုံးအနှုန်းများ မှားယွင်းခဲ့သော် ကျနော်၏ အမှားပင်ဖြစ်ပါသည်၊
တိုက်ဆိုင်မှုများရှိသော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။

Friday, September 23, 2011

ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး


ဟိုက်ဒရိုလောဂျီကိုသိလား
မသိဘူး၊

အပ်စထရင်း ဒေါင်းစထရင်းကိုသိသလား
မသိဘူး၊

အီကိုစစ္စတန်ကို သိလား
မသိဘူး၊

အင်ဗွိုင်မယ်တယ်ကို သိလား
မသိဘူး၊

ဆီတီမန်တန်းရှင်းကို သိလား
နားမလည်းဘူး၊

လျှပ်စစ်မီး မရှိတာသိသလား
သိပ်သိတာပေါ့၊

ပိုက်ဆံ မရှိတာသိသလား
သိပ်သိတာပေါ့၊

မြစ်ပေါ်မှာ ဆည်ဆောက်တာ ဆန်းသလား
မဆန်းဘူး၊

ဆည်ဆောက်ရင် ဘုံပျောက်တယ် ဆိုတာသိသလား
ပျောက်နေပြီလေ၊

အင်းလေးကန် ရေခန်းတာ ဆန်းသလား
မဆန်းတော့ဘူး၊

သံလွင် မှာ တစ်လုံးပြီးတစ်လုံး ဆောက်တော့မှာ ဆန်းသလား
ဆန်းတယ်၊ တစ်ယောက်နှစ်ယောက် လောက်ပဲငိုလို့၊

အဲဒါဆို ခုမှ ဘာကြောင့် ဆိုနေကြတာလဲ
သိဘူး၊

ဒါဆိုရင် သင်ခန်းစာ အစက ပြန်စကြစို့။

သင်ခန်းစာ (၁)


သူဆန်စား ရဲရမယ်ဆိုတာ ငါသိတယ်၊
မင်းဘယ်သူဆန်စားနေသလဲဆိုတာ
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါ၊
သူများတွေပြောရင်တော့ အကြောင်းအကျိုးတွေပေါ့ ငါ့ရင်ထဲထိ လက်ခံရင် လက်ခံလိုက်မယ်၊
မင်းပြောရင်တော့ သူဆန်စား ပြောနေသလို နေတော့
နားကလောလာပြီး အဟုတ်တွေတောင် မဟုတ်ပါဘူးလို့ နဝေတိမ်တောင်ဖြစ်၊
ငါ မယုံဖြစ်တာပါ ဘာကြောင့်လဲဆိုတော့
မင်း ပြောတာဖြစ်နေလို့ပဲ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်း မပြောပါနဲ့။

၅ နှစ်ကျော်က စခဲ့တဲ့ဇာတ်လမ်း ခှု စခန်းထလာတော့
ငါတောင် တုန်တုန်ရီရီဖြစ်သွား အစက ဒေါသတွေထွက်
ပေါက်ကွဲရတော့မလိုနဲ့ တော်သေးရဲ့ အစအဆုံးပြန်ကြည့်မိလို့
အချိန်ရယ် တိုက်ဆိုင်လွန်းလိုက်တာ အပြောင်းအလဲတွေစပါပြီလို့ ပြောတဲ့အချိန်မှာမှ
အဟောသုတံ စလိုက်ပုံက မောင်းကိုထုပါလူစုပါ ထွက်ကြဝိုင်းကြ အဝေးကလှမ်းအော်၊
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ဒီမှာက ပထွေးတွေမြောက်ပေးတိုင်း လိုက်ကတဲ့ ပဂေးတွေမဟုတ်ကြတော့ဘူး။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့မအော်ပါနဲ့။

ဟိုစာအုပ်လှန် ဒီစာအုပ်ဖတ် လုပ်မနေနဲ့ ဟိုရှာ ဒီရှာ ကဲ့ရဲ့အပြစ်အနာအဆာအတွက်လား
ခုမှပဲ ချစ်တတ်နေလိုက်တာ
ဆယ်ကျော်သက်တောင် အရှုံးပေးရမယ် မင်းရဲ့ အလုံးပေးမဲ့ဇာတ်လမ်းတွေအတွက်
မင်းတို့ကိုကြည့်ပြီး ငါ တရားတွေရ တောထွက်ရမလိုပါပဲ
ဒါပေမဲ့ မြန်မာပြည်မှာ တောကလည်းရှားနေပြီဆိုတော့
အမောလည်းပြေတဲ့ အဲကွန်းရိပ်သာတွေမှာပေါ့ နတ်လူသာဓု သွားခေါ်လိုက်ပါတယ်၊
သူများအော်လို့ လိုက်အော်မိတာပါ ဆိုပေမဲ့ အဓိပ္ပါယ်သိ အဓိပ္ပါယ်ရှိ တာဝန်သိသိ အော်
ရင်ထဲကလာတာမို့ ဘက်လဲကင်းတယ် အပြစ်လဲကင်းတယ် နောက်ကွယ်ကဘယ်သူမှ ကြိုးမကိုင်
ဒီမှာအော်တာက မင်းတို့ထက် အဆင့်အတန်းမြင့်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့လာမရောပါနဲ့။

တရုတ်ကြီး လာထိုင်ရင် ယန်းကီးတွေလာယိုင် လိမ့်မယ်
အတို့အထောင်တွေနဲ့ လောက်ကောင်တွေကို အသုံးချကောင်း ချလိမ့်မယ်
သရုပ်ဆောင်နေကြတာ ဘယ်သူတွေလဲလို့ အချိန်ကြာလာတော့လည်း
လမ်းဘေးကခွေး သွားမေးရင်တောင် သိတယ်၊
ယန်းကီးလာပြန်တော့လည်း တရုတ်ကြီးအထာကိုင်လေတော့
ငါတို့မှာ သူတို့မွေးထားတဲ့ နယ်စပ်ကမျောက်တွေကို
ခုပဲထချရတော့မလို ခုပဲပြုံးပြရမလို စပ်ဖြီးဖြီး
ခပ်ဟီးဟီးနေရင်း ကြာလာတော့လည်း အနေတတ် ရေခပ်တတ်နေပြီ
မြန်ပြည်ကြီးမှာ ရူးချင်ယောင်ဆောင်နေတဲ့ သူတွေသိပ်များ၊
ကုလားတွေက ကြားဖြတ်လို့ ဝင်ရင်ဝင်၊ ယပလက် ကတစ်မျိုး အမျိုးမျိုး ချိုးနေတော့
လုံးပါးလည်းပါးခဲ့ပါပြီ၊ ဒီကြားထဲ ဘန်ဂါလီတွေကတစ်မှောင့်၊
ငါတို့ကလည်း အချင်းချင်းက မရင်းနှီးအောင် နေကြလေတော့
မိုးချုပ်ရင်မီးငြိမ်းရတဲ့အဖြစ်တွေပါ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့ဝင်မနှောက်ပါနဲ့။

သင်ခန်းစာ (၂)


အမ်အိုယူတွေ ဘာယူညာယူထားတာတွေ လျှော်ကြေးပြန်ပေးရမှ ကြောက်လို့
နောက်မဆုတ်ဘူး ပြောရင်လည်း မဟော်သဓါလို ပြောပေါ့
အို ဆောရီး မေ့သွားတယ် မင်းက မဟော်သဓါမှ မဟုတ်ပဲ
မဟော်သဓါက ငါအတတ်ဆုံးလို့ ဘယ်တော့မှ မပြောဘူး၊
မင်းတို့ယူထားတာတွေ ငါတို့အလှူစုခံပြီး ပြန်ပေးပါမယ်
နားလည်ပါတယ် ဘာမှအလကား မရဘူးဆိုတာ၊
ရပ်လို့မရ ဖျက်လို့မရရင်လည်း လျှော့ပေါ့ သီတာခုနှစ်တန် မလိုပါဘူး
သုံးပုံတစ်ပုံဆို လုံလောက်ပါပြီ
မင်းပြောတာတွေ ငါတို့နားလည်းပါတယ်
ငါတို့ပြောတာတွေ မင်းက နားလည်းအောင်ကြိုးစား
မပြောတတ်ရင် ကိုယ်ပါးကိုယ်ချသလိုပဲ နားထဲခါးလှတာမို့
မင်းပြောမှာကို မင်းအဖေတောင်ကြောက်နေပြီ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းနောက်ထပ်မပြောပါနဲ့။

ဧရာဝတီကို စလိုက်တာ ငါတို့ပဲ မင်းတို့ပါစရာမလိုပါဘူးလို့ မပြောလိုပါဘူး
ပြောချင်ရင်လာခဲ့ ဒီမှာ ငါတို့ပြောကြမယ် ဖိတ်ခေါ်ပြီးသားပါ
ဒါပေမဲ့ မနောမတူရင်နေပါ မင်းသဘောဖြူရမယ်
မင်းတို့ ခုတုံးလုပ်စရာမလိုပါဘူး အချစ်ဆုံးပါလို့ ခုမှလာပြောနေလို့တော့
မင်းတို့လည်း ဟိုလူတတ်ကြီးနဲ့ ဘာမှမထူးဘူး၊
မင်းပြောတာကိုလည်း ငါတို့နားထောင်မယ် ကြိုက်ရင် လက်ခုပ်တီးမယ်
ငါတို့ပြောတာကိုလည်း မင်းတို့နားထောင် ကြိုက်ရင် လက်ခုပ်တီးစရာမလိုဘူး
ငါတို့ရဲ့စကား ရင်ထဲကလာတာ၊
ဧရာဝတီအကြောင်းပြောလို့ သူရဲကောင်းလို့လဲ မဆိုဘူး၊ မပြောလို့ မကောင်းတဲ့သူလို့လည်း မဆိုဘူး
ပြောတိုင်းလည်း မင်းအဖွဲ့ကိုထောက်ခံမှာမဟုတ်ဘူး
မပြောလို့ မင်းအဖွဲ့ကို မထောက်ခံမှာလည်းမဟုတ်ဘူး
လူသားတိုင်းအတွက် လွတ်လပ်စွာပြောပါ အချည်အတုပ်ကင်းပါစေ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ ဧရာဝတီကို အသုံးမချပါနဲ့။

သူများပြောတာကိုလည်း လေးစားပါ ကိုယ်ပြောတာကိုလည်း အလေးထားပါ
ငါတို့ရဲ့ရှေ့ရေးကို မင်းတို့မငြိမ်ဆေးတွေ မတိုက်ကျွေးပါနဲ့
ခံရတာကလည်း ငါတို့ပါပဲ၊
ဒီမှာက အယ်ကေဒါး မကြောက်ဖုး သူတို့ကိုထိမှာပဲ ကြောက်တယ်
ဂျီဟတ်တွေ လူသတ်သင်တန်းတွေ တက်ထားပေမဲ့ မိသွားရင် သုံးနှစ်ထက် ပိုမကျ
သူတို့ကိုထိသွားရင်တော့ ကဗျာလေးပဲရေးရေး အီးမေးလ်လေးပဲပို့ပို့ နှစ်သုံးဆယ် အနည်းဆုံး
မင်းလည်းအသိဆုံးပါပဲ၊
မင်း ငါတို့ကို နားလည်ပါ၊ ငါတို့ကထွက်ပြေးတတ်တဲ့သူ တောင်းစားတတ်တဲ့သူ သူသူတွေမဟုတ်ဘူး၊
ကချင်ပြည်နယ်က ငါ့သူငယ်ချင်းပြောတာ မင်းနားထောင်ကြည့်စေချင်
ကေအိုင်အေ သတ်တာလည်းခံဘူးတယ် စစ်တပ်ရိုက်တာလည်းခံဘူးတယ်
ကေအိုင်အေကိုလည်း ဆပ်ကြေးပေးဘူးတယ် စစ်တပ်ကိုလည်း ပေါ်တာကြေးပေးဘူးတယ်
ဖါးကန့်မြို့ကြီးလည်း ပျက်စီးနေပါပြီ၊ အင်းတော်ကြီးမှာလည်း အာဆင်းနစ်တွေနဲ့
ဦးလေးလည်း မကယ်နိုင်ပါဘူး အရီးလေးလည်း မသယ်နိုင်ရှာဘူး
သူတို့သမီးလေးတောင် ဟိုဘက်ကို ရောင်းစား အကောင်းစားတွေဟာ သူတို့အတွက်မဟုတ်တော့
ဖြစ်နိုင်ရင် မိုးညှင်းမြို့ကို ကချင်ပြည်နယ်ကနေ ထုတ်ပစ်လိုက်ချင်တယ်
စုတ်ပြတ်သတ်နေတဲ့ ဒုက္ခတွေနဲ့ မဟုတ်မဟတ်တဲ့နေရာ နေနေရလေတော့
ဖြစ်နိုင်ရင် မန်စီမှာ မင်းဆယ်ရက်လောက် လာနေကြည့်စေချင်တယ်
အဲဒါဆို မင်း သူပြောတာကို လက်ခံသွားလိမ့်မယ်၊
ငါတို့ ဘယ်လို နေထိုင်စားသောက်ရတာသိသမို့
လျှပ်စစ်မီး မရရင်လဲနေပါစေ
မြစ်ကြီး ရေမစီးရင်လဲနေပါစေ
ပင်လယ်ရေရောက် ဒယ်လ်တာပျောက်လဲပျောက်ပါစေ
ငါးတွေမျိုးတုန်း ငှက်တွေမျိုးပျောက် စားစရာမလောက် မြေနုကျွန်းတွေမရှိစမ်းပါစေ
မိုးရွာရင် ရေကြီး နေပူရင်ခြောက်ကပ် အပင်တွေပုပြတ်ပြတ် ကမ်းတွေကမာဆတ်
ငလျင်ကြီးလှုပ် အုံးကနဲကျိုးပေါက် ဘေးအသီးသီး ရောက်ပါစေ
အေးအေးဆေးဆေး နေရမယ်ဆိုရင်
ငြိမ်းငြိမ်းချမ်းချမ်း နေရမယ်ဆိုရင်
တစ်ရက်လောက် အေးအေးငြိမ်းငြိမ်းလေး နေရမယ်ဆိုရင်
ဧရာဝတီကို စတေးပစ်လိုက်ချင်တယ်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းသူတို့ကို အပြစ်မပြောပါနဲ့။

သင်ခန်းစာ (နိဂုံး)


ဧရာဝတီထိမှ နာတတ်ကြလိုက်တာလို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
မဟာတရုတ် ဆန့်ကျင်ရေးခွင်ထဲ လမ်းလွဲ ဝင်သွားနိုင်တယ်လို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
ဒါပေမဲ့ မင်းနဲ့မဆိုင်ဘူး ငါနဲ့မဆိုင်ဘူး မပြောပါနဲ့အဆွေ
ညီညွတ်မှုကို ငါတို့ ဧရာဝတီက စရမှာပဲလေ
အေးလေ မင်းဘာမှမပြောနဲ့ဆိုလို့
ငါဘာမျှမပြောတော့ပါဘူး၊

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဧရာဝတီကိုတော့ စတေးမပစ်လိုက်ပါနဲ့

ငါ ကိုလိုရာဒိုကို ဖက်တွယ်ထားရပေမဲ့ ငါစိတ်က အမြဲ ဧရာဝတီမှာဆိုတာ
မင်းသိစေချင်တယ်။

sosegado


ဧရာဝတီ အကြောင်းပြောကြရင်း ဒေါသသကြီးနဲ့ မင်းတို့ဘာမှပြောစရာမလိုဘူး၊ ပြောချင်ရင် ဒီမှာလာပြောလို့ စိတ်ဆိုးသွားတဲ့ ကချင်ပြည်နယ်က ကျောင်းနေဖက် သူငယ်ချင်းသို့ အမှတ်တရ။





မရွှေစင်၏ တက်ဂ်ပို့စ်

Wednesday, September 14, 2011

သုညနှင့်ကျနော်


သုညရဘူးသလား


ဂျာနယ်တစ်ခုတွင်ပါလာသော ရန်ကုန်တွင် စာမေးပွဲ၌် သုညရအောင်ဖြေသဖြင့် ကျောင်းထုတ်ခံရသော ကျောင်းသူလေး တစ်ယောက်အကြောင်း ကျနော်တို့တစ်တွေ စကားပြောဖြစ်ကြသည်။

မိတ်ဆွေလည်းဖြစ် ဆရာလည်းဖြစ်သော ကျနော်တို့ဆရာပင် စာမေးပွဲတွင် သုညရဘူးပါသည်၊ ဆရာကတော့ အလယ်တန်း လပတ်စာမေးပွဲ တစ်ခုတွင် သင်္ချာဘာသာ၌ သုညရခဲ့ခြင်းဖြစ်သည်၊ ထိုသင်္ချာဘာသာ၌ သုညရဘူးသောဆရာသည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် နည်းပြ ကထိကဖြစ်လာပြီး ယခုအချိန်မှာလည်း စင်္ကာပူတွင် ကထိကအဖြစ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါသည်။

နောက်ထပ် သုညရဘူးသူ တစ်ယောက်ရှိပါသည်၊ သူကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါသည်။

ဆရာမ နှင့် ကျနော်

မှတ်မှတ်ရရပင် ကျနော်သည်လည်း စာမေးပွဲတွင် သုညရရှိခဲ့ဘူးသည်၊ လေးတန်းတုန်းက တစ်ခုသော အစမ်းစာမေးပွဲတွင် ဖြစ်သည်၊ ထိုအချိန်က လေးတန်းမှာမြို့နယ်စစ်စာမေးပွဲဖြစ်သည်၊ အများသူငှါလို သင်္ချာဘာသာ၌ သုညရရှိခဲ့ခြင်းမဟုတ် သိပ္ပံဘာသာတွင် သုညရရှိခဲ့ခြင်းဖြစ်သည်၊ မှတ်မှတ်ရရဖြစ်ရတဲ့ အကြောင်းကတော့ ဆရာကြီးလို့ခေါ်သော ကျနော်၏ မှုလတန်း ကျောင်းအုပ်ဆရာကြီးကြောင့်ဖြစ်ပါသည်။

လေးတန်းတွင် ကျနော်သည် အနည်းငယ်ဆိုးသော ကျောင်းသားတစ်ယောက်ဟု ဒီအချိန်မှာ သုံးသပ်ကြည့်လျှင် ဆိုနိုင်ပါသည်၊ ထိုအချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ဆိုးတယ်လို့မထင်ခဲ့မိပါ၊ ကလေးမို့လို့လဲ ဖြစ်ပါလိမ့်မည်၊ လေးတန်းတွင် အမေက အပြင်ကျုရှင်ထားသည်၊ သင်ပြီးသောစာတွေ ပြန်သင်ရသဖြင့် အတန်းထဲတွင် စိတ်ဝင်စားမှုလျှော့နည်း လာခြင်းလည်းဖြစ်နိုင်ပါသည်။

ထိုအချိန်က ကျနော့်တွင် စိန်ဝင်သန်း ဟုခေါ်သော သူငယ်ချင်းတစ်ယောက်ရှိပါသည်၊ ကျနော်တို့တစ်တွေက သူ့ကိုစိန်မျောက်မျောက်ဟုခေါ်ပါသည်၊ စိန်မျောက်မျောက်နဲ့ ကျနော်ပေါင်းဖြစ်ရခြင်း အကြောင်းက အတန်းပိုင်ဆရာမကြောင့် ဖြစ်သည်၊ ထိုဆရာမသည် ကျနော်ကို သုညအမှတ်ပေးသော ဆရာမလည်းဖြစ်ပါသည်၊ သုံးတန်းတွင် အဆင့် ၁ မှ ၁၀ အထိရလာသူများ လေးတန်းရောက်သောအခါ ရှေ့ဆုံးခုံများတွင် ထိုင်ကြရသည်မှာ ကျောင်း၏ထုံးစံပင်ဖြစ်သည်၊ ကျောင်းဖွင့်ပြီး တစ်ပတ် နှစ်ပတ်လောက်နေတော့ နောက်တန်းက ကျောင်းသားလေးတစ်ယောက် မျက်စိမှုန်သည်ကို အကြောင်းပြ၍ သူ့အမေက ဆရာမကို သူသားကို ရှေ့ဆုံးတန်းကို ပြောင်းပေးရန် လာပြောပါသည်၊ ဆရာမက ရှေ့ဆုံးတန်းတော့ မဖြစ်နိုင်ကြောင်း ရှေ့ဆုံးတစ်တန်းနှစ်တန်းလောက်ကို သူမေးပေးပါမည်ဟုပြောသည်၊ ပြီးနောက် ဆရာမက ကျောင်းသားတွေဘက်လှည့်၍ နေရာပြောင်းပေးနိုင်သူရှိမရှိ မေးပါသည်၊ ဘယ်သူကမှ မပြောင်းပေးကြပါ၊ အမေကိုပြောရဦးမည်ဟု အဖြေများသာများပါသည်၊ ဆရာမက အတင်းပြောင်းပေးလိုက်ပြန်လျှင်လည်း ဘာဖြစ်လို့ ကျမသားကို နောက်တန်းပို့တာလဲဆိုပြီး ပြဿနာတွေ ထပ်လာပါဦးမည်၊ ကျနော်သည် ထိုကျောင်းသားလေးကို ကြည့်ရတာ တကယ် မျက်စိမှုန်နေသည်ဟုထင်မိသည်၊ မျက်မှန်ကလည်း အထူကြီး တတ်ထားရသည်၊ ကျနော်ကလည်း ရှေ့ဆုံးတန်းတွင် သိပ်မထိုင်ချင်၊ အမေကလည်း ဝင်ပါမည် မထင်ပါ၊ ဒါကြောင့်မို့ ဆရာမကို ကျနော်ပြောလိုက်သည် ကျနော်ပြောင်းပေးမယ်ဆရာမ၊ ဒီလိုနဲ့ ကျနော်သည် နောက်ဆုံးတန်းက စိန်မျောက်မျောက် ဘေးကိုရောက်ခဲ့ရသည်။

ထိုအချိန်တုန်းက တရုတ်သိုင်းကားများ၊ ဂျပန်ကရာတေး ရုပ်ရှင်ကားများ ခေတ်စားပါသည်၊ တစ်ယောက်နဲ့တစ်ယောက် ဖိုက် fight မည်ဆိုပါက၊ လက်သီးထိုးမည့်အစား ယား ယိ ဆိုပြီး ကီသွင်းခြင်းကစပါသည်၊ ကျနော်သည် ဂျပန်ဇတ်လိုက် ဟင်နရီဆန်ဒရားကို သဘောကြသည်၊ ကျနော်နဲ့စိန်မျောက်မျောက်တို့သည် အတွင်းအားပြိုင်ဘက်များ ဖြစ်လာကြသည်။

ကျနော်တို့ ကျောင်းအုပ်ဆရာကြီးသည် လေးတန်းကို မြန်မာစာနှင့် သင်္ချာဘာသာရပ်များကို တစ်ချိန်နှစ်ချိန် ဝင်သင်လေ့ရှိသည်၊ ဆရာကြီးသင်သည့် အချိန်များတွင် ဆရာကြီးကို ကြောက်ကြ၍ တစ်တန်းလုံး တိတ်ဆိတ်စွာ ဆရာကြီးသင်တာကို နားထောင်လေ့ရှိသည်၊ တစ်နေ့ဆရာကြီး သင်္ချာဝင်သင်နေသည့် အချိန်တွင် ကျနော်နဲ့စိန်မျောက်မျောက်တို့ လက်ချင်းအတွင်းအားပြိုင်နေကြသည်၊ လက်ချင်းအတွင်းအားပြိုင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းက ငြိမ်နေသော်လည်း ထိုင်ခုံအောက်တွင် လက်အချင်းချင်း သိုင်းကားတွေထဲကအတိုင်း တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်၊ တစ်ချိန်တွင် ကျနော့်အတွင်းအား များသွားသလားမသိ၊ စိန်မျောက်မျောက်ကပဲ မထိမ်းနိုင်သလားတော့မသိပါ၊ စိန်မျောက်မျောက်လက်တစ်ဖက်သည် ခုံပေါ်သို့အရှိန်နဲ့ရောက်လာကာ ဖြောင်းဆိုသော အသံနဲ့အတူ စိန်မျောက်မျောက်၏ စာအုပ်များခဲတံများ လေထဲလွင့်သွားလေသည်၊ ဘာဖြစ်တာလဲဟူသော ဆရာကြီး၏ အသံနဲ့အတူ စိတ်ဆိုးနေသော ဆရာကြီး၏ မျက်နှာကြီးကိုတွေ့လိုက်ရသည်၊ ဆရာကြီးကို ရင်ဆိုင်ရတော့မည်ကို ကျနော်သိလိုက်ပါပြီ၊
‘မောင် လုပ်လိုက်တာဆရာကြီး၊’ စိန်မျောက်မျောက် ကြောက်ကြောက်နဲ့ ကျနော့်ကိုအပြစ်ပုံလေပြီ၊
‘မောင် မင်းအရှေ့ထွက်ခဲ့၊ မင်းဘာလုပ်လိုက်တာလဲ’
“အတွင်းအားပြိုင်တာ များသွားလို့ပါဆရာကြီး၊”
‘ဟိုဘက်လှည့် စာသင်နေချိန် အတွင်းအားပြိုင်ချင်တဲ့ကောင်တွေ အတွင်းအားနဲ့တွေ့မယ်’
“ဖြန်း”၊ ကျနော် ဆရာကြီး၏ လက်စွဲတော် ကြိမ်စာမိသွားခဲ့သည်၊
‘ဟိုကောင်လာခဲ့’ စိန်မျောက်မျောက်ကို ခေါ်လိုက်သည်၊ စိန်မျောက်မျောက်၏ မျက်နှာမှာကား ဖြူဖတ်ဖြူရော်ဖြစ်နေပေသည်၊ ဆရာကြီးသည် စိန်မျောက်မျောက်ကို ရိုက်လိုက်လေသည်၊
“ဖတ်” ဆိုသော အသံထွက်ပေါ်လာသည်၊
ဆရာကြီး၊ ဆရာမနှင့် ကျောင်းသားများပါ အံ့အားသင့်သွားသည်၊
စိန်မျောက်မျောက်ငိုလေသည် ‘ကျနော်နာမှာ ကြောက်လို့ပါဆရာကြီး၊’
စိန်မျောက်မျောက်တစ်ယောက် ပုဆိုးအောက်တွင် စာအုပ်ခံလာခြင်းဖြစ်သည်၊
ဆရာကြီးသည် မျက်နှာကိုချက်ချင်းတည်လိုက်ပြီး အတန်းထဲသို့ လှည့်ကာ
‘ဒါ cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊ cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’
‘ဘယ်သူမှ ဘယ်တော့မှ ဒီလိုမလုပ်နဲ့၊ ဟိုကောင်လှည့် မင်းကိုနှစ်ဆအပြစ်ပေးရမယ်၊’
“ဖြန်းဖြန်း”၊ စိန်မျောက်မျောက်တစ်ယောက် ပေါင်တွင်တစ်ချက် ခြေသလုံးတွင်တစ်ချက် နှစ်ချက်ထိသွားခဲ့သည်၊ ဆရာကြီးသည် အရေးကြီးသည် ထင်သော စကားလုံးများကို အင်္ဂလိပ်လို ကြားညှပ်ပြောလေ့ရှိသည်၊ ဆရာကြီးသည် ကျနော်ကိုကြည့်ကာ ဆရာမဘက်လှည့်ပြီး မောင်ဘာလို့နောက်တန်းထဲ ရောက်သွားသလဲ မေးသံကြားလိုက်ရသည်၊ ဆရာမပြန်ဖြေတာကို ကျနော်မကြားရပါ၊ ဆရာမသည် ကျနော်ကို တစ်မျိုးကြီး ကြည့်နေသည်ကိုတော့ သိလိုက်ရသည်၊ အရိုက်ခံရသော်လည်း ကျနော်နဲ့ စိန်မျောက်မျောက်တို့ရဲ့ အတွင်းအားပြိုင်မှုတော့ မလျှော့သွားပါ၊ ကျနော်ဘဝတွင် cheating ဆိုတဲ့စကားလုံးကို စသိလိုက်ရခြင်းဖြစ်ပါသည်။

ကြိမ်နဲ့ရိုက်ခံထိပြီး နောက်ပိုင်းတွင် စိန်မျောက်မျောက်သည် ကျောင်းသားတွေကို မင်းဘယ်လောက်မိုက်လဲ ကြိမ်ရိုက်ခံထိဖုးလား၊ ကြိမ်ရိုက်ခံထိဖုးတယ်ကွ ဆိုကာ နည်းနည်းအနိုင်ကျင့်လာသည်၊ ကျနော်ကတော့ အေးအေးဆေးဆေးပင် အတွင်းအားလေ့ကျင့်လျှက်ရှိသည်၊ ကျနော်သည် ဆရာဆရာမကို ပတ်ချွဲနှပ်ချွဲလုပ်သူများ၊ အတို့အထောင်များ၊ အကြွားသန်သူများကို ကြည့်မရပေ၊ ငယ်ငယ်ကတည်းက ယနေ့အထိပင်၊ သုံးတန်းတွင် မိုးဇော်ဆိုသော ကျောင်းသားတစ်ယောက်ရှိပါသည်၊ သူ့အဖေသည် ပီနန်သို့မှောင်ခိုကုန်ကူးသူတစ်ယောက်ဖြစ်သည်၊ ပစ္စည်းအသစ်အဆန်းများ သူ့သားအတွက် ဝယ်လာပေးလေ့ရှိသည်၊ ထိုကျောင်းသားလေးကလည်း ထုတ်ထုတ်ကြွားတတ်သည့် အကျင့်ရှိသည်၊ တစ်နေ့တွင် သူ့အဖေဝယ်လာသော ပေတံကိုကြွားနေသည်၊ ပေတံလေးမှာ ပလပ်စတစ်အကြည်နဲ့ ပြုလုပ်ထားသည် အပြာနုရောင်လေးဖြစ်သည် နည်းနည်းထူသည်၊ ထိုအချိန်၌ ထိုပေတံမျိုး ကျောင်းတွင် သူတစ်ယောက်သာ ကိုင်သည်၊ ကြွားနေတာကလည်း သုံးလေးရက်ရှိနေပြီဖြစ်၍ ကျနော်ကြည့်မရတော့၊ မိုးဇော်ဆီသွားကာ မင်းပေတံက အကောင်းစားလား ဘယ်လောက်တန်သလဲ မေးလိုက်သည်၊
မိုးဇော်က ၂ကျပ်တန်သည်ဟုဖြေသည်၊ ဖြေတာဖြေရသည် ကျနော်နဲ့ စိန်မျောက်မျောက်ကိုတော့ ကြောက်၍နေပြီ၊ ကျနော်ကပြစမ်း မင်းပေတံ ကောင်းလား မကောင်းလားကြည့်ရအောင်၊ ပေတံကိုထောင်ကာ လက်ဝါးစောင်းနဲ့ရိုက်ချိုးလိုက်သည်၊ ဖျောင်းကနဲ အသံနဲ့အတူ ထိုပေတံလှလှလေးကျိုးသွားသည်၊ ကျနော့်အတွင်းအား လက်စွမ်းပြလိုက်ခြင်းဖြစ်သည်၊ ရော့ ၄ ကျပ် မိုးဇော်ကို ပိုက်ဆံပေးပြီးထွက်ခဲ့သည်၊ စိန်မျောက်မျောက်တစ်ယောက် ခြောက်လှန့်စကားတွေပြောကာကျန်ခဲ့သည်၊ ထိုခေတ်က ငွေ၂ကျပ်၏ တန်ဘိုးသည် တော်တော်ကြီးမားပါသည်။

မိုးဇော်သည် သူ့ပေတံချိုးခံရသည်ကို ဆရာမတွေကိုပြန်မပြော၊ သူ့အိမ်ကိုလည်း မတော်တဆကျိုးသွားသည့် ပုံစံပြောထားသည်၊ စိန်မျောက်မျောက်၏ ခြောက်လုံးတွေကြောင့်ဖြစ်မည်၊ ဒါပေမဲ့ ပြဿနာက ပြီးမသွားပါ၊ အတို့အထောင်တစ်ယောက် ပေါ်လာသည်၊ ကျနော်တို့အတန်းထဲက ချိုချိုလွင် ဆိုသော ကျောင်းသူတစ်ယောက်ဖြစ်သည်၊ ဆရာမကို အမြဲကပ်နေသူလည်းဖြစ်သည်၊ ပေတံ ပြဿနာကို ချိုချိုလွင် ဆရာမကို သတင်းသွားပေး၍ ဆရာမသိသွားခဲ့သည်၊ ဆရာမသည် ကျနော်နှင့် စိန်မျောက်မျောက်ကို ခေါ်ကာ ဆူသည်၊ ဝမ်နိမ်ပေးသည်၊ ဒါပေမဲ့ မိုးဇော်မိဘတွေကလည်းမတိုင် မိုးဇော်အတန်းပိုင်ဆရာမကလည်း မတိုင်၍ ပြဿနာပြီးသွားခဲ့သည်၊ ပြဿနာကောင်တွေဟုဆိုကာ ဆရာမမျက်လုံးများ၏ အကြည့်ဒဏ်ကိုခံခဲ့ရသည်။

ကျနော်ရော စိန်မျောက်မျောက်ပါ ချိုချိုလွင်ကို မကြည်တော့၊ တစ်နေ့ ကျောင်းလှေခါးအောက်တွင် ချိုချိုလွင်ကို တစ်ယောက်ထဲတွေ့ရသည်၊ စိန်မျောက်မျောက်က ဟိုမှာ ချိုချိုလွင်ဟုပြောကာ ချိုချိုလွင်ရှေ့ကပိတ်ရပ်လိုက်သည်၊ ချိုချိုလွင်က ပြေးဘို့ကြံပါသေးသည် စိန်မျောက်မျောက်က ရှေ့ကလက်နဲ့ တန်းပိတ်ထားလိုက်သည်၊ ပြေးလို့မရ၊ ကျနော် ချိုချိုလွင်နားကပ်သွားသည့်အခါ ချိုချိုလွင်တစ်ယောက် ကြောက်၍တုန်နေသည်၊ တကယ်တော့ ချိုချိုလွင်သည် မျက်နှာလေးမှာ ချစ်စရာကောင်းသူလေးဖြစ်သည်၊ ရွှေကြာကာတွန်းထဲက မင်းသမီးနဲ့တူ၍ ရွှေကြာမ ဟုခေါ်ကြသည်၊ ကျနော်က “ရွှေကြာမ ဆရာမကို အတိုင်အတောထူဦးမှာလား၊” လေသံမာမာနဲ့မေးလိုက်သည်၊ ‘မထူတော့ပါဘူး၊’ ပြန်ဖြေ၍ ကျနော်နောက်ဆုတ်လိုက်သည်၊ စိန်မျောက်မျောက်က မပြီးသေးပေ ချိုချိုလွင်ကို ရွှေကြာမ နင်မောင်ကိုချစ်တယ်လို့ပြော ဒါဆိုမောင်ခွင့်လွတ်လိမ့်မယ်၊ ချိုချိုလွင် ဘာမှပြန်မပြော ကျနော်ကိုကြည့်၍နေသည်၊
စိန်မျောက်မျောက်က ‘မပြောသေးဘူးလား၊ ပြောမှာလား’ ထပ်မေးရာ၊ ချိုချိုလွင်မှာ ‘မောင်ကိုချစ်ပါတယ်’ ‘မောင်ကိုချစ်ပါတယ်’ ကြောက်၍ပြောလိုက်သည်ဟုထင်ပါသည်၊
စိန်မျောက်မျောက်က ‘နင့်မောင်ကိုချစ်တယ်ဆိုရင် နင့်ဘေးနားဘယ်သူမှ မကပ်စေနဲ့ ဟိုအတို့အထောင် အောင်ဇော်ရောပါတယ် ကြားလား၊’
‘ကြားတယ်၊ ကြားပါတယ်၊’
ဒါဆိုသွားတော့၊ ချိုချိုလွင် အပြေးကလေးထွက်သွားတော့သည်၊
ကျနော်က စိန်မျောက်မျောက်ကို ဘာလို့အဲဒီလိုလုပ်တာလည်းလို့မေးရာ ဒါမှ တော်ရုံကြမယ်ဟုဆိုသည်၊
စိန်မျောက်မျောက် ဘာလို့ဒီအကြံထွက်သလဲ ကျနော်လည်းမစဉ်းစားတော့ပါ၊ နောက်နေ့တွေတွင် ချိုချိုလွင်သည် ကျနော်ကိုကြည့်နေတတ်သလို ကျောင်းသားတွေနဲ့ ရောရောမနေတော့ပါ၊ ကျနော့်ဘဝတွင် ပထမဦးဆုံးအကြိမ် ချစ်ပါတယ်လို့ ပြောခံရခြင်းဖြစ်ပါသည်။

သုည ရရှိခြင်း

အမေသည် ကျနော်၏ စာမေးပွဲရလဒ်များကို အမြဲစောင့်ကြည့်နေသူဖြစ်သည်၊ ဒါပေမဲ့အမေသည် ပထမရရမယ် အတော်ဆုံးဖြစ်ရမယ် ဆိုသောအမေမျိုးမဟုတ်ပေ၊ ကိုယ်သားသမီးအခြေအနေကို သိချင်သောကြောင့်ဖြစ်ပါသည်၊ တစ်နေ့မှာတော့ အိမ်ပြန်ရောက်ရောက်ချင်းပင် အမေကို “မေမေရေ သား ဒီနေ့သုညရလာတယ်”၊ ပထမတော့ အမေသည်နားမလည်သလိုဖြစ်နေပြီ ‘ဘယ်လိုဖြစ်ရတာလဲ သားရယ်’ဆိုပြီး အမေကမေးလာသဖြင့်၊ ကျနော်လည်း ဆရာမပြန်ပေးလိုက်သော အဖြေစာရွက်တွေကို အမေကိုပြလိုက်သည်၊ ထိုစာမေးပွဲမှာ လေးပုဒ်မေး၍ လေးပုဒ်ဖြေရသော စာမေးပွဲဖြစ်ပါသည်၊ အမေသည် အဖြေစာရွက်များကိုကြည့်ပြီး ‘ဟင်သားဖြေထားတာပဲ’ ဟုဆိုသည်၊
တကယ်လည်း ကျနော်လေးပုဒ်လုံးဖြေခဲ့ပါသည်၊ ဒါပေမဲ့ ဆရာမက အပုဒ်တိုင်း အပိုဒ်တိုင်းတွင် မှင်နီတွေခြစ်၍ နားမလည်၊ ဖတ်မရ ဆိုပြီး သုညတွေပေးထားသည်၊ အဖြေလွှာထိပ်တွင်တော့ ၁၀၀ တွင် ၀ ဟုရေးထားခဲ့သည်၊ ‘ဆရာမက ဘာလို့ဖတ်မရမှာလည်း အမေတောင်ဖတ်ရသေးတာပဲ’ မနက်ဖြန် အမေဆရာမကိုသွားတွေ့မယ်ဟုဆိုသည်။

နောက်နေ့တွင် ဆရာမနှင့် အမေနဲ့ဘယ်လို ဖြစ်ကြသလဲတော့ ကျနော်မသိပါ၊ နောက်တစ်နေ့ညနေတွင် ကျနော်နဲ့အမေသည် ကျောင်းအုပ်ဆရာကြီး၏အိမ်သို့ သွားရပါသည်၊ အိမ်တွင်ဆရာကြီးသည် ပက်လက်ကုလားထိုင်ပေါ်ထိုင်ကာ ကျနော်တို့သားအမိကိုစောင့်နေသည်၊ ကျနော်တို့ရောက်လာသောအခါ ထလာကာ ကျနော်ကို ကွပ်ပျစ်ပေါ်တွင်ထိုင်စေသည်၊ ဆရာကြီးလည်း ကွပ်ပျစ်ပေါ်တွင်ထိုင်သည်၊ အမေကတော့ ဘေးက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်သည်၊ ဆရာကြီးက ကျနော်ကို ‘မောင် မင်းတော့ ဖြစ်ရမယ်လေ’ ဆိုသည်၊ ဆရာကြီးသည် ကျောင်းသားတွေကို မောင်တတ်ခေါ်လေ့ရှိပါသည်၊ ဆရာကြီး၏ လက်ထဲတွင် ကျနော်အဖြေလွှာရှိပါသည်၊ ဆရာကြီးက အမေကို ‘မောင်က နှစ်တန်းသုံးတန်းတွေမှာ ဆုရဘူးတယ်နော်၊’ “ဟုတ်ကဲ့ ဆရာကြီး၊” ‘အဓိကကတော့ မောင် လက်ရေးပဲ ဘယ်လိုဖြစ်တာလဲ ကြည့်ကြရအောင်’ ဆိုပြီး၊ ဆရာကြီးသည် ကျနော်ကို ခဲတံနှင့် စာရွက်တွေထုတ်ပေးသည်။

ဆရာကြီးသည် ကျနော်ကို သိပ္ပံသင်ခန်းစာတစ်ခုကို အလွတ်ဆိုခိုင်းသည်၊ ကျနော်ဆိုပြနိုင်ခဲ့သည်၊ မြန်မာစာထဲက သင်ခန်းစာတစ်ခုကို ဆိုခိုင်းပြန်သည်၊ ကျနော်ဆိုနိုင်ခဲ့သည်၊
ဟုတ်ပြီဟုဆိုပြီး၊ ကျွန်တော်အကြောင်း ဆိုပြီး ဆယ်ကြောင်းလောက် စာစီစာကုံးရေးခိုင်းပြန်သည်၊ ကျနော်ရေးပြီးပြလိုက်သည်၊ ဟုတ်ပြီဆိုပြန်သည် ပြီးနောက်၊
‘ကဲ ကျွန်တော်အကြောင်းကို အင်္ဂလိပ်လိုရေး’
ကျနော် အင်္ဂလိပ်လိုရေးရပြန်သည်၊
‘ဟုတ်ပြီ နောက်ထပ် ဆရာကြီးကဗျာရွတ်ပြမယ် မောင်လိုက်ရေး’
လကလေးကသာ
ညကလေးကလှ
ကြယ်တွေကလည်းက
အရောင်တွေကလည်းထ
ပြေးလို့ ခုန်လို့
အရေးထဲ ချုံသို့
ဖမ်းလို့မမှီဘူးဗျို့
ပိုစုန်းကြူး။
ပြီးပြီဟုဆိုသည်၊
ဆရာကြီးသည် ကျနော်ရေးထားသည်များကို ယူကြည့်ပြီး၊ ကျနော်ကို ပြန်ပေးကာ ‘ကဲ မင်းဖတ်ပြ ငါရဲ့ လက်တန်းကဗျာကို၊’ ကျနော်လည်း ဖတ်ပြလိုက်သည်။

‘မောင် ခုရေးတော့ကောင်းနေတယ်၊ စာမေးပွဲအဖြေထဲမှာ ရေးထားတာတွေက တော်ရုံဖတ်လို့မရဘူး၊’ ‘ဆရာကြီးပြောမယ် သေချာနားထောင်၊ concentrate သေချာစိတ်ဝင်စားစွားလုပ်ပါ၊ serious အရေးတယူထားပါ၊ respect ရိုသေလေးစားပါ၊ အလုပ်ကို သေချာစိတ်ဝင်စားစွာလုပ်၊ စာမေးပွဲကို အရေးတယူထား ရိုသေလေးစား၊ အဲဒါဆို မောင်ပြင်လို့ရပြီ၊ ဒီလက်ရေးနဲ့ ဒီလိုဆက်ဖြေလို့တော့ မင်းကို စာမေးပွဲဖြေခွင့်မပေးဘူး၊ နားလည်လား ဆရာကြီးစောင့်ကြည့်နေမယ်’။

ဆရာကြီးသည် အမေဘက်လှည့်ကာ ‘ကလေးကိုကျူရှင်ပေးသလား’၊ အမေက “ပေးပါတယ်” လို့ဖြေလိုက်သည်၊ ‘အဲဒါခက်တာပဲ ကလေးက အကုန်သိနေတော့ အတန်းထဲမှာ စိတ်ဝင်မစားဘူး၊ ရေရှည်မှာ မကောင်းဘူးပေါ့၊’ ‘ခုန ဆရာကြီးပြောတဲ့ဟာသုံးခုကို ကလေးကိုလေ့ကျင့်ပေး ဒီမောင် သေချာပေါက်အောင်တယ်’။

ဆရာကြီးသည် စာပေဝါသနာရှင် တစ်ယောက်လည်းဖြစ်သည် မွန်စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊ အရေးကြီးသည်ထင်သည့် နေရာများတွင် အင်္ဂလိပ်စကားလုံးတွေ သုံးလေ့ရှိသည်။

ဘယ်လိုပင်ဖြစ်နေပါစေ လေးတန်းအောင်စာရင်း ထွက်ပြီးသောအခါ အမေသည် ကျနော်ကိုခေါ်ကာ ဆရာမကို သွားကန်တော့ခဲ့သည်၊ ကျနော်သည်လည်း စိတ်ထဲတွင်မထား မေ့မေ့ပျောက်ပျောက် ရှိသွားလွန်းကာ ဒီနေ့ ဆရာမကို သိပ်မမှတ်မိတော့ပါ။

လေးတန်းအောင်ပြီးသောအခါ ကျနော်နဲ့ စိန်မျောက်မျောက်တို့ အထက်တန်းကျောင်းပြောင်းသွားသလို၊ ချိုချိုလွင်ကလည်း တခြားအထက်တန်းကျောင်းသို့ ရောက်သွားခဲ့သည်၊ ထိုအချိန်က ကျနော်တို့ကလေးအရွယ်ဆိုပေမဲ့ ဆရာ၊ ဆရာမတို့၏ စကားများ၊ အဆုံးအမများသည် ဘယ်လောက်ထိ နုငယ်သော ကျနော်တို့ ထဲသို့ ဝင်ရောက်မှုရှိမရှိ သေချာမသိနိုင်သော်လည်း၊
ထိုနေ့ကစပြီး ကျနော်သည် လက်ရေးကို သူများဖတ်တတ်အောင် ရေးပါတော့သည်၊ ဆရာကြီးပြောသည့်အတိုင်း အင်္ဂလိပ်စာကို လက်ရေးဆက်မရေးပဲ တစ်လုံးချင်းရေးသည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။

သူငယ်ချင်း စိန်မျောက်မျောက်တစ်ယောက် Cheating ကို သဘောပေါက်သွားလို့လားတော့ ကျနော်မသိပါ၊ ရှစ်တန်းမအောင်သောအခါ ကိုရင်ဝတ်သွားခဲ့သည်၊ ယနေ့တိုင် ရဟန်းဘဝဖြင့် သာသနာ့ဝန်ထမ်းလျှက်ရှိပါသည်။

ယခုပြန်လည် စဉ်းစားမိသည်မှာ ဆရာကြီးနှင့် ဆရာမ ဘယ်လိုကွာသလဲ ဆိုတာကိုပင်ဖြစ်သည်၊
ကလေးကို သုညပေးသော ဆရာမသည်၊ ကလေးကို သုည မရအောင်လုပ်ပေးနိုင်ရမည်၊ မလုပ်နိုင်ရင် ဆရာမ မလုပ်သင့်တော့ပေ၊
ဆရာ ဆရာမတွေရဲ့ အဓိကတာဝန်က ကလေးတွေကို တတ်အောင်သင်ပေးဖို့ပဲ မဟုတ်ပါလား။

ယနေ့အချိန်တွင် မြန်မာပြည်တွင်
ကလေးကို သုညရအောင် သင်ပေးသော ဆရာ၊ ဆရာမများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းအုပ်ကြီးများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းများ၊
ကလေးကို သုညရအောင် သင်ပေးသော ….ဌါနများ
ဘယ်လောက်ရှိနေသလဲ ကျနော်မသိပါ။

ရမှတ် သုညရတာထက် အောင်မှတ်ရဖို့ ဂုဏ်ထူးတွေထွက်ဖို့ အမှတ်များဖို့ Cheating လုပ်ပြီး အမှတ်တွေကိုဖြည့်ယူတာက တသက်လုံးအတွက် ရှက်ဖို့ကောင်းပါသည်။

Cheating ကိုပြောခဲ့သော ကျနော်၏ ဆရာကြီးသည်လည်း ကွယ်လွန်သွားခဲ့ပြီဖြစ်သည်၊
ဆရာကြီး အသက်ရှင်၍ ရှိနေသေးလျှင် ဆရာကြီး ဆိုခဲ့သော
‘cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊
cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’ ဆိုတာကို ယနေ့အချိန်တွင် ဆရာကြီး ဘယ်လို အဓိပ္ပါယ်ပြန်ဖွင့်မလဲ မသိပါ။


End
ဆရာကြီး ဦးတိုးခင်သို့ အမှတ်တရ။
ဆရာကြီး၏ ပိုစုန်းကြူးလက်တန်း ကဗျာကို အထင်နဲ့ ပြန်ရေးလိုက်ပါသည်။



ဂျာနယ်
စာမေးပွဲမှာ သုညရအောင် ဖြေလို့ ထုတ်လိုက်တာ http://thevoicemyanmar.com/index.php?option=com_content&view=article&id=564:2011-09-04-10-26-05&catid=3:local&Itemid=34



Monday, August 29, 2011

တိတ်ဆိတ်ခြင်းကို………..

ကိုအောင်(ပျူနိုင်ငံ) ရဲ့ တဂ်ပိုစ့် ဘလောဂ်ဒေးအမှတ်တရ

အနှစ်၃၀ နီးပါး သင်္ဘောလိုက်ခဲ့တဲ့မိတ်ဆွေ တစ်ယောက်ကပြောဘူးပါသည်၊ ဟိုးအရင် သင်္ဘောလိုက်စတုန်းက တိုင်းတပါးမှာ အိမ်လွမ်းစရာ မြန်မာပြည် သတိရစရာဆိုရင် ပါလာတဲ့ စာအုပ်တွေ အခါခါထုတ်ဖတ်၊ ပါလာတဲ့ တိပ်ခွေတွေ အခါခါဖွင့်နားထောင်၊ အချိန်တိုက်ဆိုင်ရင်တော့ နိုင်ငံခြား အသံလွှင့်ဌာနတွေကလွှင့်တဲ့ မြန်မာပိုင်း အစီအစဉ်တွေကို နားထောင်၊ ဒီလိုနဲ့ အလွမ်းတွေကိုဖြေ ပင်ပန်းဖိစီးမှုတွေကို ဖျောက်ခဲ့ကြတယ်လို့ဆိုပါသည်။

ယနေ့အချိန်မှာတော့ အားလုံးသိပြီးတဲ့အတိုင်း မြန်မာပြည်ဆိုတာ ကိုယ်ဘေးနားရှိနေသလိုပါပဲ၊ နည်းပညာတွေရဲ့ပြောင်းလဲတိုးတက်မှုက နေရာတွေကိုကျုံ့လိုက်သည်ဟုထင်ပါသည်၊ အကောင်းရော အဆိုးရောရှိတဲ့ ပြောင်းလဲတိုးတက်မှုတွေကို အကောင်းဘက်ကိုပဲ တွေးပြောကြည့်မိပါသည်။

မေဆွိ တကယ်သေမသေ နာရီပိုင်းအတွင်းမှာ သေချာသိနိုင်သလို၊ လူကြီးတစ်ယောက်ငိုပြတာကိုလည်း ဒီလူကြီးနှယ်ဆိုပြီး ခဏအတွင်း ပျံ့နှံ့သွားနိုင်ပါသည်၊ ဒီဆိုင်ကကောင်းတယ် ဒီပစ္စည်းကကောင်းတယ် ဒီဟင်းကိုဒီလိုချက်တယ်ဆိုပြီး သိသမျှ မျှဝေနိုင်ပါသည်၊ ငါ ရည်စားနဲ့ ကွဲသွားပြီဟေ့လို့ စက္ကန့်အတွင်းမှာ ကြေညာချက်ထုတ်နိုင်သလို၊ ငါ ဒီနေ့ဘာဝယ်ခဲ့တယ် ဆိုပြီး ပုံနှင့်တကွ ချက်ချင်းကြွားဝါနိုင်ပါပြီ၊ ဟုတ်ကဲ့ ဒစ်ဂျစ်တယ်ပါရာဒိုင်း အပြောင်းအလဲကို အကောင်းဘက်ကပဲ တွေးကြည့်ကြတာပေါ့။

ဒီအတွက် ပထမဦးဆုံးတော့ တီထွင်ဆန်းသစ်သူတွေကို ကျေးဇူးတင်ရပါမည်၊
မည်သို့ရည်ရွယ်ချက်ပဲရှိနေနေ ဘယ်အဖွဲ့အစည်းက နောက်ကရှိနေပါစေ၊ လွယ်ကူစွာ သုံးခွင့်ရအောင် အဖိုးအခသက်သာအောင် ပြုလုပ်ပေးသူများကိုလည်း ကျေးဇူးတင်ရပါမည်၊ Google ကိုကျေးဇူးတင်ပါသည်၊ ZawGyi ကိုကျေးဇူးတင်ပါသည်၊ FBကိုကျေးဇူးတင်ပါသည်၊ ----- တွေကိုကျေးဇူးတင်ပါသည်။

တကယ်တော့ ကျနော်က blog ဖတ်သူ တစ်ယောက်ပါ၊ blog ဖတ်ဖြစ်အောင် blog နှင့်မိတ်ဆက်ပေးသူ တစ်ယောက်ကို ကျေးဇူးတင်ပါသည်၊ blogတွေကို ဆက်ဖတ်ဖြစ်နေအောင် ကျနော်ကိုဆွဲဆောင်သွားတဲ့ blog ရေးသူနှစ်ယောက်ကတော့ ကိုမင်းဒင် နှင့် နိုင်းနိုင်းစနေ တို့ဖြစ်ပါသည်၊ ဖြစ်ပျက်ရှာပုံတော်နှင့် သက်ခိုင်ဇာတ်လမ်းတွဲတွေကနေ စနေအကြိုက် ဘဝအပိုင်းအစလေးများက ကျနော်ကို blog လည်ဖြစ်စေခဲ့ပါသည်၊ blog လည်ဖြစ်အောင်လည်း ခင်ဦးမေ နှင့် wesheme က လင့်တွေက လွယ်ကူစေခဲ့ပါသည်။

အလွန်အေးသော ဂျပန်ရဲ့ဆောင်းတစ်ညမှာတော့၊ တိတ်ဆိတ်ခြင်းက လူကိုပိုအထီးကျန်စေပါသည်၊ ရောက်နေတဲ့နေရာကလည်း ခပ်ချောင်ကျကျ ဂျပန်မြို့လေးတစ်မြို့ နေတာကလည်း အဲဒီမြို့လေးနဲ့ ၁၀ကီလိုမီတာလောက်ဝေးတဲ့ တောင်ကုန်းပေါ်က နေရာ၊ အပန်းဖြေ Resortဆိုပေမဲ့လည်း အများအားဖြင့် ဧည့်သည်တွေက အဖိုကြီးနှင့်အဖွားကြီးတွေ ဖြစ်ကြပါသည်၊ စနေ တနင်္ဂနွေတွေမှာတော့ လူငယ်အချို့ကိုတွေ့ရသည် ဂေါက်လာရိုက်ကြတာများသည်၊ cinema ရှိသည် karaoke ရှိသည် bar ရှိသည် ဒါပေမဲ့ ဂျပန်စကားကို ၁၂၃၄ ဟိုနား ဒါစား ပဲတတ်သော ကျနော် အတွက် ဖျော်ဖြေမှုမဖြစ်ခဲ့ပါ၊ နေလာတာကလည်း ၁၅ရက်လောက်ရှိပြီဆိုတော့ ပျင်းစ ငြီးငွေ့စပြုနေပါပြီ၊ နောက်ထပ် အနည်းဆုံး ရက်၃၀ လောက်ဆက်နေရဦးမည်ဆိုတော့ စဉ်းစားသာကြည့်ပေတော့၊ အလုပ်လာလုပ်သည် ဆိုပေမဲ့ တစ်နေ့နှစ်နာရီ သုံးနာရီလောက် သွားပြီးလျှင် ဒီResort ဟော်တယ်ပြန်ပို့သည်၊ ကိုယ်companyရဲ့ဖေါ်မြူလာဒီဇိုင်းဆိုပေမဲ့ ဂျပန်တွေကသူတို့နည်းသူတို့ဟန်နဲ့လုပ်ကြသည်၊ စီးပွားရေး လျှို့ဝှက်ချက်ဆိုတာကို နားလည်လိုက်ရပါသည်၊ တိုကျို မှာ အိုဆာကားမှာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိသည်၊ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ လုပ်လို့ရသည် ဘော်ဒါတွေရှိသည်၊ ဒီမှာတော့ ကျနော့်အတွက်ဒီညဘာလုပ်ရရင်ကောင်းမလဲ အတွေးက ညတိုင်းကို မိုးချုပ်စေခဲ့ပါသည်။

မျိုးကြီးရဲ့ သီချင်းထဲကလို ငါတစ်ယောက်ယောက်နဲ့ စကားပြောချင်တယ်ကို အထပ်ထပ်အခါခါ ဆိုရမလိုပါပဲ၊
ဂျပန်က ဘော်ဒါတွေက ညဘက်အလုပ်လုပ်သူတွေနဲ့ နာရီအကြာကြီး အလုပ်လုပ်သူတွေများသဖြင့် သူတို့နဲ့ဖုန်းအကြာကြီးပြောဘို့ကို အားနာသည်၊ oversea အကြာကြီးပြောဘို့ကလည်း ဈေးကြီးသည်၊ Naruto ဆိုတဲ့မြို့လေးကိုညတိုင်းသွားဘို့ကလည်း Taxi ခ မတတ်နိုင်ပါ၊ အဲဒီမှာ ရုရှား၊ ဘရာဇီးနှင့်ဖဦးထုပ်မတွေ ရှိသည်ပြောသည်၊ နောက်ဆုံးတော့ Laptop လေးကိုပဲအသုံးချရသည်၊ အင်တာနက် ဂိမ်းကစား၊ ဟို site လိုက်ဖွင့် ဒီ site လိုက်ဖွင့်၊ blog တွေလိုက်ဖတ်၊ ထွက်သမျှနီးပါးဖတ်ဖြစ်ပါသည်၊ အားနည်းချက်တစ်ခုက chatting စကားပြောခြင်းပါပဲ၊ ဟိုဘက်ကလူကို အားနာသဖြင့် chatမလုပ်ဖြစ်ခဲ့တာများသည်၊

အဲဒီမှာ အတွေးတစ်ခုဝင်လာပါသည် blog တစ်ခုလုပ်ရင်ကောင်းမလား၊
ဘုမသိဘမသိနဲ့ blog တစ်ခုကို လုပ်ဖြစ်ခဲ့ပါသည်။

Saturngod၊ ကိုရန်အောင်၊ ကိုမောင်လှ site သုံးခုထဲနဲ့ sosegado ဖြစ်လာခဲ့ပါသည်၊ သူတို့ကိုမသိပေမဲ့ ကျေးဇူးတင်လိုက်ပါသည်၊
ကျနော့် ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်ခြင်းကို ကျနော် ဖြိုခွဲလိုက်ပါသည်၊


ကျနော်က စာရေးလေ့ရေးထရှိသူတစ်ယောက် မဟုတ်ပါ၊ ကျောင်းတုန်းက ကဗျာတွေကိုရေးဖူးပါသည်၊
တကယ်တော့ ခရီးသွားမှတ်တမ်းသဘောနဲ့ blogလေးကို လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဒီလိုနဲ့ အဲဒီကစပြီး ပျော်စရာအလေ့အထလေးတွေရှိတဲ့ blogအသိုင်းအဝိုင်းမှာ လွင့်မြောနေမိပါသည်။



…………………………………………………………..


အမှတ်တရများ


ကျနော်က blog ဖတ်သူ တစ်ယောက်ဆိုတော့၊ အင်တာနက်ရနိုင်သည့် အချိန်များ နေရာများတွင် ထွက်လာသမျှ ပို့စ်တွေကို (ကိုကြီးကျောက်၊ ခင်ဦးမေ နှင့် နောက်ဆုံး ကိုဇော်ရဲ့ဘလောက်ဂါတွေရဲ့ပို့စ်များမှတဆင့်) ဖတ်မိပါသည်၊ စိတ်ဝင်စားသော ခင်မင်ရသော သူတွေရဲ့ ပို့စ်တွေကို တစ်ခါတစ်လေ တစ်ပတ်လောက်ကြာနေပါစေ သွားဖတ်ဖြစ်ပါသည်။

မှတ်မှတ်ရရ ကျနော့်ကို ပထမဦးဆုံး comment ပေးလာသူတွေကတော့ ဘလော့ဂ်ဂါ၊ MrDBA နှင့် ပေါ့ဆိမ့် တို့ဖြစ်ပါသည်။
ပထမဦးဆုံး C Box ထဲ ရေးလာသူတွေကတော့ nm ၊ khet myint myint၊ ဘွိုင်းဇ် ၊ zt နှင့် ကိုကိုဒီဘီ တို့ဖြစ်ပါသည်။
စကားပြောဖြစ်ကြတဲ့သူတွေကတော့ ကိုကြီးမင်းဒင်၊ ဂျစ်တူးမုံရွာ၊ မြတ်မွန်၊ ကိုရင်စည်သူ၊ ကိုကြီးကျောက် နှင့် သိင်္ဂါကျော် တို့ဖြစ်ပါသည်၊ သက်သေပြချက်ကတော့ ခေါင်းပါးတဲ့ ကျနော့်လူမှုရေးပါပဲ၊ တဘက်လူကို အားနာစရာ၊ ဆယ်ကြောင်းလောက် ရေးလိုက်ရင် ၂ ကြောင်းလောက်ပဲ ပြန်ရေးနိုင်ခဲ့ပါသည်။

အမှားများစွာနှင့် စခဲ့တဲ့ ကျနော်ကို လမ်းညွှန်ပေးကြသူတွေရှိပါသည်၊ ဟိုဟာကိုဖြုတ်လိုက်ပါ ဒီလိုလုပ်ရင်ကောင်းပါလိမ့်မည် ဆိုပြီး အကြံဥာဏ်ပေးခဲ့သဖြင့် လမ်းကြောင်းလေးမှန်ခဲ့ပါသည်၊ မရွှေစင်ဦး၊ ကိုကြီးကျောက်၊ မောင်ပါလ နှင့် လသာည တို့ဖြစ်ပါသည်၊ အသုံးဝင်စရာ မြန်မာ စာလုံးပေါင်း Reference ကိုတော့ ကိုဇော်ဆီမှရခဲ့ပါသည်။

ရေးအဖေါ်အပေါင်းများဖြစ်ကြသော မောင်မိုး၊ ကိုကိုးအိမ်၊ အဖြူလေး၊ လသာည၊ အင်းကြင်းသန့်၊ သိင်္ဂါကျော်၊ သဒ္ဒါလှိုင်း၊ ကိုအောင် (ပျူနိုင်ငံ)၊ အဖြူရောင်နတ်သမီး၊ မြတ်မွန်၊ မီးမီး၊ စိတ်၏ဖြေရာ၊ မောင်လေး၊ blackzone၊ နတ်ဆိုးလေး၊ ဆင်တဲအုပ်စု၊ ZT ၊ TYZ ၊ နေဝသန်၊ ကြည်ဖြူပိုင်၊ ပူးတေ၊ flowerpoem၊ မြသွေးနီ၊ ညအင်္လကာ၊ အုပ်ကြီး၊ အတွေးကမ္ဘာ၊ ဝက်ဝံလေး၊ Bravo၊ ချစ်ကြည်အေး၊ Rose of Sharon၊ ချင်းမလေး၊ ကိုပီတာ၊ ခနွဲ၊ ခင်မာလာအောင်၊ ကေသွယ်၊ သော်ဇင်စိုး၊ စန္ဒကူး၊ သက်တန့်ချို၊ ကိုရီး{ကိုကြီး}၊ sangpi၊ tharzoe၊ ဆောင်းယွန်းလ၊ သောစေယျံ၊ အင်္ဂါဟူး၊ မြလေးသျှင်၊ မေကျော်၊ july Dream၊ ငဝန်နဒီ နှင့် ညလင်းအိမ်
အသစ်ထွက်တိုင်းအမြဲရောက်ဖြစ်တဲ့ မချော၊ မြစ်ကျိုးအင်း၊ မေဓါဝီ၊ ဏီလင်းညို၊ အိမ်ချမ်းမြေ့၊ သက်ဝေ၊ ကိုဇော်၊ ပန်ဒိုရာ နှင့် ဆိုနာတာ ကာနာတာ

နောက်ပိုင်းမှာသွားဖြစ်တဲ့ အန်တီတင့် ၊ မဒမ်ကိုး၊ ဟန်ကြည်၊ Anglehlaing၊ တီတီဆွိ၊ ငယ်နိုင်၊ မန်းကိုကို၊ Jasmine၊ Rita၊ ငွေလမင်း၊ အေအေတီအို၊ ကေ၊ မိုးယံ၊ မေသိမ့်သိမ့်ကျော်၊ စော အဝါရောင်၊ ညိမ်းနိုင်၊ ရွှေပြည်သူ၊ Phyo Phyo Hlaing၊ ဗညားရှိန် နှင့် မေခင်

လာဖတ်လေ့ရှိသော
စည်းစိမ် ၊ Lwin lwin, Sint, Nyangyi, min min, yamin, kmo, gyidaw, SDL, N/A နှင့် အမည်မဖေါ်သောသူများ နှင့်

အမည်ကျန်ခဲ့သူများကို…..

အားလုံးကို ကျေးဇူးတင် အမှတ်တရရှိပါသည်။



Tuesday, August 23, 2011

ခုကျမနဲ့အိပ်နေတဲ့သူဟာ ကျမယောကျ်ားမဟုတ်ဘူး (၄)


သမီးကျောင်းပို့၊ အလုပ်သွား၊ အလုပ်ပြန်၊ သမီးကျောင်းကြို၊ ပုံမှန်အိမ်မှုကိစ္စများကို လုပ်နေရင်းနဲ့ပင်၊ ခုတစ်လော စိတ်မရှည်မှုတွေများလာသည်၊ အလုပ်ထဲတွင်လည်း မှားလုပ်မိသော အလုပ်များလည်း များလာသည်၊ မှားလုပ်မိသော စာရွက်စာတမ်းများကို စက်ထဲချေမပစ်ပဲ၊ တစ်စစီဆုတ်နေမိသည်၊ ကိုယ်ဟာကို မှားနေမှန်းသိ၍ ပြန်လုပ်နိုင်ခဲ့သဖြင့်တော်သေးသည်၊ 

အလိုလိုနေရင်း ဒေါသဖြစ်လိုက်၊ တစ်ခါတစ်ခါ စိတ်အားငယ်လိုက်နဲ့၊ ဘာကိုဒေါသဖြစ် ဘာကိုစိတ်အားငယ်နေမှန်း မသိတော့ပါ။ 

ဆရာဝန်နဲ့ပြဘို့ကြံမိပါသည်၊ စိတ်ငြိမ်ရင်ပြီးရောဆိုပြီး face book ဖွင့် blogging လုပ်မိသော တစ်ချို့ညတွေ မိုးလင်းခါနီးမှ အိပ်ဖြစ်သဖြင့် မနက်မနည်းကြိုးစားပမ်းစားထယူရသော အကြိမ်တွေလဲမနည်းတော့၊ တစ်ခါတစ်လေ သမီးလေးကို ငေါက်ငမ်းမိသည်၊ ဒီမှာ အမေအိမ်အလုပ်တွေမပြီးဘူးဆိုတာမသိဘူးလား၊ အိမ်ရှေ့သွားနေ အမေလာခဲ့မယ်၊ စသဖြင့်ပေါ့လေ၊ သမီးလေးက ထိုအခါမျိုးတွင်ကျမကို သေချာကြည့်နေတတ်ပြီး၊ ‘May May.. Are you OK’ လို့ဆိုလိုက်တော့ ကျမဒေါသတွေ ခဏပျောက်ကွယ်သွားရပါသည်၊ သမီးလေးကိုထွေးပွေ့လိုက်ရင်း မေမေဒါလေးပြီးအောင်လုပ်ပြီး သမီးဆီလာခဲ့ပါမယ်၊ လိမ်မာတယ်နော်သမီးလို့ ပြောလွတ်လိုက်ရပါသည်၊ သမီးလေးရဲ့အမြင်မှာ ကျမတစ်ခုခုဖြစ်နေပြီလား၊ စိတ်ထဲမှာတော့ သမီး PSLE စာမေးပွဲ ဖြေရမဲ့နှစ် အမေ အလုပ်ထွက်ပါမယ်၊ အမေ့အတွက် သမီးလေးဟာအဓိကပါကွယ်လို့ ပြောနေမိသည်။ 

အလိုလိုနေရင်း မျက်နှာမြင်လိုက်လျှင် ကျမ မကျေမချမ်းဖြစ်ရသူကတော့ ကျမယောကျ်ားဆိုသူကိုပါပဲ၊ 
ကျမတို့ စကားသိပ်မပြောဖြစ်ကြပါ၊ လိုအပ်သည်များကိုသာ ပြောဖြစ်ကြသည်၊ သူ့မျက်နှာမြင်ရလျှင် ဒေါသဖြစ်လာသလိုလို၊ တစ်စုံတစ်ခုကို ပေါက်ပစ်လိုက်ချင်စိတ်၊ ခွဲပစ်လိုက်ချင်စိတ်တွေဖြစ်လို့နေတတ်သည်၊ ဒီအတွက် သူနဲ့မျက်နှာချင်းဆိုင်တွေ့ဘို့ ကျမရှောင်ပါသည်၊ စျေးဝယ်ရင်လိုအပ်သည်ထက် ပိုကြာလာသည်၊ တကယ်တော့ ဘာဝယ်ရမှန်းမသိ ပတ်နေမိခြင်းသာဖြစ်သည်၊ အိမ်အလုပ်တွေများများလုပ်ပစ်လိုက်သည်၊ ဒါကိုပဲ အလိုက်မသိ အလုပ်တွေများနေလား ဘာလုပ်ပေးရမလဲ လာ၍မေးသေးသည်၊ ရန်မဖြစ်ချင်၍ ကလေးကိုစာပြနေလိုက်ပါလို့ပြောပြီး ရှောင်ခဲ့ရသည်၊ တစ်ခါတစ်လေ Informatics ကျောင်းမှာတရားပွဲသွားဖို့ခေါ်သည် အိမ်အလုပ်မပြီးရတဲ့အထဲ အလိုက်မသိပေ နည်းနည်းငြူစူလိုက်မှ သမီးကိုပါခေါ်ကာ တရားပွဲထွက်သွားသည်၊ ကျမအရွယ်က တရားပွဲသွားရမဲ့အရွယ်လား သူ မစဉ်းစားပေ၊ တရားပွဲတွင် သမီးကိုဘယ်လိုထိန်းမလည်း ကျမစဉ်းစားမိပါသည်၊ အချိန်တန်တော့ အဖေနှင့်သမီးတို့ပြန်ရောက်လာသည်၊ သမီးထံမှ ဘာကွန်ပလိမ်းမှ မကြားရပါ၊ အဖေနှင့်ဆို ဘာမှာ ဂျီမကြတဲ့သမီးလို့ စိတ်ထဲကပြောနေမိသည်။ 
………………………………………………………………………..

ကျမလေးစားရသော မန်နေဂျာတစ်ယောက် ရုံးမှာသူအဆင်မပြေတဲ့အကြောင်းရင်ဖွင့်လာခဲ့သည်၊ ကျမအံ့အားသင့်ရပါသည် အလုပ်ကြိုးစားသူ စိတ်ပါလက်ပါလုပ်တတ်သူတစ်ယောက် ဘာလို့အဆင်မပြေဖြစ်တာပါလိမ့်၊ အသက်လေးဆယ်ကျော် ငါးဆယ်နီးတွေဆို အလုပ်ရှင်တွေက သိပ်ခိုင်းမကောင်းတော့ဘူးထင်၍ အမြဲကြည့်နေတတ်သလို၊ နောက်ဝင်လာသည့် လူငယ် လူသစ်တွေရဲ့ အတိုက်အခိုက်လည်း ခံရလေ့ရှိသည်၊ မနေတတ်မထိုင်တတ်လျှင် ပြဿနာတွေဖြစ်လာမည် အခက်အခဲတွေကြုံလာရတတ်သည်ဟု ပြောပြသည်၊ ငါနောင်နှစ်ဆို အသက်ငါးဆယ်ပြည့်တော့မယ််၊ ဒီနိုင်ငံမှာ အသက်လေးဆယ်ကျော်လာရင် အလုပ်မြဲဘို့သတိထားရသည်၊ office politic ကိုသူကရှင်းပြတော့ ကျမပို၍ရှုပ်ထွေးသွားရသည်၊ ဒီအတွက် တစ်ချို့ဝါရင့်သမားများသည် ကိုယ်အလုပ်မြဲရေးအတွက် နောက်လူကို မသင်ပေးမှုများရှိလာတတ်တယ်၊ သူဌေးတွေကလည်း လူသစ်အမြင်သစ် စျေးနည်းနည်းသက်သာတာကိုပဲ လိုချင်ကြသည်မဟုတ်လား၊ သူ့အတွက်တော့ ကိစ္စမရှိ Professional Pharmacist ဖြစ်နေ၍ အလုပ်ပေါပါသည်ဆိုသည်၊ politic ဆိုတာ ဘယ်မှာပဲဖြစ်ဖြစ် မကောင်းကြပါလားလို့ ကျမကောက်ချက်ချမိသည်။ 

ဒီအကြောင်းတွေစဉ်းစားမိတော့ သမီးရဲ့အဖေကို သတိရလိုက်သည်၊ သူလည်း အသက်လေးဆယ်ကျော်သွားပါပြီ၊ အလုပ်တွင်ရင်ဆိုင်နေရတာကို ကျမကိုဖွင့်မပြောပဲနေတာဖြစ်ပါလိမ့်မည်၊ ကျမဘက်ကလည်း ဘယ်နှစ်ခါ စိတ်ဝင်တစားမေးမြန်းခဲ့ဘူးလို့လဲ၊ နောက်ပြီးသူက နိုင်ငံခြားသားဖြစ်နေတော့ ကျမမန်နေဂျာထက်ပင်ပိုဆိုးနိုင်သည်၊ ဒါမှမဟုတ် သူဌေးတွေက စျေးပေါအလုပ်ပြီးတာပဲလိုချင်လျှင်တော့ သူအလုပ်မြဲနေပါဦးမည်၊ ခုမှကျမစိုးရိမ်စိတ်ဝင်လာမိသည်၊ တကယ်လို့ သူအလုပ်အဆင်မပြေ ဖြစ်သွားခဲ့လျှင် ဘယ်လိုလုပ်ကြမလဲ အလုပ်ပြောင်းလုပ်သည်ထားဦး ကြားထဲမှာ ကသီလင်တဖြစ်ဦးမည်၊ ဒီနိုင်ငံရဲ့ ပေါ်လစီတွေက အမြဲပြောင်းလဲလေ့ရှိသည်၊ ကျမအတွက်ပထမဦးဆုံးအကြိမ် သူ၏အရေးပါမှုကို စဉ်းစားမိခြင်းဖြစ်ပါသည်၊ သူများတွေနဲ့တော့ တူလိမ့်မည်မဟုတ်ပါ၊ ကျမနှင့်သမီးလေးက ဒီနိုင်ငံခြားတိုင်းပြည်မှာ သူ့ရဲ့မှီခိုသူတွေမဟုတ်ပါလား၊ အမြဲတမ်းနေထိုင်ခွင့်ပဲ ရနေပါစေ၊ ဘယ်လိုပဲနေထိုင်နေပါစေ၊ တစ်စုံတစ်ရာသော အပြောင်းအလဲများ မထင်မှတ်သော အဖြစ်အပျက်များက အချိန်မရွေး ဒီနိုင်ငံက ထွက်သွားစေနိုင်သည် မဟုတ်ပါလား။ 

ကျမသူငယ်ချင်း ယမင်းတို့ မိသားစု အမေရိကားကို ပြောင်းမည်ဆို၍၊ အိမ်ပစ္စည်းကူသိမ်းပေးရန် ကျမယမင်းတို့အိမ်သို့ထွက်လာခဲ့သည်၊ Bus ကားပေါ်မှာ ကျမဘေးနားက ဆယ်ကျော်သက်ကောင်လေးနှစ်ယောက် ပြောနေတာကြားရတော့ ကျမ သက်ပြင်းတွေအကြိမ်ကြိမ်ချမိသည်၊ ပထမဦးဆုံးတော့ ဒီကလေးနှစ်ယောက်ကို မလေးလူမျိုးတွေလို့ပဲထင်လိုက်မိသည်၊ သူတို့ပြောနေတာကြားလိုက်ရမှ မြန်မာလေးတွေဖြစ်ကြောင်းသိလိုက်ရသည်၊ တကယ်တော့ သူတို့နှစ်ယောက်အင်္ဂလိပ်လိုပြောနေကြခြင်းဖြစ်သည်၊ ငါအဖေဒီအဖိုးကြီးကို ငါမကြိုက်ဘူး အိမ်ပြန်လာရင် ငါတို့ကိုဆူဘို့ပဲသိတယ်၊ အဖိုးကြီးကအလုပ်၆ရက်လုပ်တယ်၊ တစ်ခါလုံးအလုပ်ကြီးပဲ လုပ်နေပြီး အပြင်မှာဘာဖြစ်နေလဲသိတာမဟုတ်ဘူး၊ ငါအစ်ကို ITE စက်မှုအထက်တန်းကျောင်းပဲတက်ရတယ်၊ အဲဒါကိုအပြစ်ပြောလို့မဆုံးဘူး၊ စာကြိုးစား စာလုပ် ဒါချည်းပဲပြောနေတာ ဘယ်လိုကြိုးစား ဘယ်လိုလုပ် ပြောတတ်တာလည်းမဟုတ်ဘူး၊ ဒါကြောင့်တစ်ခါတစ်လေ ခက်တာတွေ ငါတမင်သွားမေးကြည့်တယ် သူမဖြေနိုင်ဘူး၊ အဖိုးကြီးကို ငါကြိတ်ရယ်လိုက်တယ်၊ တစ်ခါတစ်လေ ငါ့အစ်ကိုနဲ့ငါ အင်္ဂလိပ်လိုပြော ဒါမှာမဟုတ် တရုတ်လိုပြောရင် အဖိုးကြီးရော အဖွားကြီးရော နားမလည်ဘူး၊ အဖွားကြီးဆိုပိုဆိုးတာပေါ့၊ ဟိုနေ့က ငါ့အစ်ကို သူ part time လုပ်တဲ့ပိုက်ဆံနှင့် iphone ဝယ်လာတာကိုဆူလို့ကို မပြီးဘူး၊ iphone များလူတိုင်းကိုင်နေတာ၊ ငါအစ်ကိုများ အဆူခံနေတာ၊ ငါသာဆို အိမ်ပေါ်ကဆင်းသွားပြီ၊ ငါလဲငါ့အစ်ကိုကို အဖိုးကြီးနှင့် အဖွားကြီး မသိအောင် တရုတ်လိုလှမ်းပြောလိုက်တယ်၊ သူမကိုင်နိုင်လို့ မနာလိုဖြစ်တာနေမှာပေါ့လို့၊…………. 
ကျန်ကောင်လေးတစ်ယောက်ကလည်း အိမ်မှာ ငါလည်းဒီလိုပဲ စာကျက်ရင်းနဲ့ ငါနဲ့ငါ့ညီမ ရုပ်ရှင်အကြောင်း၊ တီဗွီအကြောင်း ကိုရီးယားဇာတ်လမ်းတွေ ဂိမ်းတွေအကြောင်း၊ ကျောင်းက ကောင်လေး ကောင်မလေးတွေအကြောင်း တရုတ်လိုပြောကြတယ် သူတို့ကတော့ စာဆွေးနွေးနေတာပဲထင်နေတာ၊ ရယ်ရတယ်ကွာ……………. 
ကျမရင်ထဲမှာ တစ်မျိုးကြီးသော ခံစားမှုတစ်မျိုးဝင်ရောက်လာသည်၊ တကယ်တော့ ဒီကလေးတွေကျမနဲ့ ဘာမှမဆိုင်ပါ၊ သူတို့ပုံစံ သူတို့လမ်းကြောင်းသွားမှာပဲဖြစ်သည်၊ ဒါပေမဲ့ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို စိတ်မချမ်းသာမှုတစ်ခုကို ကျမခံစားလိုက်မိသည်၊ နောက်ပြီး နိုင်ငံခြားရောက်မှ ညံ့သွားတဲ့ ကျမအတွက် သမီးလေးကြီးလာရင် ဘယ်လိုလဲဆိုတဲ့ အတွေးတွေ ဝင်လာခဲ့မိသည်၊ ကျမ သမီးရဲ့အဖေ ပြောခဲ့တာကို သတိရလိုက်မိသည်၊ “ဖေဖေ မေမေလို့ မြန်မာလိုခေါ်တတ်တာနဲ့ မင်းအတွက်လုံလောက်သွားပြီလား၊” ဆိုတာကိုပင်ဖြစ်သည်၊ ကျမပထမဦးဆုံးအကြိမ် သူပြောခဲ့တဲ့ စကားတစ်ခွန်းရဲ့ အလေးအနက်ကို စဉ်းစားမိခြင်းဖြစ်ပါသည်။ 

………………………………………………………………………..


ကျမ မနက်စောစောထမိတဲ့အချိန်မှာ ခေါင်းတအားမှုးကိုက်နေ၍ ခဏပြန်လှဲအိပ်လိုက်သည်၊ မနေ့က ယမင်းတို့အိမ်ကအပြန် မိုးမိသည် နည်းနည်းလည်းပင်ပန်းသွားသည်လည်းပါမည်၊ ကျမတော့ဖျားနေပြီဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်သည်၊ အဖျားတိုင်ကိုယူပြီးတိုင်းကြည့်လိုက်သည် အဖျားရှိ၍နေပြီ၊ နိူကိုလီတစ်လုံးသောက်လိုက်ပြီး ဆက်၍အိပ်နေလိုက်မိသည်၊ ခဏနေကြာသမီးနှင့်သူ့အဖေ နိုးလာသည်ကိုသိနေသည်၊ သူတို့ပြောနေတာကို မကြားတစ်ချက်ကြားတစ်ချက်ပါ၊ မေမေ နေမကောင်းဘူးဟုတ်လားဖေဖေ၊ ဟုတ်တယ် သမီးအမေနေမကောင်းဘူး ဖေဖေဒီနေ့ကျောင်းလိုက်ပို့မယ်……စကားသံတွေကိုကြားပြီး ကျမအိပ်ပျော်သွားသည်ထင်သည်။ 

ကျမမြေအောက်လမ်းထဲမှာရောက်နေပြီး အပြင်သို့ထွက်ရန်ကြိုးစားနေမိသည်၊ ပြေးလည်းပြေးနေမိသည်၊ ဘယ်သူတွေက ကျမနောက်ကိုလိုက်နေမှန်းမသိပါ၊ ပြေးရင်းပြေးရင်းမောလာသည် ထွက်ပေါက်ကရှာမတွေ့ပေ၊ မောလွန်းလို့လဲကျသွားမလောက်ဖြစ်ရသည် အားတင်းပြီးကျမပြန်ပြေးပြန်သည်၊ တစ်နေရာမှာတော့ နေရဲ့အလင်းရောင်ကိုတွေ့၍ တအားပြေးမိပြီးအပေါ်တက်ဖို့ကြိုးစားလိုက်သည် ကျမမောပြီးမခံနိုင်ပဲ ဘေးကချောက်ထဲကျသွားသည်၊ လုပ်မိလုပ်ရာ လှမ်းဆွဲလိုက်တော့၊ ကျမလက်တစ်ဖက်ကိုဆုပ်ကိုင်မိသည်၊ ပါးစပ်ကလည်း ကျမကိုလွတ်မချလိုက်ပါနဲ့ လွတ်မချလိုက်ပါနဲ့လို့ လည်း အော်နေမိသည်။ ဒါအဖေကြီးရဲ့လက်ပဲ ကျမ မလွတ်တမ်းဆုပ်ကိုင်ထားမိသည်၊ အောက်သို့ဆက်မကျစေရန်ဖြစ်သည်။ 

‘အမေကြီး’ ‘အမေကြီး’ ဆိုပြီးခေါ်နေသော သမီးလေးအဖေရဲ့ခေါ်သံကိုကြားမိသည်၊ မျက်စိဖွင့်လိုက်တော့ အလင်းရောင်တန်းစူးကနဲ ဝင်လာသဖြင့် ပြန်ပိတ်လိုက်မိသည်၊ ဖြေးဖြေးခြင်းပြန်ဖွင့်လိုက်တော့ သမီးလေးရဲ့အဖေ မျက်နှာကိုမြင်လိုက်ရသည်၊ ကျမရဲ့လက်နှစ်ဘက်စလုံးက သူ့လက်တစ်ဘက်ကို ဆုပ်ကိုင်ထားသည်ကို သတိထားမိသည်၊ 
‘နိုးလာပြီးလား အမေကြီး၊ အိမ်မက်မက်ပြီး ဗလုံးဗထွေးအော်နေလို့ နိူးလိုက်တာ၊’ ‘ဒီမှာ ရေလေးသောက်လိုက်’ အေးမြသော ရေရဲ့အရသာကိုခံစားလိုက်ရသည်၊ သူ ကျမကိုရေပတ်တိုက်ပေးနေခဲ့သည်ကိုသိလိုက်ရသည်၊ ကျမအဖျားကြီးပြီးအိပ်ပျော်အိမ်မက် မက်နေရာမှ ပြန်နိုးလာခြင်းဖြစ်သည်၊ အမေကြီးအဖျားတက်နေလို့ အဖေကြီးဒီနေ့အလုပ်မသွားဘူး၊ ခဏနားပြီးရင်ဆေးခန်းသွားပြရအောင်၊ အိမ်နားကဆေးခန်းကိုပဲ သွားပြဖြစ်ပြီး အိမ်မှာပြန်နားဖြစ်သည်၊ ဆေးခန်းရောက်တော့ အဖျားသိပ်မရှိတော့ ပန်းဖျားဖြစ်ဖို့များသည်ဟု သူကဆိုသည်၊ ကျမနားနေတုန်းမှာ သူသည် ကလေးကိုကြိုရန်ထွက်သွားသည်၊ ကျမရုံးကိုလည်း မနက်ကသူဖုန်းဆက် အကြောင်းကြားထားကြောင်း သိရသည်၊ ကျမဘဝမှာ သူရဲ့ပြုစုတာကို ပထမဦးဆုံးအကြိမ် ခံရဖူးခြင်းဖြစ်ပါသည်။ 

သမီးကျောင်းကရောက်ရောက်ချင်း ကျမဆီတန်းလာပြီး မေမေနေကောင်းလား၊ နေကောင်းသွားပြီမဟုတ်လား မေးလာသည်၊ ကျမကခေါင်းငြိမ့်ပြလိုက်တော့၊ သမီးကကျောင်းမှာလည်း မေမေနေကောင်းအောင်ဆုတောင်းနေတာ၊ ဒီအချိန်မှာ အဖေကြီးရောက်လာပြီး ကျမကိုဆေးသောက်ဖို့လာပြောသည်၊ ကျမဆေးသောက်နေတဲ့ အချိန်မှာတော့ သမီးလေးကနောက်က ‘မေမေ ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး ပျောက်ပျောက်’ လို့ဆုတောင်းတာကြားလိုက်ရတော့ ကျမအံ့သြမိသည်၊ သမီးလေးဘယ်လိုသိလည်းလို့မေးတော့ ဖေဖေဆီကသိတယ်လို့ပြောသည်၊ ပြီးနောက်သမီးလေးက ကျမကိုဘုရားခန်းထဲခေါ်လာခဲ့သည်၊ သမီးလေးက မေမေအတွက်ဆုတောင်းပေးမယ် ဒီမှာထိုင်ကြည့်ဆိုပြီး “ဗုဒ္ဓံပူဇေမိပါဘုရား၊ ဓမ္မံပူဇေမိပါဘုရား၊ သံဃာပူဇေမိပါဘုရား၊” “သမီးအမေ နေမကောင်းတာပျောက်ကင်းပါစေဘုရား” ဆိုပြီး ဘုရားကို ဦးသုံးကြိမ်ချ ရှစ်ခိုးနေသည်ကို တွေ့ရသည်၊ ကျမ ထပ်အံ့သြမိသည်၊ အဖေကြီးက သင်တတ်တာပဲလို့ စိတ်ထဲကမှတ်လိုက်သည်၊ 
သမီးဆုတောင်းလိုက်ပြီမေမေ မေမေနေကာင်းသွားပြီမဟုတ်လား၊ 
ဟုတ်တယ်သမီး မေမေလုံးဝနေကောင်းသွားပြီ၊ ကျမဘဝတွင်မထင်မှတ်သော ဝမ်းသာကြည်နူးမှုတစ်ခုကို ခံစားလိုက်မိသည်၊ ပီတိနဲ့ယှဉ်သော ဝမ်းသာမှုမျိုးဖြစ်ပါသည်။ 

သမီးလေးကို ကျမ ပွေ့နမ်းမိလိုက်သည်၊ ချစ်လိုက်ရတာ သမီးရယ်၊ 
သမီးလေးက ကျမကိုကြည့်ပြီး၊ 
သဝေထိုးမရေး မေ၊ သဝေထိုးမရေး မေ၊ မေမေ၊ 
သရေးနောက်ပစ် သဲ၊ သရေးနောက်ပစ် သဲ၊ သဲသဲ၊ လို့ဆိုပြီး ပုံကလေးထုတ်ပြသည်၊ 
ပုံထဲမှာတော့ အမေနှင့်ကလေးပုံကို သမီးဆွဲထားပြီး နှစ်ယောက်ကြားမှာ အသဲပုံကြီးဆွဲထားသည်၊ အမေပုံအောက်မှာ မေမေလို့ မြန်မာလိုရေးထားပြီး၊ ကလေးပုံအောက်မှာ သဲသဲလို့ဆိုပြီးရေးထားသည်၊ 
ကျမ အံ့သြမှုတွေပို၍ပို၍ ထပ်၍ထပ်၍ ဖြစ်နေရသည်၊ သမီးလေးမြန်မာစာတတ်နေသည်၊ စနေ တနင်္ဂနွေများတွင် သမီးကိုထိန်းရသောအဖေကြီးသည် သမီးကိုထိန်းရင်းနဲ့ စာတွေပါသင်ပေးခဲ့သည်ပါလား၊ 
မေမေဒီမှာလာကြည့် သမီးလေးသည်ကျမကို သူ့အဖေကွန်ပြူတာဆီခေါ်သွားသည်၊ အဖေကြီးသည် သူ့ကွန်ပြူတာကို သမီးကိုသုံးခွင့်ပေးထားသည်၊ သမီးလေးသည် ကွန်ပြူတာကို သူ့ကွန်ပြူတာအလား တစ်ခုပြီးတစ်ခုဖွင့်ချသည်၊ နောက်ဆုံး program တစ်ခုကိုဖွင့်ပြသည်၊ 

ကကြီးရေးက၊ ကကြီးရေးချ ကာ၊ ခခွေးရေးခ ခခွေးရေးချ ခါ၊ 

ဒီမှာထပ်ကြည့်ဦးမေမေ ဆိုပြီးနောက်ထပ်အထဲကိုဝင်ပြသည်၊ 

ဖိုးသာထူး ဖိုးသာထူး 

အလွန်ဝတဲ့ ဖိုးသာထူး၊ 

ဖိုသာထူးက ဗိုက်ပူပူ…. 

ဖိုးဝကြီးနဲ့တူ…………. 

အခြေခံမှုလတန်း မြန်မာစာ သင်ခန်းစာ program လေးပါပဲ၊ 
အဖေကြီးတစ်ယောက် ဒီsoftwareလေးကို ဘယ်ကရတာပါလိမ့်၊ ကျမတွေးမိသည်၊ တော်တော်လည်း တတ်နိုင်တဲ့အဖေ ကလေးကိုမြန်မာပီသစေချင်တယ်တဲ့လား။ 

သမီးလေးက ထပ်ပြီး၊ ဒီမှာကြည့်ဦးမေမေ ဆိုပြီး facebook ကိုဖွင့်လိုက်သည်၊ 
ကျမ 'ဟင်'ကနဲဖြစ်သွားရသည်၊ သမီးလေး facebook ဖွင့်တတ်ကြည့်တတ်ပါသလား၊ သူအဖေကလည်း auto on ထားပေးသည်၊ 
facebook တစ်ခုကိုဖွင့်လိုက်သည်၊ older post ကိုသွား၍၊ 
'ဒီကညီမလေးကိုကြည့် မေမေ' 
မြန်မာကလေးလေးတစ်ယောက်၊ မျက်မှန်နဲ့ကောင်မလေး၊ မှုလတန်း မြန်မာစာ သင်ခန်းစာတွေကို ရွတ်နေသည်၊ ကဗျာတွေကိုရွတ်နေသည်၊ ပြီးတော့ ၃၈ဖြာ မင်္ဂလာကိုရွတ်နေသည်၊ ‘ဒီညီမလေးက အမေရိကားကလေ မေမေ၊’ သမီးလေးကဆိုသည်၊ 
ဒီကလေးမလေးကို ကျမသိပါသည်၊ နယူးယောက်က အဖေကြီးသူငယ်ချင်းရဲ့ သမီးလေး၊ နယူးယောက်မှာမွေးတဲ့အမေရိကန်သူ မြန်မာမလေး၊ တော်လိုက်ကြတဲ့ ကလေးတွေ၊ အဲဒီ့သမီးလေးက အင်္ဂလိပ်လို ပုံပြောလည်းအရမ်းကောင်းသည်ဟုဆို၏၊ မြန်မာပုံပြင်တွေကို အင်္ဂလိပ်လိုပြန်ပြောလေ့ရှိသည်ဟု သိရသည်၊ မဟုတ်မှာလွဲရော အဖေကြီး သူ့သူငယ်ချင်းဆီက နည်းတွေရကြတာဖြစ်လိမ့်မည်၊ စိတ်ထဲမှာ တော်တော် တော်တဲ့အဖေတွေလို့ဆိုပြီး၊ ကျမပထမဦးဆုံးအကြိမ် ချီးကျူးမိလိုက်ပါသည်။ 
…………………………………………………………………..

ကျမနေကောင်းပျောက်သွားခဲ့ပါပြီ၊ 

စိတ်မကောင်းတာတွေလည်း ပျောက်သွားခဲ့ပါပြီ၊ 
လိုချင်တာတွေ ဖြစ်ချင်တာတွေကို လက်တွေ့နဲ့ကြည့်တတ်အောင် သမီးလေးနှင့်သူ့အဖေကသင်ပေးခဲ့ပါသည်။ 
စင်္ကာပူတွင် လုပ်သောတရားပွဲများကို ကျမတို့မိသားစုလိုက် တရားနာသွားဖြစ်ကြပါသည်၊ 

Co-existence, Harmony, Peaceful life ကို နေနိုင်ရန် Confession မှသည် Forbearance, Forgiveness နောက်ဆုံး Forgetness လုပ်နိုင်ရမယ်ဆိုတဲ့ သီတဂူဆရာတော်ဘုရားကြီး၏ တရားကိုနာခဲ့ရပါသည်။ 

ဒီကျောင်းရက်ရှည်ပိတ်ရက်မှာတော့ ကျမတို့မိသားစုလေး မြန်မာပြည်ကိုအလည်ပြန်ပါမည်၊ 
သမီးလေးက အဖိုးအဖွားများကို တွေ့ချင်သလို၊ အဖိုးအဖွားများကလည်း သမီးလေးကို တွေ့ချင်ပါလိမ့်မည်။ 
သမီးလေးပြောနေသော ရွေဘုရားကြီး (ရွေတိဂုံဘုရား)ကို သူကိုယ်တိုင်ဖူးရပါတော့မည်။ 

မိုးတွေတအားရွာနေတယ်၊ ရေတွေကြီးနေတယ်တဲ့၊ 
ဘယ်လိုပဲဖြစ်နေပါစေ ကျမတို့ကတော့ ဒီကျောင်းပိတ်ရက်ကို မြန်မာပြည်ကိုသွားကြမည်ဖြစ်ပါသည်၊ 
မြန်မာပြည်ဟာ ကျမတို့တိုင်းပြည်မဟုတ်ပါလား။ 

ပြောရဦးမယ် ခုကျမဘေးနားမှာ အိပ်နေတဲ့သူဟာ ကျမယောက်ျား မဟုတ်ပါဘူး၊ 
ကျမရဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ 

နောက်ထပ်ပြောရဦးမယ်၊ ကျမသမီးလေးကြီးလာရင် 
ဘယ်သူပြောနိုင်မလဲ 
ဧရာဝတီကို ကယ်တင်မဲ့သူဆိုတာ 
ဟုတ်တယ် ကျမတို့က တကယ် ဘာမှ မလုပ်နိုင်ခဲ့ဘူးလေ မလုပ်နိုင်ကြဘူးလေ။ 



ပြီးပါပြီ။ 

............................................................. 


မှတ်ချက်၊ 


တစ်စုံတစ်ယောက်ရဲ့ အဖြစ်ကို၊ 
ကျနော်ခံစားရေးပေးလိုက်ပါသည်။ 
မှားခဲ့သည်ရှိသော် ကျနော်ည့ံ၍ ဖြစ်ပါသည်။ 
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။