Saturday, November 27, 2010

လူသစ် အပိုင်း(၂)


(၄)
ကမ္ဘာကြီး၏ပြောင်းလဲလာမှုကို လူသစ်များရော ပါရာဆက်များပါ အစဉ်တစိုက်လေ့လာ ကြည့်ရှုနေကြသည်၊ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းနှစ်ခုပေါ်တွင်ဖြစ်ပေါ်နေသော ခရမ်းအိုရောင်ဖြစ်ထွန်းမှုသည် တဖြည်းဖြည်းပိုဆိုးလာကြောင်း လူသားနှစ်ရပ်လုံးကသိရှိခဲ့သည်၊ ထိုအဖြစ်အပျက်ကို သိရှိပုံနှင့် ချည်းကပ်ပုံခြင်းတော့ မတူကြပေ၊ ခရမ်းအိုရောင်ဖြစ်ထွန်းမှုဆိုသည်မှာ ကမ္ဘာကြီး၏ အိုဇုန်းလွာပေါက်ပြဲမှုကြီးမားလာပြီး နေနှင့် အာကာသတို့မှာ အမျိုးအမည်မသိ ရောင်ခြည်များ စွမ်းအင်များဝင်ရောက်လာပြီး ကောင်းကင်တွင် ခရမ်းအိုရောင်ဖြစ်ထွန်းကာ လူနှင့်သတ္တဝါတို့နေထိုင်၍ မရသောဒေသများ ဖြစ်လာခြင်းဖြစ်သည်၊ ဝင်ရိုးစွန်းဒေသများတွင်စဖြစ်ခဲ့ခြင်းဖြစ်သည်။

ဝင်ရိုးစွန်း ခရမ်းအိုရောင်ဖေါက်ပြန်မှုကြောင့် ပါရာဆက်တို့၏ အလက်စကာနှင့် နယူးဇီလန်တွင်ရှိသော မြေပြင်စခန်းနှစ်ခု ပျက်သုန်းရသည်၊ ထိုစခန်းနှစ်ခုသည် ဗိဇနှင့်မျိုးပွားခြင်းဆိုင်ရာ ကိစ္စများကို အဓိက စမ်းသပ်မှုများပြုလုပ်ရာ နေရာများဖြစ်သည်၊ ဒီအန်အေတစ်ခုမှပင် မျိုးပြန်လည်ပွားယူနိုင်သော နည်းပညာအချို့ ဆုံးရှုံးရသည်၊ အော်တိုဒီ(AutoD) ခေါ်သော အချိန်ကိုက်အလိုအလျှောက် မျိုးပေါက်နိုင်သော ဒီအန်အေဘူးများလည်း ပျောက်ဆုံးကုန်၏၊ ၎င်းတို့ကို ထိုစခန်းနှစ်ခုရှိ အင်ကူဗေတာထဲတွင် ထည့်သိမ်းထားခြင်းဖြစ်သည်၊ တကယ်တော့ အော်တိုဒီ(AutoD) များကို ပါရာဆက်များ လူဦးရေနည်းလာသောအချိန်တွင် အသုံးပြုရန်ဖြစ်သည်။ ဝင်ရိုးစွန်း ခရမ်းအိုဒေသသို့ ဘယ်လိုမှ သွားလာ၍ မရသဖြင့် ပါရာဆက်တို့ လက်လျှော့ခဲ့ရသည်။

ပါရာဆက်များမှာ လူသစ်များနဲ့ အဓိကဆက်သွယ်ရခြင်း အကြောင်းရင်းသုံးချက်ရှိလေသည်၊ အစားအသောက်အသစ်များဖန်တီးရန်၊ လောင်စာစွမ်းအင်သစ်ကိုဖန်တီးရန်နှင့် နောက်ဆုံးအရေးကြီးအချက်မှာ မ အရေအတွက်လျှော့နည်းလာခြင်းကြောင့် မျိုးဆက်ပွားရန် အခက်အခဲဖြစ်လာရခြင်းကို ဖြေရှင်းရန်အတွက်ဖြစ်သည်။

လူသစ်များသည် ပါရာဆက်များ သူတို့လိုဘအရ လာကြခြင်းကိုသိရှိသော်လည်း၊ ဘိုးဘွားဘီဘင်တို့၏ အဆက်အနွယ်များဖြစ်၍၎င်း၊ မိမိတို့၏ မေတ္တာ စေတနာ မုဒိတာ များဖြင့် အရာရာအေးချမ်းမှုရှိစေရန် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ပါရာဆက်တို့၏ သဘောသဘာဝအရ ရှင်သန်ရေး၊ အောင်နိုင်ရေး၊ အရယူနိုင်ရေးအတွက် မတရားလုပ်တတ်ခြင်း၊ ကလိန်ကကျစ်လုပ်တတ်ခြင်း လိုအပ်လျှင်အကြမ်းဖက်တတ်ခြင်း များကို သိရှိထား၍လည်းဖြစ်သည်။

ပါရာဆက်များလိုအပ်သော ပထမနှင့် ဒုတိယအချက်များကို အသိပညာဖလှယ်ခြင်းနှင့် လက်ရှိနည်းပညာများကို ပေးအပ်ခြင်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်၊ တတိယလိုအပ်ချက်မှာမှု ယနေ့လူသစ်များအတွက် အတော်အခက်အခဲကြုံရသည်၊ သဘာဝနှင့် နေထိုင်မှုစနစ်ပြောင်းလည်းနေပြီဟူ၍ ငြင်းရင်လည်း လက်ခံကြမဲ့သူများမဟုတ်၊ ပါရာဆက်တို့ စစ်လက်နက်များကို ပြင်ဆင်ထားပြီးဆိုတာကိုလည်း လူသစ်တို့သိရှိနေခဲ့သည်။

လူသစ်တို့ လူအဖွဲ့အစည်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို လူသစ်တို့ထဲမှ ဉာဏ်အနိမ့်ဆုံးသူများနဲ့ သီလနည်းသူများကသာ တာဝန်ယူထားကြ၍ တိုင်းတစ်တိုင်းတွင် ဆယ်ဦးရေထိသာရှိသည်၊ အဓိကအားဖြင့် ဘေးအန ္တရာယ်နှင့် တိရိစ္ဆာန်တို့၏ရန်မှ ဟန့်တားရန်ဖြစ်သည်၊ လူသစ်တို့သည် ရန်ဖြစ်ခြင်း စစ်ဖြစ်ခြင်းမရှိ၊ အငြင်းပွားခြင်းပင်မရှိပဲ ငြိမ်းချမ်းစွာ နေထိုင်ကြသူများဖြစ်သည်။

(၅)

ပြောင်းလဲလာသော ပထဝီမြေကြီး သဘာဝအရ လူသစ်များနေထိုင်သော ယနေ့ကမ္ဘာတွင် သေရည်သေရက် မူးယစ်ဆေးဝါးမရှိတော့ပေ၊ လူ၏ ပုံသဏ္ဍန်ပြောင်းလဲလာခြင်းကြောင့် မိန်းမ ယောင်္ကျား ကာမတဏုာစိတ်များမရှိကြ၊ မျိုးပွားခြင်းသည်လည်း အသွင်ပြောင်းလဲလာသည် မျိုးပွားချင်သော အမသည် အန့ံတစ်မျိုးထွက်ပေါ်စေသည်၊ ထိုအန့ံသည် သက်ဆိုင်သော အဖိုထံသို့သာ ရောက်ရှိသွားပြီး မျိုးပွားစပ်ယှက်ခြင်းပြုသည်၊ သာမန်အချိန်များတွင်ထွက်ပေါ်ခြင်းမရှိပေ၊ ကလေးမွေးဖွားခြင်းကိုလည်း အားလုံးအတွက်ကောင်းမွန်သော လုပ်ရပ်တစ်ခုအဖြစ် အမတို့ကခံယူကြသည်၊ ထိုအတွက် လူသစ်များအဖို့ နှစ်ပါးသီလကိုလုံခြုံပြီးဖြစ်ကြသည်၊ အမြဲတစေသီလကိုစောင့်ထိန်းကြပြီး လူသစ်များသည် အများအားဖြင့် ငါးပါးသီလမြဲသူများဖြစ်လာကြသည်။

လူသစ်များသည် သီလကိုအခြေခံပြီး ဘဝရတနာ ခုနှစ်ပါးဖြင့် ကျင့်ကြံနေထိုင်ကြသည်၊ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်သည်ကိုအခြေခံပြီး ဖြစ်ခြင်းပျက်ခြင်း အစားထိုးခြင်းကိုသိရှိ၍ အထူးရှုမှတ်ခြင်းနှင့် အချိန်မှန်အားထုတ်မှုဖြင့် နေ့စဉ်နှင့်အမျှ သစ္စာတရားကို ရှာဖွေနေကြသူများဖြစ်ကြသည်။

စစ်မက်ဖြစ်ပွားခြင်းကိုရှောင်ရှားရန် မေတ္တာ ဘာဝနာပွားကြသော်လည်း၊ တစ်ဘက်ပါရာဆက်များသည် အဆိုးတရားများဖြစ်သည်ကို လက်ခံနိုင်လောက်သည့် ဉာဏ်လည်းမရှိကြချေ၊ ထိုအပြင် အယူအဆ မတူကြသူများ ဖြစ်ကြသည်။

ပါရာဆက်များ၏ ဉာဏ်အဆင့်သည် လူသစ်များထဲမှာ ဉာဏ်အဆင့်အနိမ့်ဆုံးသူများထက်ပင် အဆ တစ်ထောင်လောက်ကွာခြားလေသည်၊ ထိုအတွက်လူသစ်များ ကောင်းမွန်ခြင်းတရားကို ရှေ့ရှုကာ လူကြီးလူငယ်ကျားမ မရွေး စုဝေး တိုင်ပင်ကြသည်၊ နောက်ဆုံး အမျိုးသမီး သူတော်ကောင်းများ ပေါ်လာခဲ့သည်၊ လူသားတို့ ဆင်းရဲဒုက္ခမှ ကင်းဝေးရန် ၎င်းတို့ကို အလှူအဖြစ် ပါရာဆက်များထံသို့ ပေးလှူလိုက်ကြလေသည်။

“ဤသို့ ငါ၏ကုသိုလ်ကောင်းမှုသည် ငါ၏ သစ္စာလေးပါး ကိုသိရှိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ခြင်းကို ပါရမီတစ်ရပ်အဖြစ် အထောက်အကူ ဖြစ်ပါစေသတည်း။”

(၆)
လူသစ် အမျိုးသမီးများသည် သဘာဝမတူသော လူသားမျိုးနွယ်နှစ်ခုကို ပေါင်းစပ်ရန်အတွက် ပါရာဆက်များ၏ စမ်းသပ်မှုအမျိုးမျိုးကို ခနီ ္တတရား မေတ္တာတရားတို့ဖြင့် သည်းခံခဲ့သည်၊ နောက်ဆုံး သေဆုံးမှုအနည်းငယ်ဖြင့် မျိုးပွားနိုင်မှုအောင်မြင်ခဲ့သည်၊
ပါရာဆက်များသည်လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ လောက်ထဲက သဘာဝလွန်မျိုးစပ်ခြင်းများကို စတင်ခဲ့ကြပြီဖြစ်သည်၊ ထိုသဘာဝလွန်မျိုးစပ်ခြင်းများသည် မျှခြေပြောင်းလည်းမှုဖြစ်ရခြင်း အကြောင်းတရပ်ထဲတွင်ပါဝင်သည်၊ ပါရာဆက်များထဲတွင် မ အရေအတွက်ကျဆင်းလာရခြင်းသည် တဏှာမောဟ များကြောင့် မ အတွက် ရန်ဖြစ်ကြခြင်း၊ အကောက်ကြံကြခြင်း၊ မ များကိုအနိူင်အထက်ပြုခြင်း နှိပ်စက်ခြင်းများကြောင့်၊ ပါရာဆက် မိန်းမတို့သည် အသက်တိုခြင်း၊ ကိုယ့်ကိုကိုယ်လုပ်ကြံကြခြင်းများ များစွာပြုလုပ်ခဲ့ကြသောကြောင့်လည်းဖြစ်သည်။

ထိုပါရာဆက်များနှင့် လူသစ်တို့ပေါင်းစပ်မွေးလာသူများကို ‘ပါမန်း(pamen) ကြားလူ’ ဟုခေါ်ကြသည်၊ ယနေ့တွင် ပါရာဆက်များ၏ လူငယ်မျိုးဆက်သစ်များတွင် ပါမန်းများသည် တစ်ဝက်ကျော်မကရှိနေပြီဖြစ်သည်၊ ကြားလူ ပါမန်းများ၏ ဉာဏ်အဆင့်သည် ပါရာဆက်များထက် များစွာသာလွန်နေ၍ ပါရာဆက်လူငယ်လောကတွင် ပါရာဆက်လူငယ်များနှင့် ပါမန်းလူငယ်တို့၏ ပဋိပက္ခများရှိလာကြသည်။

ကြားလူ ပါမန်း များ၏အမှားအမှန်ကိုခွဲခြားနိုင်ခြင်းနှင့် သစ္စာတရားကိုကျင့်ကြံနိုင်သောဉာဏ် အဆင့်မြင့်ကြသည့်အတွက် လူသစ်များကို ပိုမိုနှစ်သက်သူများဖြစ်ကြသည်၊ လူသစ်များနှင့် ဆက်သွယ်ဆွေးနွေးမှုများကို အစဉ်တစိုက်ပြုလုပ်လာကြသည်၊ လူသစ်များက ပါမန်းများကို အကျင့်သီလကိုအခြေခံကာ အဓိပတိတရားလေးပါးနှင့် အညီနေထိုင်ရန် တိုက်တွန်းခဲ့သည်၊ အဓိပတိတရားလေးပါးသည် လက်ရှိဘဝကိုရော နောင်ကိုပါ ကောင်းမွန်ခြင်းကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

ပါရာဆက်လူငယ်များနှင့် ပါမန်းလူငယ်တို့၏ ပဋိပက္ခများကို အစဉ်ပြေမှုရှိစေရန်အတွက်၊ လူသစ်များနှင့် ပါရာဆက်တို့ သဘောတူညီကြပြီး ပါမန်းလူငယ်အချို့ကို လူသစ်များဆီသို့ ရွေ့ပြောင်းစေခဲ့သည်၊ ထူးဆန်းစွာပင် လပိုင်းအတွင်းမှာပင် ပါမန်းများသည် လူသစ်များနှင့်မခြားနေထိုင်လာနိုင်ကြသည်၊ လူသစ်များလေ့လာအားထုတ်မှုများကိုလည်း လုပ်ကိုင်နိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ပါမန်းများသည် လူသစ်များအဖြစ်ကူးပြောင်းနိုင်သူများဖြစ်သည်။

ပါရာဆက်များမှာ လူသစ်များနဲ့ အဆက်အသွယ်များလာသောအခါ လူသစ်များသည် ပါရာဆက်များကို မှန်ကန်သောနေထိုင်မှု မှန်ကန်သောအကျင့်ကိုကျင့်ကြံခြင်းများကို လမ်းညွှန့်ပြသနိုင်ခဲ့သည်။

ပါရာဆက်များကလည်း လူသစ်များကိုကြည့်ပြီး အကျင့်သီလ၏အရေးပါမှုကို သိရှိလာကြသည်။

(၇)

တစ်ချိန်တွင် ပါရာဆက်ထဲမှ မြန်မာအမျိုးအနွယ် ဒေါက်တာထွန်းအောင်ကျော် ၈(ရှစ်) ဆိုသူသည် ကိုဘအေးနှင့်ဆက်သွယ်လာသည်၊ မြန်မာလူသစ်များနဲ့တွေ့ရ၍ ဝမ်းသာကြောင်းပြောနေသော်လည်း သူ့ပုံက လူသစ်များ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ရွံသလိုလို တစ်ခုခုဖြစ်မှာကို ကြောက်နေသည်၊ တကယ်တော့ လူသစ်များကို အမျိုးအနွယ်ခွဲရတာခက်သည် အသွင်ပုံသဏ္ဍန်အနည်းငယ်သာ ကွဲပြားသောကြောင့်ဖြစ်သည်၊ ထုတ်ဖေါ်ပြောမှသာသိနိုင်သည်၊ ယနေ့လူသစ်တို့ကလည်း မျိုးနွယ်ကိုအဓိကမထားတော့ပေ။

ဒေါက်တာထွန်းအောင်ကျော် ၈(ရှစ်) တွင် ထွန်းအောင်ကျော် ၉(ကိုး) ဆိုသော သားတစ်ယောက်ရှိသည်၊ ၎င်းသားသည် လူသစ်အမျိုးသမီးနှင့် ရထားသော ကြားလူ ပါမန်း တစ်ယောက်ဖြစ်သည်၊ သူသားထံမှသိရှိရသော လူသစ်တို့ နေထိုင်ကျင့်ကြံမှုကို ပိုမိုစိတ်ဝင်စားလာသဖြင့် ကိုဘအေးနှင့်ဆက်သွယ်လာခြင်းဖြစ်သည်။

လူသစ်များ လက်တွေ့ကျင့်ကြံနေသော မှန်ကန်သောအကျင့်သည်၊ တကယ်တော့ အသစ်မဟုတ်ပေ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ လောက်ကပေါ်ပေါက်ခဲ့ပြီး လူအများလက်ခံယုံကြည်ခဲ့သော ယုံကြည်မှုတစ်ခုပင်ဖြစ်သည်၊ ယနေ့အခါမှ လူသစ်များအားလုံး လက်တွေ့ကျင့်ကြံနေကြသည်မှာ ဒေါက်တာထွန်းအောင်ကျော်အတွက် အ့ံသြမှုတစ်ခုပင်ဖြစ်သည်။

လူသစ်များ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြခြင်းသည်၊ ယနေ့ မင်္ဂတိုင်း နှင့် ပုဂတိုင်းဟု သိနေကြသော တစ်ချိန်က မြန်မာပြည်နဲ့ဆက်စပ်လျှက်ရှိနေသည်။

ထိုအချိန်က မြန်မာပြည်သည် သစ္စာလေးပါးတရားတော်ကို လမ်းညွှန်ဟောကြားခဲ့သော တရားတော်များကို ယုံကြည်ကိုးကွယ်ကြသူများ အများဆုံးရှိသောနေရာဖြစ်ခဲ့သည်။
ကိုဘအေး မြန်မာပြည်နှင့်ပတ်သက်၍ ဒေါက်တာထွန်းအောင်ကျော်ကို ရှင်းပြခဲ့သည်၊

(၈)
မြန်မာပြည်ကြီးတွင်ဖေါက်လွဲ ဖေါက်ပြန်ဖြစ်နေချိန်မှာပင် ထိုအရာများကို အကြောင်းအကျိုး သဘောအရကြည့်မြင်ပြီး အကျင့်သီလမြဲ၍ သစ္စာလေးပါးတရားတော်ကို ကိုယ်တိုင်လက်တွေ့ ကျင့်ကြံသောသူများရှိခဲ့ကြသည်၊ မြန်မာပြည်မှ ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တို့သည် သတ္တဝါအပေါင်း လူသားအပေါင်းတို့ကောင်းကျိုးအတွက် ကမ္ဘာ့မျှခြေပျက်နေချိန်မှာပင် ကမ္ဘာအရပ်ရပ်သို့ထွက်ခွာကာ မှန်ကန်သောကျင့်ကြံမှုများကိုဖြန့်ဝေခဲ့သည်။

အဖျားကြည်၍အလယ်နောက်မည်ဟူသော ဆိုစကားနှင့်အညီ ကော့ကေးဆပ်သားများသည် လျှင်မြန်စွာပင် ဉာဏ်အဆင့်တွေကိုရရှိခဲ့သည်၊ ထိုမှတဆင့် ယနေ့ကမ္ဘာတွင် လူသစ်အားလုံးသည် တူညီစွာ ထိုအကျင့်ကို ကျင့်ကြံနေခြင်းဖြစ်ပေသည်။ ထိုကြောင့် လူသစ်တို့၏ ယနေ့ကမ္ဘာသည် မေတ္တာပွားများခြင်း၊ သနားကြင်နာစိတ်များရှိခြင်း၊ သူတစ်ပါးချမ်းသာအောင်မြင်မှုကို မနာလိုမရှုစိတ်မရှိခြင်း၊ ချစ်ခြင်းမုန်းခြင်းဟု၍မရှိပဲ သတ္တဝါများအပေါ် လျစ်လျူရှုမှတ်ပွားခြင်းတို့ဖြင့် အေးချမ်းလျှက်ရှိသည်။

ကိုဘအေး ဆက်ရှင်းပြသည်မှာ ယနေ့ကမ္ဘာပေါ်ရှိ အတိုင်းတိုင်းအပြည်ပြည်တွင် ဉာဏ်ပညာပိုင်းတွင််အဆင့်မြင့်နေသူများ အများအပြားရှိသည်၊ ဤ မင်္ဂတိုင်းမှာပင် စေတီထဲတွင်နေထိုင်ကြသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ အများအပြားရှိသည်၊ လူသစ်များသည် ဉာဏ်ပညာအဆင့်အတန်းပေါ်မူတည်၍ အချင်းချင်း စိတ်ဖြင့်ဆက်သွယ်မှုများပြုလုပ်ကြသည်ကများသည်။

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များထဲတွင် ရှေးဘဝတို့ကိုပြန်မြင်နိုင်သော၊ ဖြစ်လတ္တံတို့ကိုသိနိုင်သော၊ အပါယ်ငရဲတို့ကို မြင်နိုင်ကြားနိုင်သော၊ နတ်ပြည်တို့ကို မြင်နိုင်ကြားနိုင်သော ထိုးထွင်းဉာဏ်ရနေသူများ အများအပြားပင်ရှိသည်၊ ၎င်းတို့၏အဆုံးအမ ညွှန်ပြမှုများဖြင့် ငါတို့သည် မှန်ကန်သောအကျင့်ကို ကျင့်ကြံနေရခြင်း ဖြစ်သည်ဟု ကိုဘအေးကထပ်ရှင်းပြသည်။

ဖြစ်ခြင်းပျက်ခြင်း အစားထိုခြင်းတို့တွင် အစားမထိုးနိုင်သောအခါ ပျက်သုန်းရသည်၊ လူသားများပင်မဆိုနဲ့ ကမ္ဘာသည်လည်း ပျက်သုန်းရပေလိမ့်မည်၊ ကမ္ဘာပျက်ခြင်းနှင့်အတူ အပါယ်ဘုံသားတို့လည်း ပါဝင်သွားရပေမည်၊ ကမ္ဘာပျက်ချိန်တွင် မြင့်မြတ်သောဘုံသို့ရောက်နေဘို့လိုသည်၊ လူအဖြစ်ပျက်စီးရသည်ရှိသော် ကောင်းသောဘုံသို့တက်နိုင်စေရန်၊ ယခုကမ္ဘာ ပြန်လည်ရှင်သန်သည်ဖြစ်စေ၊ ကမ္ဘာသစ်ဖြစ်ပေါ်သည်ဖြစ်စေ၊ ကမ္ဘာသစ်သည် အသုညကမ္ဘာဖြစ်ပေလိမ့်မည်၊ ထိုအတွက် ထို ကမ္ဘာတွင် လူအဖြစ်ပြန်လည်ဖြစ်မြောက်ကာ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ဆက်လက် ကျင့်ကြံရပါလိမ့်မည်။

(၉)

ဒေါက်တာထွန်းအောင်ကျော်တစ်ယောက် ဆုံးဖြတ်ချက်ရဲရဲချလိုက်သည်။
ပါရာဆက်များနှင့် ငါတို့မြန်မာလူမျိုးများသည် တော်တော်ဆိုးဆိုးဝါးဝါးပြူလုပ်ခဲ့ကြပါလား၊

ငါသည်လည်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ထံ ဆည်းကပ်၍ သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြံတော့မည်။

ခရမ်းအိုရောင်ဖုန်းလွှမ်း၍ ကမ္ဘာကြီးပျက်သုန်းခဲ့လျှင်လည်း သူတွင် အကြောက်တရားတို့ ရှိတော့မည်မဟုတ်ပေ။

ပြီးပါပြီ။

အားလုံးကိုကျေးဇူးတင်လျှက်၊



အမှားအယွင်းတို့ရှိခဲ့သော် စိတ်ကူးယဉ်ထားသော ကျနော်၏အမှားပင်ဖြစ်ပါသည်။

ဓမ္မာစေတီကျောက်စာကို ဖတ်ခဲ့ရခြင်း၊ ဆရာတော် ဦးသုနန္ဒ၏ တရားတော်များကို နားကြားမိခြင်းမှ အခြေခံပါသည်။


ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်။

22 comments:

ahphyulay said...

အော.....
ကျွန်တော်သိလိုက်ပြီ၊
ပြောချင်တာကိုလေ....၊
လူတွေ အမိုက်တိုက်ကြီးထဲက ရုန်းထွက်နိုင်အောင်
လုပ်ရမဲ့  တရားလေး...။
ဒါပေမဲ့  ပို့ (စ)ထဲက အတိုင်း
တကယ်မဖြစ်ဘူးလို့  မပြောနိုင်ဘူးနော်၊
ကျွန်တော်တို့  အရိုးမဆွေံးခင်လေ...။

လသာည said...

အဲဒီ DNA နဲ့ အိုဇုန်းလွှာပေါက်ကွဲမှုတွေကို တော်တော် စိတ်ဝင်စားနေတာ။

လူသစ် လူဟောင်း..
ကမ္ဘာသစ် ကမ္ဘာဟောင်း..
အနိစ္စသဘောတရား
စိတ်၏ငြိမ်းချမ်းမှု..သို့မဟုတ် နိဗ္ဗာန်

ဆက်စပ်သွားတာလေး တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။။ ကျေးဇူးတင်ပါတယ်

Anonymous said...

လူသစ် တွေရဲ့ ဇာတ်လမ်းတွေ၊ ပါရာဆက် တို့ရဲ့ သိပံဇာတ်လမ်းတွေ သီးသန့်ရေးပေးရင် ကောင်းမယ်၊
Min Min

Anonymous said...

ဖြစ်ပျက်နေကြတာ

ကိုဇော် said...

ကြိုက်တယ် ကြိုက်တယ်။
မမြင်ရပေမဲ့ သူ့တို့ အထဲက စွမ်းအားတွေလည်း အများကြီး ရှိနေသေးတယ်နော်။
လူသစ် . . . လူသစ်. . .

ရွှေရတုမှတ်တမ်း said...

ပါရာဆက် သည် ဖာရာဖောဆက် နှင့် ညီအမတော်ပါသလား၊
ပါမန်း သည် ငမန်းနှင့် ဆက်သွယ်မှုရှိမရှိ ဖြေကြားပေးပါခင်ဗျား

မောင်မိုး said...

အကြားအမြင်တွေကို ခန့်ခန့်ငြားငြားပုံဖော်နိုင်တာ လေးစားပါတယ်ဗျာ။ သိပ်ကောင်းတဲ့ ပို့စ်ပါပဲ။

ဂျစ်တူး ( မုံရွာ ) said...

တည်ငြိမ်အေး----ရေ
ဖတ်တော့သွားတယ်ဗျ-ဒါပေမဲ့မရှင်းဘူးဗျ-
ဥာဏ်မမှီဘူးလို့ အရိုးသားဆုံးဝန်ခံပါတယ်။
အတွေးတွေအရေးတွေကတော့သူတပါးနဲ့မတူတာတော့
လက်ခံမိပါတယ်။နားမလည်ပေမဲ့ အဆုံးသတ်သွားတော့
ရင်ထဲမှာပေါ့ သွားသလိုဘဲခံစားရတယ်-အဆက်တွေသိပ့် မရေးနဲ့ ဗျာ-ရင်ထဲမှာအရမ်းခံစားရလို့ 

ချော(အစိမ်းရောင်လွင်ပြင်) said...

လူသစ်တွေနဲ့ ပါးမန်းတွေကို လှိုက်လှဲစွာကြိုဆိုပါတယ်. အဟောင်းထဲက ဖောက်ထွက်ဖို့ဆို အသစ်တွေကို ကြိုဆိုဖို့လဲ လိုအပ်ပါသေးတယ် မဟုတ်ရင် အဟောင်းထဲ တစ်ဝဲလည်လည်ဖြစ်နေဦးမှာ..
ရေးသားပုံဖော်ထားတာလေး ကောင်းတယ်
နောက်ဆုံးတော့ တရားကသာ လူ့လောကကြီးကို သာယာအောင်လုပ်ပေးနိုင်မယ် ထင်ပါရဲ့

Anonymous said...

မှန်တာဝန်ခံရရင် ခုမှကြားမိသိမိတဲ့ အကြောင်းအရာ
လေးတွေ တော်တော်များများပါတာမို့  ၂ ကြိမ်လောက်
ဖတ်ယူခဲ့ရပါတယ်။ ကျွန်မအတွက်တော့ ပညာပိုရသွား၊
မသိသေးတာတွေကို သေချာသိချင်လာတဲ့ ဆန္ဒတွေ
ပွားလာတာမို့ ဖတ်ရတန်မိတဲ့ Post ကောင်းလေးဖြစ်
ခဲ့ပါတယ်။ :)
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်.:)

Anonymous said...

ကျနော်တော့ သဘောကျတယ်ဗျာ
ဒီဝတ္ထုကို သေသေချာချာ ဖြည့်ပြီး ရုပ်ရှင်ရိုက်နိင် ခဲ့ရင် သစ္စာလေးပါး တရားတော် ကို ကမ္ဘာက ပိုပြီး သိလာမှာပဲ။ လူအချင်းချင်း သတ်ဖြတ်တာ အကျင့်သီလဖောက်ပြန်လို့
ပါတ်ဝန်ကျင် တွေ ပျက်စီးတာကို ပီပြင်အောင် ဖော်ကျူး နိင်ခဲ့ရင် ဗုဒ္ဓတရားတော် ရေရှည်တည်တံ့နိင်မယ် ထင်တယ်ဗျာ။

မြစ်ကျိုးအင်း

nyan gyi said...

စောင့်ထိန်းဘို့ဆိုတာ တကယ်တော့ မလွယ်ဘူး၊
မနေ့ကအလုပ်ထဲကတစ်ယောက်ကို ဆဲနေမိသေးတယ်၊
သိပ္ပံဇာတ်လမ်းတွေရေးပေးပါလား

စော(အဝါရောင်မြေ) said...

တရားထဲမှာ ရှိပြီးသားနဲ့  စိတ်ကူးပေါင်းထားတာပဲနော်...။
ပြောခြင်တာတွေ ပေါင်းရေးထားတာ
ဒါပေမယ့် အရိမေတ်တေယျ မပွင့်ခင်တော့ ကမာကြီးက မပျက်သေးဘူး
ဆုပ်ကပ်နှင့် တက်ကပ်.(သက်တမ်းတိုတာ ပြန်ရှည်လာတာ) ပဲရှိဦးမှာပါ။
10 နှစ်တန်းကနေ သီလပြန်စောင့်ရင် အသက်ရှည်လာဦးမှာ
ဘုရားတစ်ဆူနှင့် တစ်ဆူကြားထဲ ပစ်စေက ဗုဒ်ဓတွေလဲ ပွင့်ဦးမှာလေ...။ ကြားကာလက ကမ်ဗာငယ်ပဲ ပျက်ဦးမှာ...

Anonymous said...

အကျင့်သီလမြဲအောင်တော့ ကြိုးစားဖြစ်တယ်၊
အဲဒီလောက်ထိ မတွေးနိုင် မလုပ်နိုင်သေးပါဘူး၊
Lwin

blackcoffee said...

ရေးထားတာလေးက ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် လူသစ်တွေ ပေါ်လာရင်တော့ ကြိုဆိုရမှာပေါ့...

Anonymous said...

ကိုဆိုစီ ရေ

ကွန်မကောင်းလို့ ကိုကြီးကျောက် မန့်တာဖတ်ပြီး ရီပြန်သွားပါတယ်

လူဟောင်းလေး
ရွှေစင်ဦး

အဖြူရောင်နတ်သမီး said...

လူသစ်တွေပေါ်ရင်လည်း...
လူကောင်းများသာပေါ်ပါစေ..
လူဆိုးများကို အလိုမရှိပါ....

Anonymous said...

စမ်းသပ်ခြင်း

blackroze said...

စိတ်ဝင်စားစရာကောင်းပါတယ်...
နှစ်သက်ပါတယ်...

Anonymous said...

ဇာတ်သိမ်းကောင်းပါတယ်၊
ကိုကြီးကျောက်ပြောသလို၊ နောက်ဆုံးတော့ အားလုံးဟာ အနတ္တ တွေပါပဲ။
ယမင်း

Anonymous said...

အရေးသားကောင်းသလို စိတ်ဝင်စားစရာလဲကောင်းပါတယ်။ ဇာတ်သိမ်းမှ စဖတ်ဖြစ်လို့ တပိုင်းတစနဲ့ရပ်ပြီး အစက ပြန်ဖတ်မိပါတယ်။ တွေးအား၊ ရေးအားကို အားကျမိပါရဲ့..

ပေါ့ဆိမ့် said...

စိတ်ဝင်စားစရာကောင်းတဲ့ ထူးခြားတဲ့ ၀တ္တုတိုလေးပါ။ လာဖတ်တာ နောက်ကျနေတဲ့ အတွက် ဆောရီးပါ။။